ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းက ဘူဆန်မြို့မှာ ပြုလုပ်ခဲ့တဲ့ BTS အဖွဲ့ရဲ့ ပထမဆုံး ပရိသတ်တွေ့ဆုံပွဲနဲ့ ဖျော်ဖြေပွဲ ပထမနေ့မှာ ပရိသတ်တချို့ဟာ လက်မှတ် ကိုင်ဆောင်ထားပေမယ့် ပွဲကျင်းပမယ့် နေရာကို ဝင်ရောက်ခွင့် တားဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
BTS အဖွဲ့ရဲ့ အေဂျင်စီ ဖြစ်တဲ့ Big Hit အင်တာတိန်းမန့် တာဝန်ရှိသူတွေက ဇွန်လ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ပွဲမှာ လက်မှတ်ပေါ်က ဝယ်သူရဲ့ အချက်အလက်နဲ့ လက်မှတ် ကိုင်ဆောင်ထားသူရဲ့ အသိအမှတ်ပြုအချက်အလက် (ID) တို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ကြပါတယ်။ မိဘတွေနာမည်နဲ့ လက်မှတ် ဝယ်ယူခဲ့ကြတဲ့ ဆယ်ကျော်သက်အရွယ် ပရိသတ်တွေကတော့ လက်မှတ် ပယ်ချခံခဲ့ရပြီး တကယ့် ID တွေနဲ့ မဟုတ်ဘဲ ကျောင်းသားကဒ် ID မိတ္တူတွေနဲ့ ဝယ်ယူခဲ့တဲ့ ကျောင်းသူတွေလည်း ဝင်ခွင့်မရခဲ့တာကို တွေ့ရပါတယ်။
Big Hit ကတော့ ဘူဆန်မှာလုပ်မယ့် ဖျော်ဖြေပွဲ လက်မှတ်တွေကို အွန်လိုင်းပေါ်ကနေ မရောင်းချခင် ID စစ်ဆေးမှု တင်းတင်းကြပ်ကြပ် ပြုလုပ်မယ်လို့ လက်မှတ်ဝယ်ယူနိုင်တဲ့ ဝက်ဘ်ဆိုက်တွေ၊ အဖွဲ့ရဲ့ Fan Café နဲ့ ဆိုရှယ်မီဒီယာတွေမှာ ကြေညာထားခဲ့ပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။
ဇွန်လ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲ ဒုတိယနေ့မှာလည်း အဲ့ဒီလိုမျိုးပဲ တင်းကျပ်တဲ့ စစ်ဆေးမှုတွေကြောင့် ပရိသတ်တွေရော၊ သူတိုရဲ့ မိဘတွေကပါ စောဒကတက်ခဲ့ကြပေမယ့် ကုမ္ပဏီကတော့ သူတို့ရဲ့ ရပ်တည်ချက်ကို မပြောင်းလဲခဲ့ဘဲ လက်မှတ်နဲ့ ID တွေကို တိုက်ဆိုင်စစ်ဆေးတာကိုပဲ ဆက်လုပ်ခဲ့ပါတယ်။
အတွင်းသတင်းတွေရဲ့အဆိုအရကတော့ ဒါဟာ တောင်ကိုရီးယားမှာ လက်မှတ်တွေကို အဆင့်ဆင့် ရောင်းချတာကို ကာကွယ်ဖို့ K-pop အနုပညာလုပ်ငန်းရဲ့ ကြိုးပမ်းချက် တစိတ်တပိုင်းဖြစ်တယ်လို့ သိရပါတယ်။
BTS အဖွဲ့ကနေ အစပြုလို့ K-pop စတားတွေရဲ့ နာမည်ကျော်ကြားမှုဟာ တဖြည်းဖြည်းချင်း မြင့်လာတာကြောင့် ပရိသတ်တွေဟာ သူတို့ချစ်မြတ်နိုးရတဲ့ K-pop အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲတွေအတွက် လက်မှတ်တွေကို ရရှိဖို့ အပြိုင်အဆိုင် ကြိုးပမ်းရတာတွေ ရှိလာခဲ့ပါတယ်။
