အားကစား

စံချိန်သစ်တွေနဲ့ စပိန်အသင်းရဲ့ ၂၀၁၂ ဥရောပဖလားအောင်ပွဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စပိန် အသင်းဟာ ၂၀၁၂ ဥရောပဖလား ဖိုင်နယ်ပွဲစဉ်မှာ အီတလီ အသင်းကို ဂိုးပြတ်အနိုင်ရရှိကာ ၂၀၀၈ ဥရောပချန်ပီယံ၊ ၂၀၁၀ ကမ္ဘာ့ချန်ပီယံ၊ ၂၀၁၂ ဥရောပချန်ပီယံအဖြစ် လေးနှစ်အတွင်း ၃ ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်ကာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး နိုင်ငံအသင်းအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူလိုက်နိုင်ပြီဖြစ်ပါတယ်။

စပိန် နည်းပြ ဒယ်ဘော့စ့်ကေးဟာ အများဝေဖန်နေတဲ့ တိုက်စစ်မှူး မပါတဲ့ကစားကွက်နဲ့ ပွဲထွက်လာပြီး (ဂိုး) ကာဆီးလက်စ်၊ ပီကေး၊ ရာမော့စ့်၊ အာဘယ်လိုအာ၊ အယ်ဘာ၊ အင်နီယေစတာ၊ ဇာဗီ၊ အလွန်ဆို၊ ဆေးဗား၊ ဘက်စကွက်၊ ဖာဘရီဂက်စ် တို့နဲ့ ပွဲထွက်လာပါတယ်။

အီတလီ နည်းပြ ပရန်ဒယ်လီကတော့ ပုံမှန်ကစားကွက်နဲ့ ပွဲထွက်လာကာ (ဂိုး) ဘူဖွန်၊ ချီလီနီ၊ အဘာတေး၊ ဘာဇာဂလီ၊ ဘော့နူချီ၊ မာချီယာဆို၊ ဒီရော့ဆီ၊ မွန်တိုလီဗို၊ ပီယာလို၊ ဘာလော့တယ်လီ၊ ကာဆာနိုတို့နဲ့ပွဲထွက်လာခဲ့ပါတယ်။

စပိန်အသင်းဟာ ပွဲစတယ်ဆိုရင်ပဲ ကွင်းလယ်မှာ ဘောလုံးကို အပေးအယူ မြန်မြန်နဲ့ အရှိန်တင်ကစားတာကြောင့် ပုံမှန်အတိုင်း အထနှေးတတ်တဲ့ အီတလီဟာ ပွဲအစမှာဘောလုံးကိုင်ဖို့အတော်ရုန်းကန်ခဲ့ရပါတယ်။ စပိန်အသင်းဟာ အီတလီအသင်းရဲ့ ပီယာလိုဆီ ဘောလုံးအရောက်မခံဘဲ ကွင်းလယ်မှာပဲ တိုက်စစ်ဆင်၊ ဘောလုံးဖျက်ရာမှာလည်း အုပ်စုလိုက် ကွင်းလယ်မှာတင် မနားတမ်းဖျက်တာကြောင့် စပိန်အသင်းရဲ့ ကစားကွက်ဟာ ကွင်းလယ်ကို စိုးမိုးထားနိုင်ခဲ့ပါတယ်။

