“အရင်တုန်းကတော့ ပန်းချီကားတွေကို ကျနော်က ရေးဆွဲတာပါ။ သို့ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်လောက် နောက်ပိုင်း ကျနော် ပန်းချီကား မရေးရရင် မနေနိုင်အောင် ဖြစ်ဖြစ်လာတယ်။ ပန်းချီကားတွေက ကျနော့်ကို ရေးရေးနေသလို ခံစားလာရ တယ်။ ဒါနဲ့ ပန်းချီကားတွေ ရေးဆွဲ ဖြစ်ခဲ့တယ်။ အဲဒီပန်းချီကားတွေကို ‘The Paintings that always try to paint me´ ဆိုပြီး ပြပွဲလည်း လုပ်ဖို့ ပြင်ဆင်နေတယ်”လို့ ပန်းချီနေအောင်ရှုက ပြောပါတယ်။
စကား အပြောအဆို ခိုင်မာပြတ်သားသလို ဖော်ဖော်ရွေရွေ ပြောဆို ဆက်ဆံတတ်တဲ့ နေအောင်ရှုဟာ သူယုံကြည်ရာ ကို အလျှော့ပေးတတ်သူ မဟုတ်၊ စိုက်လိုက်မတ်တတ် ဆုပ်ကိုင်ထားတတ်သူပါ။ သူ ရေးဆွဲတဲ့ ပန်းချီကားပေါင်း များစွာထဲမှာ တွေ့နေကျ မြင်နေကျ Realism အခြေပြု ပန်းချီကားတွေ တွေ့ရသလို မထင်မှတ်တဲ့ ရှုထောင့်နဲ့ Concept အခြေပြု ပန်းချီကားတွေလည်း တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် သူ့ရဲ့ လက်ရာတွေထဲမှာ တွေ့ရတာက အရောင်တွေရဲ့ တွန်းထိုး ရုန်းကြွမှု (Contrast) ၊ အသွေး (Tone) အားကောင်းကောင်းနဲ့ ထူးခြားတဲ့ Composition (ဖွဲ့စည်းမှု) တွေနဲ့ ရေးဆွဲဖန်တီးတင်ပြတာပါ။ အရောင်စုံ သုံးစွဲပြီး တခါတရံ ကောလာ့ဂျ် လုပ်ပြီး လှပအောင် ရေးဆွဲ တင်ပြတဲ့ ပန်းချီကားများ ဖြစ်ပေမယ့် နေ့စဉ်လူမှု ဘဝရဲ့ မွန်းကျပ်မှုကိုလည်း ထင်ဟပ် နေတာလည်း တွေ့ရပါတယ်။
အခု သူပြောတဲ့ သူ့ကိုရေးဆွဲနေတဲ့ ပန်းချီကားတွေအကြောင်း လေ့လာကြည့်ပါတယ်။ သူ့ရဲ့ ပန်းချီကား အများစုဟာ ခေတ်ပြိုင် လူမှုဘ၀ နေ့စဉ်တွေ့ကြုံနေရတာတွေနဲ့ ဆက်စပ်နေပြီး၊ လူတွေဘယ်လို ခံစားနေရတယ်၊ ဘာကို မျှော်လင့် နေကြတယ် ဆိုတာနဲ့ သူတို့ ဘာကို စိုးရိမ်နေကြတယ် ဆိုတာကို ပုံဖော်ထင်ဟပ် ပြတာ တွေ့ရပါတယ်။
ဘာတွေက ခင်ဗျားကို ပန်းချီရေးဆွဲစေတာလဲ၊ ဒါမှမဟုတ် ခင်ဗျားကို ရေးဆွဲနေတာလဲ၊ ပြောပါဦး။
ကျနော်က သာမန်လူတဦးပါ။ ကျနော် ခံစားနေရသလို ကျနော့် ဝန်းကျင်က လူတွေလည်း ခံစားနေရတာကိုလည်း ကျနော် ခံစားနေရ တာပေါ့။ အဲဒီ ခံစားနေရမှုက ကျနော့်ကို တွန်းအားပေးနေတယ်၊ ဒါမှမဟုတ် အဲဒီခံစားမှုက ကျနော့်ကို ဒယဥ့်တိုက်ဆွဲခေါ်ပြီး ခံစားရစေတဲ့ အပြင် ပန်းချီရေးဆွဲဖန်တီးမှု ဖြစ်စေခဲ့တယ်။ ဒါဟာ ကျနော့်ကို ရေးဆွဲတဲ့ အကြောင်း ပါပဲ။
