ပြီးခဲ့တဲ့လအတွင်းက ဆေးရုံတက်ခဲ့ရတဲ့ သရုပ်ဆောင် ဗေလုဝဟာ လက်ရှိမှာတော့ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာပြီလို့ ဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ဧရာဝတီကို ပြောပါတယ်။
“ကျန်းမာရေးက အကုန်ကောင်းပါတယ်။ ဆေးရုံက ၁၂ ရက်နေ့က တက်တယ်။ ၂၁ ရက်နေ့က ပြန်ဆင်းရတယ်။ အကုန်စားနိုင်တယ်။ အဲ့နေ့ကလည်း ကျမတို့ကသာ စိတ်ပူလို့ သွားလိုက်တာ။ ဆေးရုံက လည်း ကောင်းတယ်။ တနှစ်ပြည့်တော့မှာမို့ ခေါင်းတွေ ရိုက်ကြည့်တယ်။ သွားလိုက်ပြန်လိုက်နဲ့ဖြစ်မှာစိုးလို့ ဆေးရုံမှာပဲ အနားယူတဲ့ အနေနဲ့ နေလိုက်ပါ။ CT တွေ ရိုက်ကြည့်တာ ကောင်းတယ် ဘာမှမရှိတော့ ပြန်ဆင်းလာတာ”လို့ ဒေါ်စုစုခိုင်က ပြောပါတယ်။
လက်ရှိ သရုပ်ဆောင် ဗေလုဝက လမ်းကောင်းကောင်းလျှောက်နိုင်နေပြီဖြစ်ပြီး ကိုဗစ်ကာလမို့ အိမ်မှာပဲ လေ့ကျင့်ခန်းတွေ လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
“လမ်းလည်း ကောင်းကောင်း လျှောက်နိုင်တယ်။ ဦးဗေကို စိတ်ပူပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကိုဗစ်ကာလဆိုတော့ အိမ်ပေါ်မှာပဲ လမ်းလျှောက်တယ်။ ဘောလုံးပွဲလည်း ကြည့်တယ်။ အရင်တုန်းက လေ့ကျင့်ခန်းက ပဲခူးကို သွားသွားလုပ်တယ်။ အခုက ကိုဗစ်ကာလမို့ ကျမကိုယ်တိုင်ပဲ လေ့ကျင့်ခန်း လုပ်ပေးပါတယ်”လို့ ဒေါ်စုစုခိုင်က ပြောပါတယ်။
ဗေလုဝကိုယ်တိုင်လည်း စကားတွေ ပြန်လည် ပြောနိုင်ပြီ ဖြစ်တဲ့အတွက် ပရိသတ်တွေ စိတ်မပူဖို့ကိုလည်း ပြောထားပါသေးတယ်။
“နေကောင်းပြီ။ စားလို့လည်း ကောင်းတယ်။ ပရိသတ်တွေ ကျနော် ကျန်းမာနေပြီ။ စိတ်မပူပါနဲ့”လို့ ဗေလုဝက ပြောပါတယ်။
ဟာသ သရုပ်ဆောင် ဗေလုဝကတော့ ဦးနှောက်သွေးကြောပိတ်ရောဂါနဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလက ရုတ်တရက် ဆေးရုံတက်ပြီး ကုသမှု ခံယူခဲ့ရပြီးနောက်ပိုင်း ယခုအခါမှာတော့ စကားလည်း ပြောလာနိုင်သလို၊ လမ်းလည်း ပြန်လျှောက်နိုင်ပြီး၊ ကျန်းမာရေး အခြေအနေ ပြန်လည် တိုးတက်လာခဲ့ပါတယ်။
ဟာသ သရုပ်ဆောင် ဗေလုဝဟာ အနုပညာ အလုပ်တွေအပြင် စာပေဟောပြောပွဲတွေမှာလည်း ပါဝင် ဟောပြောနေသူပါ။ သူကတော့ ကိုယ်ပိုင်လုပ်ငန်းအဖြစ် “လယ်သူမ” ဆိုတဲ့ မြန်မာထမင်းဆိုင်ကို ဖွင့်လှစ်ထားပါတယ်။ ဗေလုဝက “ဤအရာကို အချစ်လို့ခေါ်သလား” ရုပ်ရှင်နဲ့ အကယ်ဒမီဆု ရရှိထားသူ ဖြစ်ပါတယ်။