Culture

သုတေသီ မောင်မောင် နဲ့ မြန်မာနိုင်ငံ ဓာတ်ပြားသမိုင်း

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ ဓာတ်ပြားသမိုင်းနဲ့ ပတ်သက်ရင် အကျွမ်းကျင်ဆုံး ပုဂ္ဂိုလ်ဟာ သုတေသီ မောင်မောင် ဖြစ်ပါတယ်။ သီပေါမင်းရှေ့ခစားခဲ့တဲ့ ရုပ်သေးပညာရှင် ဆရာပု အသံသွင်းခဲ့တဲ့ ဇာတ်ထုပ်ဓာတ်ပြားက စလို့ ၁၉၇၆ ခုနှစ် မြန်မာနိုင်ငံရဲ့ နောက်ဆုံးဓာတ်ပြား ဖြစ်တဲ့ မြန်မာသံစဉ်အဆိုတော် ကျောက်ပန်းတောင်း ကျော်လွင်ရဲ့ ဓာတ်ပြားအထိ စုဆောင်းထား နိုင်သူဖြစ်ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ တခါမှ မထွက်ပေါ်ဖူးတဲ့ စာမျက်နှာ ၁ ထောင်လောက် ရှိတဲ့ မြန်မာနိုင်ငံ ဓာတ်ပြားသမိုင်း သုတေသနကျမ်းကို ပြုစုခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ဓာတ်ပြားသုတေသီဘ၀ အစကို “ဓာတ်ပြားကတော့ မွေးကတည်းက နားထောင်လာတာဗျာ။ ၆ တန်းတက်မယ့် ကျနော့်ကို အဖွားက ခွေးတံဆိပ် ဓာတ်စက်ကြီး ဆုချလိုက်တယ်။ အဲဒါက ကျနော့်ရဲ့ သုတေသနစိတ်ကို စေ့ဆော်လိုက်တဲ့ အဓိက အကြောင်းတခု ပါပဲဗျာ” လို့ သုတေသီ မောင်မောင်က ဆိုပါတယ်။

ရှေးအစဉ်အဆက် နှုတ်တိုက် လက်ဆင့်ကမ်းခဲ့တဲ့၊ စာပေကတဆင့် မှတ်တမ်းတင်ခဲ့တဲ့ မြန်မာ့ဂီတ၊ ရိုးရာယဉ်ကျေးမှု၊ သမိုင်းဝင် မှတ်တမ်းတွေကို ဓာတ်ပြားတွေက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အသက် ၆၇ နှစ် ရှိပြီ ဖြစ်တဲ့ သုတေသီ မောင်မောင်ဟာ ဒီဓာတ်ပြားတွေကို နှစ်ပေါင်း ၅၅ နှစ်ကြာ စုဆောင်းခဲ့ပါတယ်။

သူဟာ အလယ်တန်းကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ ရဲဝန်ထမ်းဘဝ၊ ရှေ့နေဘ၀ စတဲ့ ကျင်လည်ရာ ဘဝမျိုးစုံမှာ ဓာတ်ပြားတွေကို စုဆောင်းခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ဓာတ်ပြားပေါ်ဦးစ အချိန်ကစလို့ ဓာတ်ပြားခေတ် နေဝင်ချိန်ထိ ကာလတွေမှာ ထုတ်ဝေခဲ့တဲ့ ဓာတ်ပြား အများစုကို စုဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူ တက္ကသိုလ်ကျောင်းသား ဖြစ်တဲ့ ၁၉၇၂ ကျော် ဝန်းကျင်အချိန်ကာလမှာ ဓာတ်ပြားတွေဟာ လူကြိုက်နည်းစ ပြုလာပါပြီ။ လူကြိုက်နည်းခြင်းရဲ့ အဓိက အကြောင်းက ကက်ဆက်တွေ အသုံးပြုလာခြင်းနဲ့ မဆလခေတ် ဓာတ်ပြားတွေရဲ့ အရည်အသွေး နိမ့်ကျလာခြင်းတွေကြောင့် ဖြစ်ပါတယ်။ ဓာတ်ပြားတွေ လူကြိုက်နည်းလာတာကြောင့် ဓာတ်စက်၊ ဓာတ်ပြားတွေဟာ အဝယ်ဒိုင်တွေ ဆီမှာ တောင်ပုံရာပုံ ဖြစ်လာခဲ့ပါတယ်။

“အဲဒီအချိန်မှာ ကက်ဆက်နဲ့ ဓာတ်စက်တွေကို အလဲအထပ် လုပ်လာကြပြီ။ နောက်ပိုင်းမှာတော့ ဓာတ်စက်တွေ တန်းစီထားတာ အုပ်ပုံတွေ ကျနေတာပဲ။ ထမ်းသွားလို့ ခင်ဗျားကို ပြောမယ့်လူ မရှိဘူး။ အမှိုက်ရှင်းလို့၊ ကျနော်သာ အဲဒီအချိန်က မြန်မာ့အသံက ညွှန်ကြားရေးမှူးဆိုလေ အဲဒါတွေကားနဲ့ကို သယ်မှာ” လို့ သုတေသီ မောင်မောင်က ဓာတ်စက်များရဲ့ နေဝင်ချိန်အကြောင်း ပြောပြပါတယ်။

