ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းလာတာ အချိန်ကာလတခုအထိ ရှိပြီဖြစ်တဲ့ အဆိုတော် ဟန်နေတာကတော့ လတ်တလောမှာ “မိုးမခအိပ်မက် ခရမ်းပြာ” သီချင်းနဲ့ ပရိသတ်များရဲ့ အားပေးမှုကို ခံနေရပြီး အဆိုပါသီချင်းကို ပရိသတ် ငြိတွယ်ဖို့အတွက် အချိန်တော်တော် စောင့်လိုက်ရတယ်လို့ ပြောပါတယ်။
“မိုးမခနဲ့ ပတ်သက်ပြီးတော့ ခံစားချက်က ရှိပါတယ်။ ကျနော် ရုန်းကန်ခဲ့ရတာတွေကို အကုန်လုံး ခံစားချက် အတိုင်း ရေးထားတာဆိုတော့ အစကတည်းကလည်း ယုံကြည်တယ်။ ပရိသတ်တွေ ဒီသီချင်းကို ငြိတွယ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် အချိန်တော်တော် စောင့်ခဲ့ရတာပေါ့”လို့ ဟန်နေတာက ပြောပါတယ်။
မကြာခင်က ဖျော်ဖြေတင်ဆက်ခဲ့တဲ့ FG Live Lounge မှာတော့ ပရိသတ်က ယခင်ကထက် ပိုမိုသတိထားမိလာခဲ့ပြီး အခုဆိုရင်တော့ နှုတ်ခမ်းနီမလေးများရဲ့ အသည်းစွဲတယောက် ဖြစ်လာခဲ့ပါတယ်။
“အဲ့လိုမျိုးဖြစ်လိမ့်မယ်လို့တော့ မထင်ဘူးဗျ။ ကျနော်က တိုက်ရိုက် Fan လေးတွေနဲ့ပဲ သွားနေတာဆိုတော့ အဲ့ Fan လေးတွေက တဖြည်းဖြည်း များများလာတယ်။ FG မှာက တင်ဆက်မှု အားကောင်းတော့ ပြည်သူလူထုသိသွားတော့ အာရုံစိုက်မိတယ်လို့ ထင်ပါတယ်” လို့ ဟန်နေတာက ပြောပါတယ်။
အခုလိုလူသိများ အောင်မြင်လာတဲ့အတွက် အနေကျပ်ပေမယ့် နေတတ်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
“အနေက ကျပ်တယ်။ ကျနော်က လူများများရှိနေတဲ့ နေရာကို သွားရတာ အဆင်မပြေတော့လေ။ ဒါကလည်း အတွေ့အကြုံတခုပါပဲ။ ကိုယ့်အတွက် ကျင့်သားရနေပါပြီ။ ကျနော်နေတတ်အောင် နေကြည့်ပါတယ်” လို့ ဟန်နေတာက ပြောပါတယ်။
မကြာခင် နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ့် “ဆေးပေါင်းခတဲ့ ရန်ကုန်ည” ဖျော်ဖြေပွဲကို ဂျေမောင်မောင်၊ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ဝေလ၊ ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူးတို့နဲ့အတူ သီဆိုဖျော်ဖြေဖို့ ရှိတယ်လို့ သိရပါတယ်။
“ကျနော်တို့ ဆေးပေါင်းခတဲ့ ရန်ကုန်ညပွဲကတော့ နိုဝင်ဘာလ ၁၁ ရက်ပေါ့။ ဒီပွဲကတော့ Steller Seven က လုပ်တာပေါ့။ ကျနော်က Rock ထဲမှာ Generation အသစ်လို့ ပြောလို့ရတယ်။ ကျနော်က အဲ့အနေနဲ့ ပါဖြစ်တာပေါ့။ တကယ့် Legend ကြီးတွေနဲ့ ဆိုရမှာဆိုတော့ ပျော်ပါတယ်” လို့ ဟန်နေတာကပြောပါတယ်။
ဒီပွဲအတွက် ပြင်ဆင်မှုအနေနဲ့တော့ မလုပ်ရသေးတဲ့အတွက် အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။
“ဒီပွဲအတွက်ကတော့ အဆင်သင့်ကတော့ မဖြစ်သေးဘူး။ နည်းနည်းလိုသေးတော့ ပြင်ဆင်ရဦးမယ်။ ဘာတွေ လိုနေတာလဲဆိုတော့ ကျနော် ကြားထဲမှာတခြား Event တွေ ရှိနေသေးတော့ အဲ့ပွဲအတွက် သီချင်းမတိုက်ရသေးဘူး။ အဲဒါလေးပါပဲ” လို့ ဟန်နေတာက ပြောပါတယ်။
လတ်တလော အွန်လိုင်းပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကောလာဟလများနဲ့ ပတ်သက်ပြီးတော့လည်း ဟန်နေတာက အခုလိုပြောပါတယ်။
“ကျနော် ဒုတိယအခွေ လုပ်နေတယ်။ တခြားပွဲတွေလည်း ရှိတယ်။ ကျနော့်မှာ တခြား Personal ဘာမှ မရှိတော့ဘူး။ ရှိခဲ့တာတွေကလည်း ပရိသတ်အနေနဲ့ အထင်လွဲမှားမှုလို့ ကျနော်ထင်ပါတယ်။ ပရိသတ်ကို ကျနော် အနုပညာလုပ်ငန်း ဆက်လုပ်ဖို့ပဲ ကတိပေးပါတယ်။ ဆက်ကြိုးစားပါမယ်”လို့ ဟန်နေတာက ပြောပါတယ်။
ဟန်နေတာကတော့ Eternal Gosh အဖွဲ့နဲ့အတူ “ကောင်းကင်နီ” ဆိုတဲ့အခွေတခွေ ထွက်ရှိထားပြီး ဒုတိယအခွေ အတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်နေပြီလို့ သိရပါတယ်။
You may also like these stories:
ACID အဖွဲ့လို FG Live Lounge ပွဲမှာ ဖျော်ဖြေချင်တယ်လို့ ထွန်းထွန်း ပြော