တကယ်တော့ အနုပညာ လက်ရာတခုရဲ့ တန်ဖိုးရင်းကို ချဉ်းကပ် လေ့လာတဲ့ အခါ ပထမ သူ့ရဲ့ အနုပညာလက်ရာ ရယ်၊ ဒုတိယ သူ့ရဲ့ ဖန်တီးကျွမ်းကျင်မှုရယ်၊ တတိယ သူ့ရဲ့ ဖန်တီးမှု အတွေးစိတ်ကူးနဲ့ ပြီးတော့ စတုတ္ထ ဖန်တီးသူ အနုပညာရှင်ရဲ့ ဘ၀ ဖြတ်သန်းမှုကိုလည်း ထည့်သွင်းလေ့လာပြီး အကဲဖြတ် သုံးသပ်နိုင်မှသာ ပိုမိုပြည့်စုံ နိုင်မှာ ဖြစ်ပါတယ်။ အနုပညာရှင်တွေကို သူတို့ဖြတ်သန်းရာ ခေတ်ကာလက တွန်းအားပြု နိုးကြွ ဖန်တီးစေ တာတွေလည်း ရှိပါတယ်။ အဲဒီလိုပဲ နေအောင်ရှုကို သူ့ရဲ့ ဖြတ်သန်းနေရမှုက ပန်းချီရေးဆွဲဖို့ နှိုးဆွပေးနေပါလိမ့်မယ်။
ပန်းချီဆရာ နေအောင်ရှုကို ၁၉၇၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှာ မိဘများဖြစ်တဲ့ ပန်းချီဆရာကြီး ခရေမြင့်သန်းနဲ့ အမိ ဒေါ်အေးရီတို့က မွေးဖွားခဲ့ပါတယ်။ သူဟာ ဖခင်ဖြစ်သူရဲ့ ပန်းချီ အနုပညာဖန်တီးမှုနဲ့ ငယ်စဉ်ကတည်းက နီးစပ်ခဲ့သူလို့ ဆိုနိုင်ပါ။ သူ့မှာ မွေးချင်းမောင်နှမ ၄ ဦး ရှိပြီး သူက သားကြီးသြရသ ဖြစ်ပါတယ်။ ညီဖြစ်တဲ့ အောင်သစ် ကလည်း ရှေးဟောင်းပန်းချီကို စိတ်ဝင်စားတဲ့ ပန်းချီဆရာတဦးပါ။
ပန်းချီနေအောင်ရှုဟာ မြောက်ဥက္ကလာပမြို့နယ်၊ (ခ) ရပ်ကွက်၊ မြရတနာ ၃ လမ်း၊ အမှတ် ၃၆၈ မှာ ဇနီး မခင်သန်းနွယ်၊ သမီးလေး မကြယ်စင်လင်းလက်တို့နဲ့ အတူ နေထိုင်လျက် ရှိပါတယ်။
သူဟာ ၁၉၉၂ ကနေ ၁၉၉၄ ခုနှစ် အထိ ရန်ကုန်ပန်းချီပန်းပုကျောင်းကို တက်ရောက်ခဲ့ပြီးနောက် အုပ်စု ပန်းချီ ပြပွဲ ပေါင်းများစွာ ပါဝင်ပြ သခဲ့ပြီး အလှူအတန်းအတွက် ရည်ရွယ်ပြုလုပ်တဲ့ ပြပွဲများစွာမှာ ပါဝင်ပြသ လှူဒါန်းခဲ့ပါတယ်။ သူဟာ ဘ၀ တလျှောက်လုံး ပန်းချီရေးဆွဲခြင်းနဲ့ ရပ်တည်နေတဲ့ ပန်းချီဆရာ တဦးပါ။
သူဟာ အာဏာရှင်ခေတ်၊ စစ်အာဏာရှင် ခေတ်နဲ့ ယခု ပြုပြင်ပြောင်းလဲရေး ခေတ်တွေကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါ တယ်။ သူ့ကို ရေးရေးနေတဲ့ ပန်းချီကားတွေထဲမှာ အခြေခံလူတန်းစားတို့ရဲ့ လူမှုဝန်းကျင် ခံစားရမှုတွေ၊ လိုလားမှုတွေ အသေအချာ ပါဝင်နေပါတော့တယ်။ ။