၂၀၂၀ ခုနှစ်အတွက် အလုံခြုံဆုံး မြို့ ၁၀ မြို့ရဲ့ စာရင်းကို Numbeo ကုမ္ပဏီက ထုတ်ပြန် ကြေညာပေးခဲ့ပါတယ်။ Numbeo ကုမ္ပဏီဆိုတာကတော့ ကမ္ဘာအကြီးဆုံး အချက်အလက် ထိန်းသိမ်းပေးရာ ကုမ္ပဏီတခုဖြစ်ပြီး ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ မြို့နဲ့ နိုင်ငံတွေရဲ့အကြောင်းတွေကို ဖော်ပြပေးလေ့ ရှိပါတယ်။ အခုစစ်တမ်းကို ကောက်ယူခဲ့ရာမှာတော့ မှုခင်းဖြစ်ပွားမှုနှုန်းကို အခြေခံပြီး အလုံခြုံဆုံးနဲ့ ဘေးအကင်းဆုံးမြို့တွေ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်က မြို့ပေါင်း ၃၇၄ မြို့ကို စစ်တမ်းကောက်ယူခဲ့ရာမှာ ဗင်နီဇွဲလားနိုင်ငံ၊ ကရာကပ်မြို့က ပြစ်မှုဖြစ်ပွားမှု အညွှန်းကိန်း ၈၄ ဒဿမ ၉၀ နဲ့ အန္တရာယ်အရှိဆုံး မြို့အဖြစ် ရပ်တည်နေပါတယ်။
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ အကြောင်းကို ဖော်ပြရာမှာတော့ ပြစ်မှုဖြစ်ပွားမှု အညွှန်းကိန်း ၄၂ ဒဿမ ၉၈ ဖြစ်ပြီး လုံခြုံမှုအညွှန်းကိန်း ၅၇ ဒဿမ ၀၂ လို့ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး ရန်ကုန်မြို့မှာ မှုခင်းဖြစ်ပွားမှုနှုန်း ပိုတိုးလာတယ်လို့လည်း ဖော်ပြထားပါတယ်။
၂၀၂၀ ခုနှစ်အတွက် အလုံခြုံဆုံးမြို့စာရင်းကို ဖော်ပြထားရာမှာတော့ အာရပ်စော်ဘွားများ ပြည်ထောင်စုမှာ ပါဝင်တဲ့ အဘူဒါဘီမြို့က ရာဇဝတ်မှုဖြစ်ပွားမှု အညွှန်းကိန်း ၁၁ ဒဿမ ၃၃ နဲ့ အလုံခြုံဆုံးမြို့အဖြစ် ရပ်တည်နေပါတယ်။ ဒီနှစ်စာရင်းထဲမှာတော့ အာရပ်စော်ဘွားများ ပြည်ထောင်စုက မြို့ ၂ မြို့ ကမ္ဘာ့အလုံခြုံဆုံးမြို့ ၁၀ မြို့ စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွက် အလုံခြုံဆုံးမြို့ ၁၀ မြို့စာရင်းမှာ ပါဝင်ခဲ့တဲ့ ဒူဘိုင်းမြို့ကလည်း ၂၀၂၀ ခုနှစ်မှာ နံပါတ် ၇ နေရာကနေ ပါဝင်လာခဲ့ပြန်ပါတယ်။ ဒူဘိုင်းမြို့ရဲ့ ရာဇဝတ်မှုဖြစ်ပွားမှု အညွှန်းကိန်းက ၁၇ ဒဿမ ၀၅ ဖြစ်ပါတယ်။ Numbeo ကုမ္ပဏီရဲ့ ဖော်ပြချက်အရ ကမ္ဘာ့အလုံခြုံဆုံး မြို့ ၁၀ မြို့ကတော့ အောက်ပါအတိုင်းပါ။
(၁) အဘူဒါဘီမြို့ (အာရပ်စော်ဘွားများပြည်ထောင်စု)
(၂) ဒိုဟာမြို့ (ကာတာ)
(၃) တိုင်ပေမြို့ (ထိုင်ဝမ်)
(၄) ကွီဘက်မြို့ (ကနေဒါ)
(၅) ဇူးရစ်မြို့ (ဆွစ်ဇာလန်)
(၆) ဒူဘိုင်းမြို့ (အာရပ်စော်ဘွားများပြည်ထောင်စု)
(၇) မြူးနစ်မြို့ (ဂျာမနီ)
(၈) အက်စကီဆီဟာမြို့ (တူရကီ)
(၉) ဘန်းမြို့ (ဆွစ်ဇာလန်) နဲ့
(၁၀) အာဗင်းမြို့ (အမေရိကန်) ဖြစ်ပါတယ်။
Ref: curlytales, numbeo
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်ရှိ မြို့ ၁၀ မြို့ကို ခရီးသွားလာခွင့် ပိတ်ပင်
အမေရိကန်ကို ခရီးသွားလာခွင့်နဲ့ ပြောင်းရွှေ့အခြေချခွင့် ကန့်သတ်စာရင်းထဲ မြန်မာ ပါဝင်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားများကို ကမ္ဘောဒီးယားအစိုးရ အထူး စောင့်ကြည့်မည်