လတ်တလော သီချင်းဆိုပြိုင်ပွဲများမှ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့သူများကို ပရိသတ်များက ကားများ၊ အိမ်များပေးတာတွေနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက ဒီလိုမျိုးပေးသလို သူတို့ရဲ့အနုပညာပစ္စည်းများ ထွက်လာတဲ့အခါမှာလည်း အားပေးဖို့အတွက် ပရိသတ်များကို မေတ္တာရပ်ခံခဲ့ပါတယ်။
“မုဒိတာ ပွားတာပေါ့။ ကလေးတွေရဲ့ဘဝ ပြောင်းလဲသွားတယ်ဆိုတာ အဲဒါကိုပြောတာလေနော်။ သူတို့အနုပညာ အရည်အချင်းရှိတဲ့ အတိုင်းလည်း အားပေးခံရတယ်။ နောက်ပြီးတော့ ပရိသတ်တွေက ချစ်ပြီး သူတို့ရဲ့ Personal အတွက်ပါ လိုက်ပြီးအားပေးကြတယ်”
“ဒီနေရာမှာတခုလေး သတိလက်လွတ်ဖြစ်သွားမှာစိုးလို့ ပြောချင်တာလေးက ဒါတွေဒီလိုမျိုး စောင့်ရှောက်တာ၊ အားပေးတာ၊ ချီးမြှင့်တယ်ဆိုတာလည်း ကောင်းသလို အဓိကအရေးကြီးဆုံးက သူတို့ရဲ့ Professional Skill ၊ Professional Life ရပ်တည်နိုင်ဖို့အတွက် အားပေးတာက ပိုပြီးအရေးကြီးတယ်ဆိုတာလေးကိုတော့ ဖြုဖြူ ပြောပြချင်တယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
ဆက်လက်ပြီး “တခါတလေကျရင်လေ ပိုအရေးကြီးတဲ့ဟာကို လုပ်ပေးနေရင်းနဲ့ တကယ်အရေးကြီးတာကိုမေ့သွားမှာစိုးလို့ အဆိုတော်တွေ အနုပညာရှင်တွေအနေနဲ့ ဒီအနုပညာလောကထဲမှာ ရေရှည်ရပ်တည်နိုင်ဖို့က အဓိကကျတာ” လို့ ပြောပါတယ်။
အခုလိုအားပေးသကဲ့သို့ ပြိုင်ပွဲဝင်ကလေးများရဲ့ ကိုယ်ပိုင်အခွေများ ထွက်လာတဲ့အချိန်ကျရင်လည်း အခွေအစစ်များကို ဝယ်ယူအားပေးတာဟာ အထိရောက်ဆုံးဖြစ်တာကြောင့် အားပေးကြဖို့ ပြောခဲ့ပါတယ်။
“အဲဒီအတွက် သူတို့ထွက်မယ့် ကိုယ်ပိုင်သီချင်းတွေ၊ ကိုယ်ပိုင်အခွေတွေ၊ တကယ့်စီးရီးအချပ်တွေတို့ ဒစ်ဂျစ်တယ်ပေါ်မှာ ဖြန့်မယ့်ဟာတွေ အခွေအစစ်တွေ တကယ့်သီချင်းကို လမ်းကြောင်းမှန်ကနေ ဝယ်ယူအားပေးတာကသာ အထိရောက်ဆုံး ဖြစ်တာဖြစ်တဲ့အတွက် သူတို့ကိုယ်ပိုင် သီချင်းတွေ ထွက်လာတဲ့အခါကျရင်လည်း သူတို့ရဲ့အနုပညာပစ္စည်းတွေကိုလည်း ဒီလိုမျိုး ကားတွေ၊ အိမ်တွေပေးသလိုပဲ အားပေးကြပါလို့တော့ မေတ္တာရပ်ခံပြီး မှာထားချင်တယ်”
“ဘာလို့လဲဆိုတော့ အဲဒီအားပေးမှုက အဓိကကျတာမို့လို့ အနုပညာသမား တယောက်အဖြစ်သာ တကယ် ရပ်တည်မယ်ဆိုရင်ပေါ့။ အနုပညာသမားတယောက်အနေနဲ့ မရပ်တည်ဘူးဆိုရင်တော့ ကားတွေအိမ်တွေက ပိုအရေးကြီးတာပေါ့” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပွဲတခုမှာ Myanmar Idol Season 4 မှ ဘင်ဂျမင်ဆုမ်းနဲ့ စုံတွဲသီချင်း သီဆိုဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း အခုလို ပြောပြခဲ့ပါတယ်။
“ပျော်တာပေါ့ရှင်။ ကိုယ့်ကလေးတွေနဲ့ ဆုံရတာဆိုတော့လေ။ ဘင်ဂျမင်နဲ့ပဲ ဆုံရသေးတယ်။ တခြားကလေးတွေနဲ့ မဆုံရသေးဘူး။ အဲ့တုန်းက ဆေးကုမ္ပဏီပွဲလေးက ၂ယောက်အတွဲ ဆိုပေးဖို့တောင်းဆိုတဲ့အတွက် ဖြူဖြူတို့ အဲ့လို ဆိုဖြစ်ခဲ့ကြတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
လက်ရှိမှာတော့ ဖြူဖြူကျော်သိန်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ခံထားတဲ့ပွဲများကို ရွေ့ဆိုင်းခဲ့ပြီး မကြာခင်မှာလည်း ပရိသတ်အတွက် Cover Song နဲ့ ကိုယ်ပိုင်သံစဉ်သီချင်းများ ထွက်ရှိသွားဖို့ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
အကယ်ဒမီကို အရမ်း မမျှော်လင့်ထားဘဲ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းမယ့် နေတိုး
“ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကို စရိုက်ကတည်းက စိတ်လှုပ်ရှားခဲ့တဲ့ ပိုးမမှီသာ