နာမည်ကြီး ဖက်ရှင် ဒီဇိုင်နာတယောက်လည်းဖြစ်တဲ့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်ကတော့ ဒါရိုက်တာ လူမင်း ရိုက်ကူးတဲ့ “အောင်ဆန်း” ရုပ်ရှင်အတွက် ဝတ်စုံဒီဇိုင်းတွေကို အကောင်းဆုံး ကြိုးစားထားတယ်လို့ ဆိုပါတယ်။
“အောင်ဆန်းဇာတ်ကား ရိုက်မယ်ဆိုတော့ Costume နဲ့ ပတ်သက်လို့ ကိုလူမင်းက တိုင်ပင်ပြီးတော့မှ အန်တီပေါက်တို့ အဖွဲ့က ကျရာနေရာကနေ ကျရာတာဝန်ကို ကျေပွန်အောင်တော့ အကောင်းဆုံး ကြိုးစားထားပါတယ်။ ဒီဇိုင်နာဆိုတဲ့ နေရာမှာ ဖက်ရှင် ဒီဇိုင်နာရယ်။ Costume ဒီဇိုင်နာရယ် မတူပါဘူး။ ဖက်ရှင်က အသစ်တွေကို တီထွင်ဖန်တီးရတာပါ။ Costume က ရှိပြီးသား ဇာတ်လမ်းအတိုင်း အဝတ်အစားတွေကို ကာရိုက်တာနဲ့လိုက်အောင် ဖန်တီးရတာပါ။ ဒီဇိုင်းဆိုတာချင်းတူပေမယ့် လုံးဝ ကွဲပြားပါတယ်။ အန်တီပေါက်တို့က ဖက်ရှင်ဒီဇိုင်နာတွေပါ။ Costume ဒီဇိုင်နာတွေ မဟုတ်ပါဘူး”လို့ မိုးကုတ်ပေါက်ပေါက်က ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် ဒီဇာတ်ကားအတွက် ဒီဇိုင်နာ ၈ ယောက်ပေါင်းပြီး ကြိုးစားထားကြပုံကိုလည်း အခုလိုပဲ ပြောပါတယ်။
“ဒါပေမယ့် ဒီလို ဇာတ်ကားရိုက်မယ့် အချိန်ကျတော့ အန်တီပေါက်တို့က ကိုယ့်ရဲ့ အဓိက အလုပ်ဖြစ်တဲ့ ဖက်ရှင် ဒီဇိုင်းမဟုတ်ပေမယ့် အန်တီပေါက်တို့ တတ်နိုင်သမျှ လုပ်ပေးထားပါတယ်။ အထူးသဖြင့် အောင်ဆန်းရုပ်ရှင်က သမိုင်းအထောက်အထားတွေလည်း အများကြီးပါပါတယ်။ ဒီဇိုင်နာ ၈ ယောက် အကောင်းဆုံး ကြိုးစားလုပ်ထားပါတယ်။ အဲ့အတွက် သက်ဆိုင်ရာ ပညာရှင်တွေ၊ ဝန်ကြီးဌာနတွေကနေ အသေးစိတ် ညွှန်ကြားမှု ခံယူပါတယ်။ အသေအချာကို ကြိုးစားလုပ်ထားပါတယ်။ အမေစု ညွှန်ကြားသွားတာတွေလည်း လိုက်နာပြီး လုပ်သွားမှာပါ”လို့ မိုးကုတ်ပေါက်ပေါက်က ဆိုပါတယ်။
“အောင်ဆန်း” ဇာတ်ကားမှာ တစိတ်တပိုင်း ပါဝင်ခွင့်ရလို့ ပါဝင်ခွင့်ရတဲ့ ဒီဇိုင်နာတွေ အကုန်လုံးက အရမ်းဝမ်းသာတယ်လို့လည်း မိုးကုတ်ပေါက်ပေါက်က ဆိုပါတယ်။
“အရောင်ပိုင်းဆိုင်ရာတွေ ယူနီဖောင်းတွေ ဖိနပ်တွေ ကြယ်သီးကအစ၊ အလံတွေကအစ အရမ်းအသေးစိတ်ပါတယ်။ အရင်ခေတ်တွေတုန်းက Costume တွေကို ဇာတ်ကားအတွက် ပီပြင်အောင် လုပ်နိုင်ခဲ့ကြတာ။ အန်တီပေါက်တို့ ခေတ်မှာ အများကြီးပြောင်းလဲနေပြီ။ နိုင်ငံတကာကိုလည်း ဝင်ထွက်သွားလာနိုင်နေတာ ဘာလို့ မဖြစ်ရမှာလဲပေါ့။ အန်တီပေါက်တို့ ပြည်တွင်းမှာ မရနိုင်တာမျိုးဆိုရင် ပြည်ပအထိရှာဖွေပြီးဝယ်ရတာမျိုးတွေ အရမ်းအသေးစိတ်လုပ်ရတယ်။ ယူနီဖောင်းတွေ ကတော့ မလုပ်ဖူးတာတွေပါတယ်”
“နောက် လွတ်လပ်ရေးသမိုင်းမှာ ပါဝင်ခဲ့တဲ့သူတွေအတွက် အဝတ်အစားတွေက အသေးစိတ် လုပ်ရတယ်။ ခက်ခဲတယ်ဆိုတာထက် အသေးစိတ်တယ်ပဲ ပြောရတယ်။ ဂရုစိုက်ဖို့ လိုအပ်တယ်။ တိကျဖို့ လိုအပ်တယ်။ အကြိမ်ကြိမ် စစ်ဆေးဖို့ လိုအပ်တယ်။ အဲ့လို အသေးစိတ်တာပါ။ အခက်အခဲတော့ မရှိပါဘူး။ ဒီလို ဇာတ်ကားမှာ တစိတ်တပိုင်း ပါဝင်ခွင့်ရလို့ ပါဝင်ခွင့်ရတဲ့ ဒီဇိုင်နာတွေ အကုန်လုံးက အရမ်း ဝမ်းသာပါတယ်”လို့ မိုးကုတ်ပေါက်ပေါက်က ပြောပါတယ်။
မိုးကုတ်ပေါက်ပေါက်ကတော့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးများရဲ့ ပင်တိုင် ဒီဇိုင်နာတဦးအဖြစ် ရပ်တည်နေပြီး ဖက်ရှင်ပြိုင်ပွဲတွေမှာလည်း ဒိုင်တဦးအနေနဲ့လည်း ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် FGM ဆိုတဲ့ နာမည်နဲ့ မြန်မာချိတ်ဖြင့် ပုံဖော်ထားတဲ့ ဒီဇိုင်းများ၊ တခြားသော ကိုယ်ပိုင်လက်ရာများကို ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။
You may also like these stories:
သရုပ်ပျက်တဲ့ ဖက်ရှင်မျိုးတွေ မဝတ်ဆင်စေချင်တဲ့ မိုးကုတ်ပေါက်ပေါက်