အရှေ့နဲ့ အနောက်တို့ရဲ့ အနုပညာ ဖန်တီးတင်ပြမှုကို နှိုင်းယှဉ်လေ့လာကြည့်မိစေခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံသား Valeriy Kirsanov ရဲ့ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ ရှိ Gallery 65 မှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၈ နဲ့ ၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ ပြပွဲကို ကြည့်ရှုရင်း အရှေ့နဲ့ အနောက်တို့ရဲ့ အနုပညာ ဖန်တီးမှုကို နှိုင်းယှဉ် မိစေခဲ့တဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၈ ကနေ ၂၉ အထိ ပြသခဲ့တဲ့ ဥရောပ ရုပ်ရှင်ပွဲတော်ကို ပြန်လည် မှတ်မိလိုက်ပါတယ်။ ရုပ်ရှင်ဖန်တီး တင်ပြမှုမှာတေ့ အရှေ့တိုင်းရဲ့ အနုပညာ ဖန်တီးတင်ပြမှုက Package သဘောဆန်ပြီး အနောက်တိုင်းရဲ့ အနုပညာဖန်တီး တင်ပြမှုက Event ဆန်တာကို သတိပြုမိပါတယ်။ အရှေ့တိုင်းရဲ့ ဖန်တီး တင်ပြမှုက ဝတ္ထုဇာတ်လမ်း ဇာတ်ကြောင်းကို အခြေခံပြီး အနုပညာမြောက် တင်ပြတာ ဖြစ်ပြီး အနောက်တိုင်းရဲ့ အနုပညာ ဖန်တီးတင်ပြမှုက အဖြစ်အပျက်ကို အခြေခံပြီး အနုပညာမြောက် တင်ပြတာ ဖြစ်ပါတယ်။
ဥပမာ ကိုရီးယား ဇာတ်လမ်းတွဲများ၊ အိန္ဒိယ ဇာတ်ကားများ၊ တရုတ် ရုပ်ရှင်ကားများ စတဲ့ အရှေ့တိုင်း ရုပ်ရှင်ကားများ မှာတော့ ဇာတ်လမ်း ဇာတ်အိမ်ခိုင်ခိုင်နဲ့ အစအဆုံး တင်ပြတာ ဖြစ်ပြီး၊ ဥရောပ ရုပ်ရှင်ဇာတ်ကား တချို့ကတော့ အဖြစ်အပျက် တခုကို အခြေခံပြီး ဆက်စပ်ဖန်တီးတင်ပြတာ တွေ့ရပါတယ်။ ဥပမာ ပြင်သစ်၊ ဂျာမနီ နှစ်နိုင်ငံတွဲဖက် ရိုက်ကူးထားတဲ့ Diplomacy ရုပ်ရှင်မှာဆိုရင် ဒုတိယကမ္ဘာစစ် နှောင်းပိုင်းကာလ ပြင်သစ်နိုင်ငံမှာ တပ်စွဲထားတဲ့ ဂျာမန် စစ်ဗိုလ်ချုပ် တစ်ဦးဟာ မြို့တော်ပါရီရဲ့ ထင်ရှားတဲ့ အဆောက်အအုံတွေကို လက်နက်မချမီ ဖျက်ဆီးခဲ့ရမယ် ဆိုတဲ့ ဟစ်တလာရဲ့ အမိန့်ကို ဘယ်လို တော်လှန်ခဲ့တဲ့ အကြောင်း ရိုက်ကူးတင်ဆက်ထားခြင်းမျိုး ဖြစ်ပါတယ်။
ဓာတ်ပုံပြန်ခန်းမှာ ပြသထားတဲ့ အနုပညာ လက်ရာက ဓာတ်ပုံ ၆ ခုဖြစ်ပြီး ပေးချင်တဲ့ Message (သတင်းစကား) က တခုတည်းပါ။ သို့ပေမယ့် လက်ရာတခုချင်းစီရဲ့ Composition (ဖွဲ့စည်းမှု) က ငြိမ်သက်နေပြီး သိမ်မွေ့နေတာ တွေ့ရပါတယ်။ လက်ရာတိုင်းမှာလည်း “ပဋိပက္ခ ဝိရောဓိက တဖန်ပြန်လာ၊ နှီးနွယ်ဆက်စပ်သူများကြား၊ ရုံးခန်းတွေထဲမှာ၊ လမ်းတွေပေါ်မှာ။ သူတို့မှာ ထောင်ချီတဲ့ ဆွဲဆောင်မှု မျက်နှာဖုံးများ ရှိနေရဲ့။ တောင်စောင်းပေါ်က အိမ်ထဲမှာ ကျနော်တို့ နေထိုင်။ တနေ့လုံး မြို့ကလေးကို ကြည့်နေပြီး ကလေးငယ်တွေ အိမ်ပြန်လာချိန်ကို စောင့်လင့်နေမိတယ်” လို့ ဖော်ပြပေးထားပါတယ်။
“do not tell anyone, how much, you have with you” လို့ စာတမ်းထိုးထားတဲ့ ဓာတ်ပုံထဲမှာတော့ အဖြူတခြမ်း အမည်းတခြမ်း ဖြစ်နေတဲ့ နောက်ခံရှေ့မှာ ပန်းခြံတွေမှာ သုံးလေ့ရှိတဲ့ လက်တွန်းလှည်းလေး တခုပေါ်မှာ ကလေးကစားစရာ စီဒီ ဂိမ်းအမျိုးမျိုးနဲ့ ကလေးဓာတ်ပုံလေး တခု ထည့်ထားတဲ့ photo stand ၊ ကစားစရာ အရုပ်ကလေးများ၊ လက်ဝါးကပ်တိုင် သဖွယ်ဖြစ်နေတဲ့ လက်ကိုင်ပါ သစ်သားချောင်းတခုလည်း ရှိနေပြီး အနီးနားက အမှိုက်ပုံး အနက်ထဲမှာတော့ လန်းလန်ပွင့်နေတဲ့ ပန်းပွင့်တွေ ရှိနေတာ တွေ့ရပါတယ်။ ဓာတ်ပုံကို ကြည့်ရင်း ပန်းပွင့်ကလေးတွေလို ကလေးငယ်များ၊ သူတို့ ပျော်ရွင်တဲ့ ဂိမ်းများနဲ့ ဘာသာရေး ပုံရိပ်တွေပါ ရောထွေး ဆက်စပ် ခံစားရစေတာ တွေ့ရပါတယ်။
“do not wet wounds with water” လို့ စာတမ်းထိုးထားတဲ့ ဓာတ်ပုံထဲမှာတော့ ကော်ဖီဆိုင် တခုအတွင်းမှာ ဒဏ်ရာတွေ ဗရပွ ဖြစ်နေတဲ့ အမျိုးသမီးကြီး တဦးကို ပြတင်းပေါက်တွေရှေ့က စားပွဲတွေကြားမှာ တွေ့ရပါတယ်။ အနာတွေကို ရေမစိုစေနဲ့ လို့ အဓိပ္ပာယ်ရတဲ့ စာသားနဲ့ ဓာတ်ပုံကို ဆက်စပ်စဉ်းစား ရစေတာ တွေ့ရပါတယ်။ တခြား ဓာတ်ပုံတွေထဲမှာလည်း ဘာသာရေး၊ လူ့သား ရှင်သန်မှု၊ ရပ်တည်မှုနဲ့ မေတ္တာတရား၊ သနား ညှာတာမှုနဲ့ ဘ၀ အဓိပ္ပာယ် စတာတွေကို ဆက်စပ်ခံစားရစေတဲ့ တင်ပြမှုတွေပါပဲ
ပြပွဲကိုရောက်ရှိလာတဲ့ ကဗျာဆရာ၊ ဓာတ်ပုံဆရာ လင်းအောင်ပြည့်ကလည်း အမှတ်တရ မှတ်တမ်းမှာ ကဗျာလေး တပုဒ်နဲ့ ဖော်ကျူးထားတာတွေ့ရပါတယ်။
ငြိမ်းချမ်းရေးဟာ
ကလေးငယ်တွေဆီက စတင်ပြီး
ကလေးငယ်တွေဆီမှာပဲ အဆုံးသတ်တယ်၊
တကယ် ငြိမ်းချမ်းဖို့ ဆိုရင်
ကျည်ဆန်တွေကို ဘေးဖယ်
ကလေးငယ်တွေကို ထွေးပွေ့
ကမ္ဘာကြီးမှာ အဖြူရောင်နေ့တွေ တွေ့နိုင်စေ
လို့ Valeriy Kirsanov ၏ ဓာတ်ပုံများကို ခံစားရေးဖွဲ့ထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံသား အနုပညာ စုဆောင်းသူ ကိုစစ်နဲ့ ကိုကျော်သူထွန်းတို့ ဦးဆောက် ကျင်းပတဲ့ ဆွစ်ဇာန်လန် နိုင်ငံသား Valeriy Kirsanov ရဲ့ ဓာတ်ပုံပြပွဲက အနုပညာ ကူးလက်ဆက်နွှယ်မှုတွေလည်း ရရှိစေတဲ့ ပြပွဲ တခုဖြစ်တယ်လို့ သုံးသပ်ရပါတယ်။