၁၉၄၂ ခုနှစ် ဧပြီ ၃ ရက် (၁၃၀၃ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၄ ရက်၊ သောကြာနေ့) မနက် ၁၁ နာရီ လောက်မှာ ဂျပန် လေယာဉ် အစင်း ၈၀ လောက်ဟာ မန္တလေးမြို့ကို ပိုက်စိပ်တိုက် ဗုံးကြဲပါတယ်။ ဒါဟာ ဒုတိယအကြိမ်ပါ။ မတ်လ ဆန်းတုန်းကလည်း မန္တလေး နန်းတွင်းကို ဂျပန်က ဗုံးလာကြဲခဲ့ပါသေးတယ်။
အခု ဒုတိယ အကြိမ်မှာတော့ စစ်ရေးနဲ့ မပတ်သက်တဲ့ လူနေရပ်ကွက်တွေထဲ အထိ ဗုံးတွေ ကြဲရုံသာမက စက်သေနတ်တွေနဲ့လည်း ပစ်ခတ်တာကြောင့် တမြို့လုံး မီးဟုန်းဟုန်း တောက်ပြီး လူအသေအပျောက် ကလည်း များလှတယ်။ ဒါကြောင့် တမြို့လုံးဟာ ဆောက်တည်ရာ မရဖြစ်ပြီး ပြေးကြတာပေါ့။
အများစုက မန္တလေးရဲ့ အနောက်ဘက်ကမ်းမှာ ရှိတဲ့ စစ်ကိုင်း မင်းဝံတောင်ရိုးဘက် ပြေးကြတာပါ။ မြို့မငြိမ်းတို့ မိသားစုက ကနဦး အစမှာ မေမြို့ (ပြင်ဦးလွင်) ကတဆင့် ကျောက်မဲ နမ့်ဟူးတောင်း ရွာဘက် ပြေးကြတယ်။ နောက်တော့ ပိုလုံခြုံပြီး အသွားအလာ လွယ်ကူမယ့် စစ်ကိုင်းနဲ့ မင်းကွန်းကြားက ဝါးချက်ရွာ မြောက်ဘက်၊ မင်းကျောင်းအထက်၊ မဃချောင်မှာ ခိုလှုံကြတယ်။
မြို့မ အသင်းသားတွေ အတော်များများ ကလည်း စစ်ကိုင်းတောင်ရိုးမှာပဲ စစ်ခိုကြတော့ တောင်ခြေ နိဗ္ဗိန္ဒချောင်မှာ မြို့မ အသင်း သား ကြီး ဦးရင်လေးက လက်ဖက်ရည်ဆိုင် ဖွင့်ပါတယ်။ သူ့ဆိုင်က လူစုံတယ်။ မြို့ထဲနဲ့လည်း အဆက်အစပ် မပြတ်ဘူး။ ဒီတော့ သတင်းစုံတယ်။ စစ်သတင်းတွေကို ကြားသိရ၊ လူချင်း တွေ့ဆုံကြပြီး ဖလှယ်ကြတယ်။ ဒါကြောင့် မနက်လင်းတာနဲ့ တောင်ခြေ နိဗ္ဗိန္ဒချောင်က ဦးရင်လေး လက်ဖက်ရည်ဆိုင်မှာ ဆုံကြတာပါပဲ။
မြို့မငြိမ်းကလည်း ဝါးချက်ကနေ နိဗ္ဗိန္ဒချောင်ကို ရောက်လာတယ်။ စစ်ကိုင်းတောင်ရိုးမှာ ကူးချည် သန်းချည်၊ တောင်ပေါ် တောင် အောက် တက်ချည် သက်ချည်၊ ဧရာဝတီမြစ်တွင်း ငှက်တစီးနှင့် စုန်ချည်ဆန်ချည် ဆိုတော့ နေထွက်ကနေ နေဝင်အထိ စစ်ကိုင်း တောင် ရဲ့ အလှကို ရှုမငြီးနိုင်အောင် ခံစားရတာပေါ့။ ဒီမြင်ကွင်း၊ ဒီအလှတွေက ဘယ့်နှယ် အနုပညာရှင် တယောက်ရဲ့ရင်ကို မလှုပ် ခတ်ဘဲ ရှိပါ့မလဲ။ စာသားလေးတွေ ရလာတယ်၊ သံစဉ်လေးတွေ ရလာတယ်၊ တေးသွားလေးတွေ ရလာပါမယ်။