၁၄ မိနစ်မှာ ဖာဘရီဂက်စ်ရဲ့ တကိုယ်တော် ကျော်ဖြတ်မှုကနေ ဂိုးဧရိယာအတွင်း ချပေးတာကို ဒေးဗစ် ဆေးဗား အပြေးဝင်ရောက်ပြီး ခေါင်းဖြင့်တိုက်ကာ အဖွင့်ဂိုးကို စယူပေးသွားပါတယ်။ စပိန်အသင်း ဂိုးသွင်းယူအပြီးမှာ အီတလီ အသင်းရဲ့ နောက်ခံလူ ချီလီနီ ဒဏ်ရာ ရရှိသွားတာကြောင့် ဘာဇာရာတီနဲ့လူစားလဲခဲ့ရတာဟာ အီတလီအသင်းအတွက် နစ်နာခဲ့ရပါတယ်။ အီတလီတိုက်စစ်မှူး ကာဆာနို အဝေးကနေ အပြင်းကန်သွင်းချက်ကို ကာဆီလက်စ် ၂ ကြမ်တိုင်တိုင် ပုတ်ထုတ်ခဲ့ရပေမယ့် ချေပဂိုး မရနိုင်ဘဲ ရှိနေခဲ့ပါတယ်။ ပွဲပြီးခါနီး ၄၁ မိနစ်မှာတော့  ဘာစီလိုနာက ယခုရာသီအတွက် ခေါ်ယူလိုက်တဲ့ ဂျော်ဒီအယ်ဘာ က စပိန်အသင်းအတွက် ဒုတိယဂိုး သွင်းပေးတာကြောင့် ပထမ ပိုင်းအပြီးမှာ စပိန်အသင်းက ၂ ဂိုး-ဂိုးမရှိဖြင့် အီတလီအသင်းကို ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အီတလီအသင်းက ကာဆာနို အစား ဒီနာတာလီ ဝင်ကစားပြီး တိုက်စစ်ပိုင်းမှာ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း မွန်တိုလီဗိုအစား မော့တာကို ထည့်ကစားစေပေမယ့် အီတလီ အသင်းအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့တာက မော့တာဟာ ဝင်ပြီးသိပ်မကြာခင်မှာပဲ ဒဏ်ရာရရှိသွားကြောင့် ဆက်မကစားနိုင်တော့ဘဲ ကွင်းဘေးမှာ ထိုင်နေခဲ့ရပါတယ်။ လူစားလဲဖို့ရန် ၃ ယောက် ပြည့်ပြီးသားမို့အီတလီ အသင်းဟာ ကစားသမား ၁၀ ယောက်ထဲနဲ့ မိနစ် ၃၀ ကြာအောင် ကစားခဲ့ရပါတယ်။

စပိန်အသင်းကတော့ ဆေးဗား အစား ပက်ဒရို၊ ဖာဘရီဂက်စ် အစား တောရက်စ်တို့ဝင်ရောက်လာပြီး ကစားခဲ့သလို မာတာကလည်း သူရဲ့ ပထမဦးဆုံးပွဲအဖြစ် အင်နီယေစတာနဲ့ လူစားလဲကာ ဝင်ရောက်ကစားခဲ့ပါတယ်။ တောရက်စ် ဟာ ဝင်လာပြီး သိပ်မကြာခင်မှာပဲ အသင်းအတွက် အဖိုးတန်တဲ့ တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့သလို မာတာ အတွက်လည်း တလုံးဖန်တီးပေးကာ မိနစ် ၉၀ ပြည့်ချိန်မှာတော့ စပိန်အသင်းက အီတလီ အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပါတယ်။

တပွဲလုံး ခြုံကြည့်ရင်တော့ စပိန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းရှိခဲ့ပြီး အီတလီအသင်းကလည်း ၄၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဂိုးပေါက်ခြိမ်းခြောက်မှုအရတော့ စပိန်အသင်းက ၉ ကြိမ်ရှိခဲ့ပြီး အီတလီအသင်းက ၆ ကြိမ်သာရှိခဲ့သလို နှစ်ဖက်အသင်းလုံး ထောင့်ကန်ဘော ၃ ကြိမ်ဆီသာ ရရှိခဲ့တာကို တွေ့ရပါတယ်။

ပွဲအပြီးမှာ စပိန်နည်းပြ ဒယ်ဘော့စ်ကေးက “ ဒီကစားသမားတွေဟာ ကျနော်တို့စပိန်အသင်းရဲ့ ကြီးကျယ်တဲ့ မျိုးဆက်သစ်တွေပါ။ ကျနော်တို့ကစားသမားအချို့ဟာ အခုအချိန်မှာဆိုရင် ပြည်ပမှာ ကစားနေကြပါတယ်။ အရင်တုန်းက စပိန်ကစားသမားတွေအတွက် ပြည်ပထွက် ကစားဖိုဆိုတာ တကယ်ကို ခက်ခဲခဲ့ပေမယ့် အခုအချိန်မှာတော့ စပိန်ကစားသမား အများစုကို ပြည်ပကလပ်တွေက ခေါ်ယူချင်နေကြပါပြီ။ ဒီလို အထင်ကရဖြစ်တဲ့ ဖလားတွေကို နှစ်အနည်းငယ်အတွင်းမှာ ၃ ကြိမ်ဆက်တိုက် ရဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ အခု ရွှေရောင်မျိုးဆက်သစ်တွေအတွက် ဂုဏ်ယူမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Source: bbc

Did you find apk for android? You can find new Free Android Games and apps.
Loading