ကမ္ဘာကျော် ဟောလိဝုဒ် မင်းသားကြီး Arnold Schwarzenegger (အာနိုး) ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အရေးပေါ် နှလုံး ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် သတိရလာတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်ပါတယ်။
အသက် ၇၀ အရွယ် မင်းသား ကြီးဟာ အရေးပေါ်ကူညီပေးရေး အဖွဲ့မှ ဆရာဝန်များက အရေးပေါ် ခွဲစိတ်ကုသမှု ခံယူရန် တိုက်တွန်းခဲ့ပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်များ လုပ်ဆောင်ပြီးတဲ့နောက် နှလုံးအဆို့ရှင်ကို အစားထိုးဖို့အတွက် ဆေးရုံ တက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်မှာ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မင်းသားကြီး အာနိုးဟာ သူ သတိရပြီ ဖြစ်တဲ့ အကြောင်း၊ ခွဲစိတ်မှုနောက်ပိုင်း နေထိုင်ကောင်းတဲ့အကြောင်းနဲ့ သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ အတွက် ဆေးပညာရပ်ဆိုင်ရာ ဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း Twitter မှာ ပြောဆိုခဲ့ပါတယ်။
သူက “အမှန်ပါပဲ၊ ကျနော် သတိရ လာပါပြီ၊ အသေးစား ခွဲစိတ်မှုလေးနဲ့ သတိရမယ်လို့ မျှော်လင့်ပြီး အိပ်ပျော်သွားခဲ့တာပါ။ ပြီးတော့ ပိုပြီးကြီးမားတဲ့ ခွဲစိတ်မှုနဲ့ သတိရလာခဲ့ပါတယ်။ ကျနော် သတိရလာတော့ ကျေးဇူးတင်စရာ ဆရာဝန်တွေနဲ့ သူနာပြုတွေကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျနော်ကို ဂရုတစိုက်နဲ့ ဆုတောင်းပေးတဲ့ သတင်း Message တွေအတွက် အားလုံးကို တကယ် ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
မကြာသေးခင်ကပဲ မင်းသားကြီး အာနိုးရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ Daniel Ketchell က မင်းသားကြီး ရင်ဆိုင်ကြုံတွေ့ခဲ့ ရတာတွေကို လူမှုကွန်ရက ်မီဒီယာပေါ်မှာ ရှင်းပြခဲ့ပါတယ်။ ဓာတ်ပုံပုံစံနဲ့ တင်ခဲ့တဲ့ မှတ်စု တခုမှာ သူက “ မနေ့က အုပ်ချုပ်ရေးမှူး Schwarzenegger ဟာ ၁၉၉၇ ခုနှစ်မှာ မွေးရာပါ နှလုံးချို့ယွင်းမှု ကြောင့် အစားထိုးထားတဲ့ နှလုံးအဆို့ရှင် တခုကို အစားထိုးဖို့ စီစဉ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့ရပါတယ်။ အဲဒီ ၁၉၉၇ ခုနှစ်တုန်းက အဆို့ရှင် အစားထိုး ကုသမှုဟာ ထာဝရ တည်မြဲနေမယ်လို့ မဆိုလိုခဲ့ပါဘူး။ ပြီးတော့ သူ့ရဲ့သက်တမ်းလည်း ကျော်လွန်နေခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် နှလုံးအဆို့ရှင် အစားထိုးကုသမှုကနေ တဆင့် အစားထိုးဖို့ ရွေးချယ်ခဲ့ရပါတယ်”
“အဲဒီခွဲစိတ်မှု လုပ်ငန်းစဉ် အတွင်းမှာ ပုံမှန် ခွဲစိတ်ကုသမှုကို လုပ်ဆောင်နိုင်ခြင်း မရှိတဲ့ အခြေအနေမျိုးနဲ့ မကြာခဏ ကြုံတွေ့နိုင်တဲ့အတွက် နှလုံးကို ဖွင့်ပြီး ခွဲစိတ်မယ့်အဖွဲ့ကို ပြင်ဆင်ထားခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူး Schwarzenegger ရဲ့ နှလုံး အဆို့ရှင်ကို အောင်အောင် မြင်မြင် အစားထိုးနိုင်ခဲ့ပြီး လက်ရှိမှာတော့ ခွဲစိတ်ကုသမှုကနေ သက်သာလာနေပြီး အခြေအနေ တည်ငြိမ်နေပါပြီ၊ မဆုပ်မနှစ် ကြိုးပမ်းမှုတွေ အတွက် ဆေးပညာရပ်ဆိုင်ရာ အဖွဲ့တခုလုံးကို ကျနော် တို့ ကျေးဇူူတင်ချင်ပါတယ်” လို့ ဖော်ပြ ရေးသား ခဲ့ပါတယ်။
ပြီးနောက် အဲဒီ ကိုယ်စားလှယ်ဟာ မင်းသားကြီး အာနိုး ပြန်လည် သတိရလာပြီဖြစ်ကြောင်းနဲ့ စိတ်ကြည်လင်ကြောင်း ပရိသတ်တွေကို နာရီအနည်းငယ်အကြာမှာ Twitter ကနေ တဆင့် အသိပေးခဲ့ပါတယ်။
Ref : contactmusic