ရာသီကလည်း နွေဦးပေါက်ကာလ၊ တောင်ရိုးပေါ်က သစ်ပင် သစ်တောတွေမှာ ရော်ရွက်ဝါတွေက လှုပ်လီလှုပ်လဲ့။ သရဖီ၊ ရင်ခတ်၊ ကံ့ကော် ပန်းရနံ့တွေကလည်း သင်းလို့၊ ရွက်ဝါကြွေတဲ့ ဖူးငုံ ဖူးတံလေးတွေမှာလည်း ပုရစ်ဖူး အစို့အညှောက် လေးတွေ ထွက်လို့၊ မြစ်တွင်းမှာလည်း လှိုင်းလေးတွေ လူးနေတဲ့အပေါ် ငွေရည်လူးလို့။ ဟိုဘက်မှာ သဲသောင်ပြင်မှာလည်း ဟင်္သာမောင်နှံက ချစ်ခွန်း တွေ တင်လို့။
ဒါကြောင့် မြို့မငြိမ်းက စစ်အနိဋ္ဌာရုံတွေ မေ့လောက်အောင် လှပတဲ့ စစ်ကိုင်းတောင် မြင်ကွင်းကို မန္တလေးသူ မန္တလေးသားတွေ၊ အထူးသဖြင့် မြို့မ အသင်းသူ အသင်းသားတွေ ရင်အခုန်ဆုံး ကာလဖြစ်တဲ့ စစ်အတွင်း တနှစ်သော အတာကူးတဲ့ နှစ်ဦး ဂိမှာန်နွေမှာ ရေးဖွဲ့ခဲ့ပါတယ်။
“စစ်ကိုင်းတောင်” သီချင်းမှာ မြို့မငြိမ်းဟာ ခြေဆင်းပိုင်းမှာကို အသံအရ၊ အသွားအရ၊ စာသား အရကိုပဲ သီချင်း တပုဒ်စာမျှ လှပစွာ ခံစားဖွဲ့သီခဲ့တာလည်း အမှတ်တရပါ။ ဒီသီချင်းကို လေဘာတီ မမြရင်နဲ့ ဓာတ်ပြားသွင်းခဲ့ ပါသေးတယ်။ ခြေဆင်းပိုဒ်ကို လေဘာတီ မမြရင်သီဆိုတဲ့ အခါ –
“ပုညရှင်…စေတီတော် အပါး”၊ စစ်ကိုင်းတောင် အထက်နားဆီက “အခြေတလွှား ရှုလိုက်ရင်လေး”၊ ဧရာဝတီ နတ်ပန်းချီဆေးစုံ ကွန့်လေရော့သလား၊ “ဝဲလက်ယာ အတွန့်တွန့်၊ အလွန့်အလွန့် ကျက်သရေ ဆောင်ပါပေသည်” တဲ့။
နောက် ဒီသီချင်းကိုပဲ ကိုအံ့ကြီးက သီဆို ဓာတ်ပြားသွင်းတော့ “စစ်ကိုင်းတောင်” အထက်နားဆီက၊ အရှေ့တလွှား ရှုလိုက်ရင်လေ၊ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ နတ်ပန်းချီဆေးစုံတွေ ကွန့်ရော့ လေသလား။ ဝဲလက်ယာ အတွန့်တွန့် နဲ့၊ အလွန့်အလွန့် သာယာပါပေသည်” တဲ့။
နောက်ပိုင်း ပြန်လည် သီဆိုကြသမျှကို ကိုအံ့ကြီးမူ အတိုင်း ဆိုကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မူလ လေဘာတီ မမြရင် သီဆိုတာ ထဲက အတိုင်း စစ်ကိုင်းတောင် အထက်နားဆီက အခြေတလွှား ရှုလိုက်ရင် လေ၊ ဧရာဝတီလို့ပဲ ပြန်လည် မူမှန်ဖော်ထုတ်ပါတယ်။
