မြောက်ဝန်ရိုးစွန်းဒေသကိုသွားဖို့ဆို အလွယ်ကူဆုံးကတော့ လေကြောင်းခရီးပါပဲ။ လေကြောင်း ခရီးကို နော်ဝေနိုင်ငံကနေ စတင်နိုင်သလို ကနေဒါနိုင်ငံကနေလည်း စတင်နိုင်ပါတယ်။ နော်ဝေကနေ လေကြောင်းနဲ့သွားမယ်ဆိုရင်တော့ ဒေါ်လာ ၁ သောင်း ဒါမှမဟုတ် ဒေါ်လာ ၁ သောင်း ၂ ထောင်အထိ ကုန်ကျနိုင်ပါတယ်။
ကနေဒါကနေ သွားမယ်ဆိုရင်တော့ နော်ဝေခရီးစဉ်ထက် ဆယ်ဆလောက် ကုန်ကျသွားနိုင်ပါတယ်။နော်ဝေကနေ စီးမယ်ဆိုရင်တော့ အာတိတ်စက်ဝိုင်းရဲ့ မြောက်ဖက်ဆုံးရွာဖြစ်တဲ့ Longyearbyen လေဆိပ်ကနေ စတင်ထွက်ခွာမှာဖြစ်ပါတယ်။ ကနေဒါ ကနေဆိုရင်တော့ Calgary ဖြစ်နိုင်သလို တခြားလေဆိပ်တွေလည်း ဖြစ်နိုင်ပါသေးတယ်။
ဘယ်နိုင်ငံနေပဲသွားသွား Barneo မှာဆင်းရမှာဖြစ်ပါ တယ်။ Barneo က ရေခဲလေယာဉ်ကွင်းဟာ မြောက်ဝန်ရိုးစွန်းကနေ မိုင် ၆၀ အကွာမှာရှိပါတယ်။ Barneo ကိုရောက်ပြီဆိုရင်တော့ MI-8ရဟတ်ယာဉ်စီးပြီး မြောက်ဝန်ရိုးစွန်းဆီ သွားရပါလိမ့်မယ်။
မြောက်ဝန်ရိုးစွန်းကိုရောက်ဖို့ဆို မိနစ် ၂၀ နဲ့ ၄၀ ကြား ကြာပါလိမ့်မယ်။ ဒါပေမယ့်လည်း မြောက်ဝန်ရိုးစွန်းက အေးလွန်းတဲ့အတွက် တနာရီပဲ လည်ပတ်ချိန်ရပါလိမ့်မယ်။ ပြီးရင်တော့ Barneo လေဆိပ်ဆီ ပြန်ခေါ်လာကြပါလိမ့်မယ်။
လေဆိပ်ကနေ ရဟတ်ယာဉ်နဲ့ မသွားချင်ရင်တော့ ski စီးပြီး သွားနိုင်ပါသေးတယ်။ ski ထိန်းဖို့ လူ ငှားရတာနဲ့ဆို ဒေါ်လာ ၂၅၀၀၀ လောက်တော့ ကုန်ပါလိမ့်မယ်။ နော်ဝေကနေ လေယာဉ် ခရီးစဉ်နဲ့ သွားမယ်ဆိုရင်တော့ နေထိုင်စားသောက်ဖို့အပါမှ ဒေါ်လာ ၁၅၀၀၀ လောက်ပဲ ကုန်ကျမှာ ဖြစ်ပါတယ်။
နောက်ထပ် မြောက်ဝန်ရိုးစွန်းကို သွားလို့ရတာကတော့ ရေကြောင်းလမ်းပါပဲ။ ရုရှားကနေ ရေခဲခွဲသင်္ဘောနဲ့ သွားရမှာဖြစ်ပါတယ်။ ကုန်ကျစရိတ်ကိုတော့ အနည်းဆုံး ဒေါ်လာ ၂၆၀၀၀ ခန့်မှန်းထားရပါမယ်။ ဒါက လက်မှတ်စီးခပဲ ရှိပါသေးတယ်။ တယောက်အိပ် ကုတင်နှစ်လုံးနဲ့ အခန်း တခန်းအတွက် ကုန်ကျငွေကတော့ ဒေါ်လာ ၄၀၀၀၀ နဲ့ ၅၀၀၀၀ ကြားရှိပါတယ်။
ရုရှားက ရေခဲခွဲသင်္ဘောကိုစီးဖို့အတွက် ဖင်လန်နိုင်ငံ Helsinki လေဆိပ်ကနေ ရုရှားနိုင်ငံ Murmansa ဆီ လေယာဉ်စီးရပါဦးမယ်။ အာတိတ်သမုဒ္ဒရာထဲ ၅ ရက် ဒါမှမဟုတ် ၈ ရက်ကြာပြီးတဲ့ နောက်မှာတော့ မြောက်ဝန်ရိုးစွန်းကို ရောက်ပါလိမ့်မယ်။
ကုန်းကြောင်းခရီးသွားချင်တယ်ဆိုရင်တော့ pulk လို့ခေါ်တဲ့ လူဆွဲလို့ရတဲ့ ski တမျိုးကို ရုရှ ဒါမှမဟုတ် ကနေဒါ တစ်နေရာရာကနေ စီးရပါလိမ့်မယ်။ ဒီခရီးကိုတော့ ၂၀၁၆ ခုနှစ်ကမှ စခဲ့တာ ဖြစ်ပြီး မိုင် ၃၀၀ ( ကီလိုမီတာ ၄၈၀) သွားရမှာဖြစ်ပြီး ဒေါ်လာ ၃၅၀၀၀ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။