MRTV-4 ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲမှာ “ဇော်” အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ရှင်မွေလကတော့ ဇာတ်လမ်းက ပရိသတ် ရင်ထဲကို ရောက်ခဲ့တဲ့အတွက် ဇာတ်ကောင်ပီပြင်ဖို့ ကြိုးစားခဲ့ပုံနဲ့ ပတ်သက်ပြီး အခုလိုပဲ ဆိုပါတယ်။
“ဇာတ်လမ်းက ပရိသတ်ရင်ထဲကို ရောက်တယ်။ ကျနော်ကလည်း ‘ဇော်’ ဆိုတဲ့ ဇာတ်ကောင် ပီပြင်ဖို့ အတွက် ၁၀၀ ရာခိုင်နှုန်း နီးပါး အပြည့်အဝ ကြိုးစားတယ်။ ဒီဇာတ်ကား မရိုက်ခင်မှာလည်း အမေမွှေး (အကယ်ဒမီ မို့မို့မြင့်အောင်) ဆီမှာ သင်တန်း ၂ ပတ် တက်တယ်။ အစစအရာရာ အားလုံး ကြိုးစားခဲ့တော့ ပရိသတ်ကလည်း မှတ်မိတာလို့ထင်တယ်။ ပြီးတော့ နာမည်ကလည်း တလုံးတည်းဆိုတော့ ထွေထွေထူးထူး မှတ်စရာ မလိုတာလည်းပါတယ်”
“နှင်းဆီဇာတ်လမ်းတွဲက ဝတ္ထုကလည်း အရမ်းအောင်မြင်ခဲ့ပြီးသား ဝတ္ထု ဆိုတော့ ဒီဇာတ်ကားကို ရိုက်ရတော့မယ့် အချိန်မှာ အရမ်းကြောက်ခဲ့တယ်။ ဇာတ်လမ်းတွဲ ပြန်လွှင့်တဲ့အချိန်မှာလည်းအရမ်းကြောက်နေခဲ့တာပါ။ ပြီးတော့ ပရိသတ်တွေ အများကြီးက ‘ဇော်’ ဇာတ်ကောင် ဖြစ်ခဲ့တယ်လို့ ပြောတဲ့အတွက် အရမ်းဝမ်းသာတယ်။ အဲဒီအတွက် ကျနော် စိတ်ထဲမှာ ကြောက်နေတဲ့အရာတစ်ခုကို တာဝန်ကျေသွားတယ်လို့လည်း ခံစားရတယ်”လို့ ရှင်မွေလက ပြောပါတယ်။
သရုပ်ဆောင်အလုပ်ကို ဝါသနာပါတာကြောင့် ခေါင်းဆောင် နေရာပဲ ရိုက်ရ ရိုက်ရ၊ ဒုတိယမင်းသား နေရာကပဲ ရိုက်ရရိုက်ရ ကျေနပ်တယ်လို့ ရှင်မွေလက ဆိုပါတယ်။
“လတ်တလောမှာတော့ ဂျီဟောသူ ဆိုတဲ့ ဇာတ်လမ်းတွဲလေး ရိုက်နေပါတယ်။ အဲ့ထဲမှာ ကျနော်က စစနောက်နောက် နေတယ်။ ကိုယ်ချစ်တဲ့ကောင်မလေးကိုလည်း စိတ်ဆိုးအောင်ပဲ စနေတာပေါ့။ ဇာတ်လမ်းတခု ရိုက်တော့မယ်ဆိုတိုင်း ဝတ္ထုကို ကြေညက်အောင် ဖတ်တယ်။ ဝတ္ထုဖတ်ရင်း ကိုယ်သရုပ်ဆောင်ရမယ့် အပိုင်း စိတ်ကူးထဲမှာ ဖြစ်လာတယ်။ ဖြစ်လာတာကို စာအုပ်လေးနဲ့ ချရေးပြီး မှတ်တယ်”
“သေချာ လေ့လာတယ်။ အဲလိုနဲ့ပဲ ရိုက်ဖြစ်ပါတယ်။ ကျနော်က သရုပ်ဆောင် ဝါသနာပါလို့ လုပ်တာ။ ခေါင်းဆောင်နေရာပဲ ရိုက်ရရိုက်ရ၊ ဒုတိယ မင်းသား နေရာကပဲ ရိုက်ရရိုက်ရ။ ဘယ်နေရာကပဲ နေရနေရ သရုပ်ဆောင်နေရရင် ကျေနပ်တယ်”လို့ ရှင်မွေလက ပြောပါတယ်။
သရုပ်ဆောင် ရှင်မွေလကိုတော့ MRTV-4 ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့ “ကျိန်စာပြယ် ဒဏ္ဏာရီ”၊ “ပျားရည်အိုင်”၊ “နှင်းဆီ”၊ “တတိယမြောက် ဆုံမှတ်” စတဲ့ ဇာတ်လမ်းတွဲများနဲ့ ပရိသတ်များက သိရှိ အားပေးလာခဲ့ပြီး ယခုအခါမှာလည်း ရှင်မွေလက ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးနေတယ်လို့ သိရပါတယ်။