မင်းသား Dwayne Johnson ဟာ ဒီနှစ်မှာ ဝင်ငွေအကောင်းဆုံး မင်းသား ဖြစ်တယ်လို့ အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ Forbes မဂ္ဂဇင်းရဲ့ နှစ်စဉ်အဆင့် သတ်မှတ်ချက် စာရင်းမှာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ သူဟာ ဝင်ငွေဒေါ်လာ ၁၁၉ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပေမယ့် အခုပထမဆုံး နေရာကို ရောက်ရှိတဲ့အချိန်မှာတော့ ဝင်ငွေဒေါ်လာ ၈၉ ဒဿမ ၄ သန်းပဲ ရှိတော့တာကိုတော့ အံ့သြဖွယ် မြင်တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ဝင်ငွေအကောင်းဆုံး မင်းသားဖြစ်ခဲ့တဲ့ George Clooney ကတော့ ဒီနှစ်မှာနံပါတ် ၁၀ အထိအတွင်းတောင် မဝင်တော့တာ တွေ့ရပါတယ်။
၂၀၁၈ ခုနှစ်တုန်းက သူဝင်ငွေမြင့်ခဲ့ရတဲ့ အကြောင်းကတော့ သူ့ရဲ့ တက်ကွီလာ ကုမ္ပဏီကို ဒေါ်လာ ၁ ဘီလီယံနဲ့ ရောင်းချနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဝင်ငွေအကောင်းဆုံး မင်းသမီးစာရင်းကိုတော့ သြဂုတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ဖို့ရှိနေပါတယ်။
အခုစာရင်းထဲမှာတော့ နာမည်ကျော်ကြားသူတွေရဲ့ သရုပ်ဆောင်ကြေးတခုတည်းကိုပဲ တွက်ချက်တာ မဟုတ်ဘဲ ကြော်ငြာဝင်ငွေတွေ အပါအဝင် ဝင်ငွေအားလုံးကို စုပေါင်း တွက်ချက်ထားတာ ဖြစ်ပါတယ်။ မင်းသား Johnson ရဲ့ ကြော်ငြာတွေထဲမှာတော့ အားကစားဝတ်စုံကုမ္ပဏီ Under Armour လည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ The Rock လို့ခေါ်ကြတဲ့ မင်းသား Johnson ဟာ “Fast & Furious” ခွဲထွက်ရုပ်ရှင် “Hobbs & Shaw” နဲ့ “Skyscraper” တို့မှာ ပါဝင်ခဲ့သလို့ “Fighting with My Family” နဲ့ “Shazam!” တို့လို ရုပ်ရှင်တွေကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။
အခုနှစ်နှောင်းပိုင်းမှာဆိုရင် မင်းသား Johnson ကို Kevin Hart၊ Jack Black တို့နဲ့အတူ “Jumanji: The Next Level” ရုပ်ရှင်မှာ မြင်တွေ့ရဦးမှာပါ။ အခုနှစ်ရဲ့ ထိပ်တန်း မင်းသား ၁၀ ဦးစာရင်းမှာဆိုရင် Thor မင်းသား Chris Hemsworth က ဒေါ်လာ ၇၆ ဒဿမ ၄ သန်းနဲ့ ဒုတိယနေရာကို တက်လာခဲ့ပါတယ်။
အော်စကာဆုရ “A Star Is Born” ရုပ်ရှင်ကို ကိုယ်တိုင် ရိုက်ကူးရေးသားပြီး ထုတ်လုပ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Bradley Cooper ကတော့ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ နံပါတ် ၁၀ အတွင်းကို ပြန်ဝင်လာခဲ့ပါတယ်။ သူကတော့ ဒေါ်လာ ၅၇ သန်းနဲ့ ဆဋ္ဌမမြောက် ဝင်ငွေအများဆုံး မင်းသား ဖြစ်လာခဲ့ပါတယ်။
“Aladdin” လို ရုပ်ရှင်ကားမှာပါဝင်ခဲ့တဲ့ မင်းသား Will Smith ကတော့ ဒီနှစ်မှာ အဆင့်နည်းနည်းလေး ကျသွားပါတယ်။ ဝင်ငွေ ဒေါ်လာ ၃၅ သန်းနဲ့ နံပါတ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ အာရှဘက်မှာ ကြည့်ရင် ဘောလိဝုဒ်မင်းသား Akshay Kumar က ထူးထူးခြားခြား အမှတ်စဉ် တက်လာတာကို တွေ့ရပါတယ်။ ဒေါ်လာ ၆၅ သန်းဝင်ငွေနဲ့ အခုနှစ်ရဲ့ နံပါတ် ၄ နေရာမှာရှိနေပါတယ်။
၂၀၁၈ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံးမင်းသားစာရင်း
Dwayne Johnson – $89.4m
Chris Hemsworth – $76.4m
Robert Downey Jr – $66m
Akshay Kumar – $65m
Jackie Chan – $58m
Bradley Cooper – $57m
Adam Sandler – $57m
Chris Evans – $43m
Paul Rudd – $41m
Will Smith – $35m
Ref:BBC