နာမည်ကျော် အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေအတွက် လက်မှတ်ဝယ်ယူဖို့ကိစ္စဟာ အခုဆိုရင် တော်တော်လေး အပြိုင်အဆိုင်ဖြစ်လာတဲ့ ကိစ္စဖြစ်ပြီး အွန်လိုင်းလက်မှတ် ဝယ်သူတွေဆိုရင် ဒီလိုမျိုး လက်မှတ် ဝယ်ရတဲ့ အခိုက်အတန့်ဟာ သွေးထွက်မတတ် အခိုက်အတန့် ဖြစ်တယ်လို့ ရည်ညွှန်းပြောဆိုတာတွေ ရှိလာခဲ့ပါတယ်။ တချိန်တည်းမှာပဲ လက်မှတ်ဖောက်သည်တွေဟာ လက်မှတ်တွေကို စုဝယ်ပြီး ဆိုရှယ်မီဒီယာတွေ၊ အွန်လိုင်း အသိုင်းအဝန်းတွေမှာ ကြီးမြင့်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချနေတာကိုလည်း တွေ့ရပါတယ်။
အဲဒီလိုမျိုး လက်မှတ်ကို တဆင့်ပြန်လည် ရောင်းချတာဟာ တောင်ကိုရီးယားမှာတော့ တရားမဝင်ပါဘူး။
အခုလိုမျိုး လက်မှတ်ကို အပြိုင်အဆိုင် ဝယ်ယူခဲ့ကြပေမယ့် လက်မှတ် မရလိုက်တဲ့ ကံခေသူ K-pop ပရိသတ်တွေ အထူးသဖြင့် ငယ်ရွယ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ မှောင်ခိုဈေးကွက်မှာ သူတို့ လိုချင်တဲ့ လက်မှတ်ကို လိုက်လံရှာဖွေပြီး လက်မှတ်ရဖို့ ပိုက်ဆံအများကြီး ပုံပေးရတာမျိုးတွေလည်း ရှိလာခဲ့ပါတယ်။
ဥပမာအားဖြင့် အခု ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ Wanna One အဖွဲ့ရဲ့ Gocheok Sky Dome မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်းဟာ တောင်ကိုရီးယား ဝမ် ၁ သိန်း ပတ်ဝန်းကျင် (၈၄ ဒေါ်လာ ဝန်းကျင်) သာရှိပေမယ့် ပြန်ရောင်းချတဲ့အခါ ဝမ် ၁ သန်းကျော်အထိ ဈေးမြောက်သွားခဲ့ပါတယ်။ BTS အဖွဲ့ဟာ အခုလာမယ့် သီတင်းပတ်ကုန်ပိုင်းကျရင် ဆိုးလ်မြို့မှာ “Muster” ပရိသတ်တွေ့ဆုံပွဲ ဒုတိယအကျော့ကို ပြုလုပ်ဦးမှာဖြစ်ပါတယ်။ အဲ့ဒီမှာလည်း ID ကို တင်းတင်းကြပ်ကြပ် စစ်ဆေးမယ်လို့ ကြေညာထားပါတယ်။
Ref. Yonhap
You may also like these stories:
အငြင်းပွားဖွယ် ဓာတ်ပုံကိစ္စဖြစ်နေပေမယ့် BTS အဖွဲ့ရဲ့ ဂျပန်ဖျော်ဖြေပွဲကို ပရိသတ် သိန်းချီတက်ရောက်
ကိုရီးယား K-Pop ဖျော်ဖြေပွဲများ ပြုလုပ်နိုင်မည့် ကွင်းကို ၂၀၂၄ ခုနှစ်မှာ ဖွင့်လှစ်မည်
ကုလသမဂ္ဂ ဝက်ဘ်ဆိုက် ပင်မစာမျက်နှာမှာ ဖော်ပြခံရတဲ့ BTS အဖွဲ့
အဏုမြူဗုံးပုံပါဝင်သော တီရှပ်ဝတ်ဆင်ခဲ့သည့် BTS အဖွဲ့ကိုယ်စား ကုမ္ပဏီတောင်းပန်