ကမ္ဘာ့ဒုတိယမြောက် အကြီးဆုံး ထရပ်ကားထုတ်လုပ်သူ ကုမ္ပဏီဖြစ်တဲ့ Volvo ဟာ လျှပ်စစ်စွမ်းအင်သုံး မောင်းသူမဲ့ ထရပ်ကားအသစ် တစီးကို စက်တင်ဘာလ ၁၂ ရက်နေ့က ပြသခဲ့ပါတယ်။
ယခု မောင်းသူမဲ့ ထရပ်ကားဟာ အွန်လိုင်းရောင်းဝယ်ရေးကဏ္ဍ e-commerce တိုးတက်လာမှုကို အထောက်အကူ ပြုနိုင်မှာဖြစ်ပြီး၊ လော်ရီယာဉ်မောင်း ရှားပါးလာမှုကိုလည်း ဖြေရှင်းပေးနိုင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ယာဉ်မောင်းအခန်း လုံးဝ မပါဝင်တဲ့ Volvo မောင်းသူမဲ့ထရပ်ကားကို လက်ရှိမှာ စမ်းသပ်ထုတ်လုပ်နေဆဲ ဖြစ်ပြီး၊ ဈေးကွက်တွင်း ဝင်ရောက်လာမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။ ဆိပ်ကမ်းတွေနဲ့ ကုန်လှောင်ရုံကြီးတွေမှာ စတင် အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
“အနာဂတ်တချိန်အထိ စတီယာရင်ဘီးနောက်မှာ လူသားယာဉ်မောင်းကို ဆက်လက်မြင်တွေ့ရဦးမယ်လို့ ယုံကြည်ထားပါတယ်။ အလားတူပဲ လုပ်ငန်းသုံး မောင်းသူမဲ့ ယာဉ်တွေကို နယ်နမိတ်ကန့်သတ်ထားတဲ့ ဧရိယာတချို့မှာ စတင်မြင်တွေ့ရဖို့ ရှိပါတယ်” လို့ Volvo ရဲ့ နည်းပညာအရာရှိချုပ် Lars Stenqvist က ဘာလင်မှာ ပြုလုပ်ခဲ့တဲ့ Conference မှာ ပြောကြားခဲ့ပါတယ်။
ထရပ်ကားနဲ့ ကုန်စည်ပို့ဆောင်ရေးဟာ မောင်းသူမဲ့ယာဉ် နည်းပညာကို အဓိက အသုံးချနိုင်မယ့် နယ်ပယ်တခု ဖြစ်ပြီး ပို့ဆောင်ဆက်သွယ်ရေး ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
ယာဉ်သွားယာဉ်လာ ထူထပ်တဲ့ လမ်းမတွေအစား ခန့်မှန်းရလွယ်တဲ့ အဝေးပြေး လမ်းမတွေဟာ မောင်းသူမဲ့ယာဉ် နည်းပညာအတွက် ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။
ယာဉ်မောင်းအခန်း မပါဝင်တဲ့ မောင်းသူမဲ့ ထရပ်ကားကို Volvo က “Vera” လို့ အမည်ပေးထားပြီး၊ နောက်ခန်းတွဲ မရွေး တပ်ဆင်နိုင်ကာ အလေးချိန် ၃၁ တန်အထိ ဆွဲနိုင်မှာဖြစ်ပါတယ်။
“Vera ဆိုတာ ယုံကြည်မှုလို့ အဓိပ္ပာယ်ရပြီး အနာဂတ်မှာ ကျနော်တို့ ယုံကြည်မှုရှိတယ်လို့ ဆိုလိုတာလည်း ဖြစ်ပါတယ်” လို့ Volvo Trucks ရဲ့ မောင်းသူမဲ့နည်းပညာ ဦးစီးမှူးဖြစ်သူ Michael Karlsson က ယာဉ်ကို ပြသတဲ့ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
ကားထုတ်လုပ်သူ ကုမ္ပဏီတွေဟာ တိုးတက်လာတဲ့ မောင်းသူမဲ့နည်းပညာကို ထရပ်ကားနဲ့ စက်မှုလုပ်ငန်းသုံး အကြီးစားယာဉ်တွေမှာ အသုံးပြုဖို့ ကြိုးပမ်းလျက်ရှိပြီး၊ လျှပ်စစ်ကားတွေ ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ Tesla ကုမ္ပဏီကလည်း မောင်းသူမဲ့ထရပ်ကားကို ၂၀၁၉ ခုနှစ်မှာ ထုတ်လုပ်ရောင်းချဖို့ အစီအစဉ်ရှိကြောင်း မနှစ်က ကြေညာခဲ့ပါတယ်။
Uber ကတော့ မောင်းသူမဲ့ ထရပ်ကား ထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီး၊ ရိုးရိုးမောင်းသူမဲ့ မော်တော်ကားတွေ ထုတ်လုပ်ဖို့ပဲ အာရုံစိုက်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လက ပြောကြားခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အိပ်ရာအဖြစ်ကော ရုံးခန်းအဖြစ်ပါ အသုံးပြုနိုင်မယ့် မောင်းသူမဲ့ကားရှေ့ပြေးမော်ဒယ်ကို Volvo ပြသ
Ref: Reuters