မြို့မငြိမ်းတို့ စစ်ကိုင်းမှာပဲ စစ်ခိုလှုံနေကြ၊ လင်းတာနဲ့ တောင်ခြေက နိဗ္ဗိန္ဒချောင် ဦးရင်လေး လက်ဖက်ရည်ဆိုင်မှာ ဆုံကြရင်း သူငယ်ချင်း မိတ်ဆွေ တစု အနီးအနားက သရက်ပင်ဆိပ်ကို ဆင်းပြီး ရေချိုး ရေကူးကြပါတယ်။ ဒါမှမဟုတ် မြို့မငြိမ်းက သူ့သမီးကြီး မတင်ကြည် မြစ်ဆိပ်ဆင်းပြီး အဝတ်လျှော်တိုင်း အစောင့်အရှောက် အနေနဲ့ လိုက်ပါကာ မြစ်ဆိပ် ရှုခင်းကို မြင်တွေ့နေကျပါပဲ။ ဒီအခါ မြစ်ဆိပ်မှာ မြင်တွေ့နေရတဲ့ လူ့သဘာဝ အလှုပ်အရှား ရှုမျှော်ခင်းကို စာသား စကားလုံးတွေနဲ့ အနုစိတ် ခြယ်မှုန်း လိုက်ပါတယ်။
“စစ်ကိုင်းတောင်” သီချင်းမှာတော့ သက်ငြိမ် မြင်ကွင်းကျယ် ရှုခင်းပန်းချီကားချပ် ပေါ့။ “ရေချိုးဆိပ်” သီချင်းကတော့ လှုပ်ရှားနေတဲ့ မြင်ကွင်းရဲ့ အနုစိတ် စုတ်ချက်တွေ အလင်းအမှောင်တွေနဲ့ သရုပ်ဖော် ပန်းချီကားပေါ့။
အနုစိတ်လိုက်ပုံများ “ကုန်းပေါ်က လူပျိုလေး” ရဲ့ “ကြွက်သား အဖု အဖု ထုထုပြီး ခရာချင်စရာ” က အစ ဂျပန်ခေတ် ဆပ်ပြာရှားပါးလွန်းလို့ ရရာ အမဲဆီတွေနဲ့ ဖြစ်သလို ဆပ်ပြာချက်ပြီး သုံးရတဲ့ ဆပ်ပြာက အမြှုပ်မထွက်လို့ စိတ်တိုနေတဲ့ အဘွားအိုက ယောက် ယက် ခတ်ပျော်မြူးနေတဲ့ အပျိုမလေးတွေကို မျက်စိနောက်လို့ စောင်းမြောင်းပြီး ဆပ်ပြာကို ရမယ်ရှာ ဆဲဆိုလိုက်တဲ့ မြင်ကွင်းအထိ ပါဝင်တယ်။
အလင်းအမှောင်နဲ့ ပတ်သက်ပြီး “ညနေ ချမ်းဆီ၊ နေရီရီ ရောင်ခြည် ဆွတ်ဖျန်း ကမ္ဘာတဝန်း အလှဆန်းကြယ်”တဲ့ အချိန်မှာ ရေချိုးဆိပ်က “နုမျစ် ပျိုရွယ် ဖူးသစ်စ လုံမယ်” မြန်မာမလေးတွေရဲ့ ရင်ရှားထားတဲ့ ညိုညက်ညက် အသားအရေကို “ရွှေစီတဲ့ ပတ္တမြား၊ နေခြည်နဲ့ အသား၊ ပနံစားတယ်”လို့ပင် ပြောင်မြောက်စွာ အနုစိတ် ဖွဲ့နွဲ့ခဲ့ပါတယ်။
စစ်ကိုင်းတောင်ခြေ၊ ဧရာဝတီမြစ်ကမ်းက ဂျပန်ခေတ် ရေချိုးဆိပ်မြင်ကွင်းမှာ သရက်ပင်ဆိပ်နဲ့ ဇရပ်ဖြူ၊ ဇရပ်ဖြူနဲ့ ရှင်ဖြူ ရှင်လှ၊ ရှင်ဖြူ ရှင်လှနဲ့ ဝါးချက်၊ အစုန်အဆန် ကူးခပ်နေတဲ့ ငှက်သမ္ဗန်တွေရဲ့ “အိဖွဲ့အိဖွဲ့” ငှက်ခတ်သံလေးက အစ ပါအောင် စပ်ဆိုထားတဲ့ “ရေချိုးဆိပ်” သီချင်းကလည်း “စစ်ကိုင်းတောင်” သီချင်းလိုပဲ မြို့မငြိမ်းရဲ့ ဂျပန်ခေတ် စစ်အတွင်းမှာ သင်းပျံ့ကြိုင်လှိုင်စွာ ဖူးပွင့် လာ တဲ့ ပန်းနှစ်ပွင့်ပါပဲ။ ။