ဟောလိဝုဒ် မင်းသားကြီး အာနိုးနဲ့ အာရှ မင်းသားကြီး ဂျက်ကီချန်းတို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုကျော်ကစလို့ အက်ရှင် မင်းသားတွေအဖြစ် ထင်ရှားခဲ့သူတွေဖြစ်ပြီး အခုတော့ သူတို့နှစ်ဦး အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို Instagram မှာ တင်ခဲ့တဲ့နောက်ပိုင်း ပရိသတ်တွေကြားမှာ တော်တော်လေး လူပြောများနေခဲ့တာ တွေ့ရပါတယ်။
ဟောင်ကောင်မင်းသားကြီး ဂျက်ကီချန်းဟာ သူ့ရဲ့ နှစ် ၄၀ ကျော် အနုပညာသက်တမ်းကို အသိအမှတ်ပြုတဲ့ဆုကို လက်ခံရယူဖို့ ရောက်ရှိနေချိန်မှာ အသက် ၇၂ နှစ်အရွယ် ဟောလိဝုဒ်မင်းသားကြီးနဲ့ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အာနိုးနဲ့အတူ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ဆုံး ထွက်ရှိလာတဲ့ “Terminator” ရုပ်ရှင် ပရိုမိုးရှင်းအတွက် အလုပ်ရှုပ်နေတဲ့ မင်းသားကြီး အာနိုးက “ကျနော့်ရဲ့ သူငယ်ချင်းဟောင်းကြီးနဲ့ သူရဲကောင်းတယောက်ဖြစ်တဲ့ ဂျက်ကီချန်းနဲ့ ရုပ်ရှင် ပရိုမိုးရှင်း ကမ္ဘာလှည့် ဖျော်ဖြေမှု အပြန်လမ်းမှာ တွေ့လိုက်ရတာဟာ တော်တော်လေး ထူးခြားပါတယ်။ ဂန္တဝင်လူသားနဲ့ အားကျစရာပါပဲ” လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်ညပိုင်းက Instagram မှာတင်ခဲ့တဲ့ ပုံစာမှာ ရေးသားထားပါတယ်။
မင်းသားကြီး ဂျက်ကီချန်းကလည်း အဲ့ဒီ အလားတူ ဓာတ်ပုံကိုပဲ သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပြီး “ကျနော့်ရဲ့ သူငယ်ချင်းဟောင်းနဲ့ ဂန္တဝင်ပုဂ္ဂိုလ်ကြီး ရှာဝါဇနက်ဂါနဲ့ တွေ့ဆုံရတာ ပျော်မိပါတယ်” လို့ ရေးသားခဲ့ပါတယ်။
အသက် ၆၅ နှစ်အရွယ် မင်းသား ဂျက်ကီချန်းနဲ့အတူ ရိုက်ကူးခဲ့တဲ့ မင်းသားကြီး အာနိုးရဲ့ ဓာတ်ပုံကို Instagram အသုံးပြုသူတွေက အထူးစိတ်လှုပ်ရှားစွာ မှတ်ချက်ပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
အသုံးပြုသူတဦးက “အကျော်ဇေယျ နှစ်ဦး၊ ငယ်ဘဝရဲ့ စံပြပုဂ္ဂိုလ်တွေ၊ ချစ်ခင်တယ်၊ လေးစားတယ်။ တောက်ပတဲ့ ငယ်ဘဝအမှတ်တရတွေအတွက် ကျေးဇူးတင်ပါတယ်” လို့ရေးသားခဲ့ပါတယ်။ နောက်တဦးကတော့ “အတူတူ ရုပ်ရှင်ရိုက်ကြပါလား။ ကျနော် အလေးစားရဆုံး သရုပ်ဆောင်နှစ်ဦးပါ” လို့ ရေးပါတယ်။
မင်းသားကြီး အာနိုးနဲ့ မင်းသားကြီး ဂျက်ကီချန်းတို့ဟာ အခုအချိန်အထိ ရုပ်ရှင်အတူတူ မရိုက်ဖူးကြပေမယ့် မကြာသေး ခင်တုန်းက မှတ်တမ်းရုပ်ရှင်တခုမှာ အမှုဆောင် ထုတ်လုပ်သူတွေအဖြစ် ပါဝင်ခဲ့ကြပါသေးတယ်။ အဲ့ဒီဓာတ်ပုံကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ ညပိုင်းက မင်းသားကြီး ဂျက်ကီချန်းအနေနဲ့ 2019 Britannia Awards ဆု ချီးမြှင့်ခံခဲ့ရတဲ့ လော့စ်အင်ဂျလိစ်မြို့မှာ ရိုက်ကူးခဲ့တာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အနုပညာကို ကမ္ဘာတဝန်းထံ မျှဝေဖြန့်ဖြူးပေးခဲ့တဲ့ Albert R. Broccoli ဆုရရှိခဲ့တဲ့အတွက် အထူးပဲ ဂုဏ်ယူမိတယ်လို့ မင်းသားကြီး ဂျက်ကီချန်းက ဆုလက်ခံရယူချိန်မှာ ပြောဆိုခဲ့ပါတယ်။
Ref:SouthChinaMorningPost
You may also like these stories:
မင်းသားကြီး အာနိုးရဲ့ သမီးနဲ့ လက်ထပ်လိုက်ပြီ ဖြစ်တဲ့ မင်းသား Chris Pratt
တောင်အာဖရိကမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တရားစွဲမှာ မဟုတ်ကြောင်း အာနိုးပြော
“The Karate Kid 2” ရုပ်ရှင်မှာ ပြန်လည်ပါဝင်ဖို့ စိတ်အားထက်သန်နေတဲ့ ဂျက်ကီချန်း
ဟောင်ကောင်မှာ မင်းသား ဘရုစ်စလီရဲ့ နေအိမ်ဟောင်းကို ဖြိုချ ဖျက်ဆီး