ဒီအချိန်မှာပဲ တက္ကသိုလ်ကျောင်းသား သုတေသီ မောင်မောင်ဟာ ဓာတ်ပြားပုံကြီးထဲမှာ သူကြိုက်နှစ်သက်တဲ့ ဓာတ်ပြားတွေ၊ ဓာတ်စက်တွေကို စိတ်ကြိုက် ရွေးပါတော့တယ်။ နောက် ရန်ကုန်မှာ စုဆောင်းထားတဲ့ ဓာတ်စက်၊ ဓာတ်ပြားတွေကို ရထားနဲ့ ဒိုက်ဦးကို ပြန်သယ်ခဲ့ပါတယ်။

“အဲဒီအချိန်မှာ စုရမယ် ဆိုတဲ့ အသိဉာဏ်လေး ကျနော့်မှာ ရှိခဲ့တာ၊ ကျနော့်အဖေကလည်း ကျနော့်ဖို့ သတင်းစာမှာ ပါတဲ့ ကာလပေါ် ဓာတ်ပြား ကြော်ငြာတွေကို ဝိုင်းပြီး စုပေးခဲ့တယ်” လို့ သုတေသီ မောင်မောင်က ပြောပါတယ်။

တက္ကသိုလ်က ဘွဲ့ရလို့ ကျောင်းဆရာလုပ်တဲ့ အချိန်မှာ သုတေသီ မောင်မောင်က ဓာတ်ပြားမှာ ပါတဲ့ ရုပ်သေး၊ အငြိမ့် သီချင်းတွေ၊ ဇာတ်ထုတ်တွေထဲက မြန်မာစာပေယဉ်ကျေးမှု၊ အမျိုးသားရေးနဲ့ စပ်ဆိုင်တဲ့ အကြောင်းအရာတွေကို ထုတ်နုတ် သင်ကြားခဲ့ပါတယ်။ ဒီနောက် ရဲစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်မှာလည်း မြန်မာနိုင်ငံအနှံ့ ဓာတ်ပြားတွေကို ဆက်လက်စုဆောင်းခဲ့ပါတယ်။

ဓာတ်စက်ကို လက်က ဆွဲပြီး ဓာတ်ပြားသတင်းကြားတဲ့ နေရာကို လိုက်ပါတယ်။ ဝယ်လို့ မရတဲ့ဓာတ်ပြားတွေကို ဓာတ်စက်နဲ့ နားထောင်ပြီး ဝယ်လို့ ရရှိတဲ့ ဓာတ်ပြားတွေကို ကားနဲ့တိုက်ပြီးကို ဝယ်ယူစုဆောင်းခဲ့ပါတယ်။

“ကျနော် စခန်းမှူးဘဝက အဟောင်းရောင်းဝယ်တဲ့ အရောင်းသမားတွေကို မှာထားတယ်။ တခြား ပစ္စည်းတွေကို ငါဘာမှ မပြောဘူး။ ဓာတ်စက်၊ ဓာတ်ပြားနဲ့ ပတ်သက်ရင်တော့ ငါဝယ်မယ်။ ငါ့ မပေးရင်တော့ မလွယ်ဘူးမှတ်လို့ မှာထားတယ်” လို့ သုတေသီ မောင်မောင်က ရဲမှူးကြီးဘ၀ ဓာတ်ပြားစုဆောင်းခဲ့ပုံကို ပြောပြပါတယ်။

သုတေသီ မောင်မောင်ဟာ စခန်းမှူးဘဝက အနားယူပြီး ရှေ့နေလိုက်ချိန်မှာလည်း ဓာတ်ပြားတွေကို ဆက်လက် စုဆောင်းခဲ့ပါတယ်။ အမှုသည်များနဲ့ မိတ်ဆွေများဆီကလည်း ဓာတ်စက်၊ ဓာတ်ပြားတွေ ရရှိခဲ့ပါ တယ်။ ဓာတ်ပြားဝါသနာ ပါတဲ့ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကြည်အောင် လည်း သုတေသီ မောင်မောင်ရဲ့ ဓာတ်ပြားတွေ အလှူခံ ပေမယ့် ဓာတ်ပြားတွေကို မြတ်နိုးတဲ့ သုတေသီ မောင်မောင်က ငြင်းခဲ့ပါတယ်။

နောက်တော့ ဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ မြန်မာ့အသံ ဓာတ်ပြားတိုက်က ဓာတ်ပြားတွေကိုတော့ သက်ဆိုင်ရာ အမျိုးအစားတွေ အလိုက် ခွဲပေးခဲ့ပါတယ်။

“မြန်မာ့အသံမှာဓာတ်ပြားတွေသာများတာပါ။ တကယ့်သမိုင်းတန်ဖိုးရှိတဲ့ဓာတ်ပြားတွေ ကျနော့်လောက် မရှိပါဘူး။ ဥပမာ – ကိုလိုနီခေတ် သခင်တွေ ဆိုခဲ့ကြတဲ့ နိုင်ငံတော်သီချင်းရဲ့ အစ တို့ဗမာဓာတ်ပြား၊ မကြည်အောင်ရဲ့ ဗောဓိပင်နဲ့ ရွှေပလ္လင်ဓာတ်ပြား မူရင်း စတာတွေဟာ ကျနော့်မှာပဲ ရှိတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ဓာတ်ပြား သုတေသန အတွက်တော့ (မြန်မာ့အသံက) အကျိုးအများကြီး ရှိခဲ့ပါတယ်။ လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သုတေသီ မောင်မောင်က ဆိုပါတယ်။

သုတေသီ မောင်မောင်ဟာ သူ စုဆောင်းခဲ့တဲ့ ဓာတ်ပြားတွေ၊ သတင်းစာ မှတ်တမ်းတွေ၊ စာအုပ်စာတမ်းတွေကို အခြေခံပြီး မြန်မာနိုင်ငံ ဓာတ်ပြားသမိုင်း သုတေသနကျမ်းကို ရေးသား ထုတ်ဝေနိုင်ခဲ့ပါတယ်။ စာမျက်နှာ ၁ ထောင်လောက်ပါတဲ့ ဒီကျမ်းဟာ ၂၀၁၅ ခုနှစ်မှာ အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။

ဒီစာအုပ်နဲ့ပတ်သက်လို့ သမိုင်းပညာရှင် ဒေါက်တာ တိုးလှက “အနုပညာသည် မှန်သမျှ လက်စွဲထားသင့်သော တကြိမ်မျှ ပေါ်ပေါက်ခဲ့ဖူးသော စာအုပ်ကောင်း တအုပ် ဖြစ်ပါသည်။ စာပေနှင့် သုတေသီတို့ အတွက်လည်း ခေတ်တခေတ်တွင် ထွန်းပေါက်ခဲ့သည့် အနုပညာရှင်များ သမိုင်း၊ တေးသီချင်း သမိုင်း၊ သီချင်းများက ပြောသော ခေတ် လူမှုစီးပွားနှင့် ယုံကြည်မှု သမိုင်းတို့ကို သိမြင်နိုင်သဖြင့် ခေတ်ပြိုင် သမိုင်း မှတ်တမ်းများ အဆင့်တွင် ထားရှိ လေ့လာနိုင်ပါသည်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

သုတေသီ မောင်မောင်က ဓာတ်ပြားများ စုဆောင်းခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို “ကျနော် စုထားတာတွေဟာ ကျနော် ရူးလို့၊ ခရေဇီဖြစ်လို့ လုပ်ခဲ့တာ။ ဒီ ဓာတ်ပြားသီချင်းတွေမှာ ပါတဲ့ အနုပညာ၊ သမိုင်း၊ စာပေယဉ်ကျေးမှု၊ ရိုးရာ ယဉ်ကျေးမှုတွေကို ပြည့်စုံအောင် ဖော်ထုတ်မယ်။ မြန်မာဂန္ထဝင် သီချင်းကောင်းတွေရဲ့ အရည်အသွေးနဲ့ မြန်မာစာပေ အဆင့်အတန်းကို မျိုးဆက်သစ်တွေ၊ နိုင်ငံတကာ ဓာတ်ပြားသုတေသီတွေ အထိ သိရှိအောင် မျှဝေသွားမှာပါ” လို့ ဆိုပါတယ်။

နှစ်ပေါင်း ၅၀ ကျော် စုဆောင်းခဲ့တဲ့ ဓာတ်ပြားတွေရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီးတော့လည်း သုတေသီ မောင်မောင်က “တည့်တည့် ပြောရရင် ဝန်ကြီးဌာနတွေကို ကျနော် အားမကိုးဘူး။ အလုပ်မဖြစ်ဘူး။ တခုခု ပြောလိုက်တာနဲ့ ဝန်ကြီးကို စာတင်ပေးဦးမယ် တို့၊ ဘယ်နှစ်ရက်နေ့ကျရင် လာမေးပါတို့…၊ စိတ်တောင် မဝင်စားဘူး။ သူတို့က ကျနော်ဆီ လာရမှာ။ မလာလည်းနေ ကျနော့်ဟာ ကျနော် လုပ်မှာ။ ဒါပေမယ့် တန်ဖိုးသိတဲ့ တတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေက စေတနာကောင်းနဲ့ စနစ်တကျ ပြတိုက်၊ ပြခန်းတွေနဲ့ တာဝန်ယူမယ် ဆိုရင်တော့ ဒါတွေကို ကျနော် လွှဲပေးသွားမှာပါ” လို့ သူ့ရဲ့ ခံယူချက်ကို ပြောပြပါတယ်။

သုတေသီ မောင်မောင်ဟာ မင်္ဂလာဒုံမြို့နယ်၊ ၁၀ မိုင်ကုန်း၊ လေဆိပ်ရိပ်သာလမ်းသွယ် ၃၊ ခြံအမှတ် 1/B မှာ နေထိုင်လျက် ရှိပြီး ဓာတ်ပြားတွေကို ဆက်လက်စုဆောင်းနေဆဲ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading