နေ့စဉ် အသုံးပြုနေတဲ့ ဈေးကွက်ထဲက တံဆိပ်အမျိုးမျိုးနဲ့ သွားတိုက်ဆေးတွေမှာ အနည်းနဲ့အများ ဆိုသလို ဓာတုပစ္စည်းတွေ ပါဝင်တတ်ကြပြီး ဒီဓာတုပစ္စည်းတွေဟာ ရေရှည်မှာဆိုရင်တော့ ခံတွင်းကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
ဒါကြောင့် အိမ်ရဲ့မီးဖိုချောင်မှာ အလွယ်တကူ ရနိုင်တဲ့ သဘာဝပစ္စည်းတွေကို အသုံးပြုပြီး ပြုလုပ်နိုင်တဲ့ Homemade Toothpaste ပြုလုပ်နည်းကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဓာတုပစ္စည်းတွေ မပါဝင်တဲ့ အိမ်လုပ်သွားတိုက်ဆေး ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ မုန့်ဖုတ်ဆိုဒါ၊ အိမ်သုံးဆား၊ ပူစီနံအဆီနဲ့ ရေအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။
မုန့်ဖုတ်ဆိုဒါဟာ သွားတွေကို ဖြူစင်သန့်ရှင်းစေတဲ့ အကောင်းဆုံး သဘာဝပစ္စည်းတမျိုးပဲ ဖြစ်ပြီး သွားတွေရဲ့ အပေါ်ယံ ကြွေလွှာတွေကိုပါ အားဖြည့်ပေးနိုင်ပါတယ်။ ဟင်းချက်ပြုတ်ရာမှာ အသုံးပြုတဲ့ အိမ်သုံးဆားဟာဆိုရင်လည်း သွားတွေပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ သွားတိုက်ဆေးတွေလို ဖလိုရိုဒ်ပါဝင်တာကြောင့် သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ပူစီနံအရွက်ကနေ ထုတ်လုပ်ထားတဲ့ သဘာဝ ပူစီနံအဆီဟာ ခံတွင်းနံ့နံခြင်းကို ထိထိရောက်ရောက် ပျောက်ကင်းစေနိုင်တဲ့ အပြင် ပုံမှန်အသုံးပြုနေကျ သွားတိုက်ဆေးတွေလို သွားတိုက်ပြီးတဲ့အခါ အေးမြပြီး ပူရှိန်းရှိန်း ခံစားမှုကိုပါ ခံစားရစေမှာပဲ ဖြစ်ပါတယ်။
ပူစီနံအဆီဟာ ခံတွင်းအနံ့နံခြင်းကို သက်သာစေရုံသာမကပဲ သွားပိုးစားခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုပါ သေစေနိုင်ပါတယ်။ သင့်အနေနဲ့ ပူစီနံအဆီ အလွယ်တကူ မရှိဘူးဆိုရင်လည်း ပူစီနံရွက်ကို ကြိတ်ချေပြီး သွားတိုက်ဆေးထဲမှာ ထည့်သွင်းပြုလုပ်နိုင်ပါတယ်။
ဓာတုပစ္စည်းတွေ ပါဝင်မှု မရှိတဲ့ Homemade Toothpaste ကို ပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေအားလုံးကို ရောစပ်ပြီး ခပ်ပျစ်ပျစ် အနေအထားရပြီဆိုရင်ပဲ ခြောက်သွေ့ပြီး သန့်ရှင်းတဲ့ ဘူးအလွတ် တခုထဲကို ထည့်ပြီး သွားတိုက်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
ပုံမှန် အသုံးပြုနေကျ သွားတိုက်ဆေးတွေလိုမျိုးပဲ အသုံးပြုပြီးတဲ့အခါ ခံတွင်းထဲကို ရေနဲ့ သေချာ သန့်ရှင်းဆေးကြောပေးရုံနဲ့ ဘေးထွက်ဆိုးကျိုး မရှိဘဲ သွားတွေကို ဖြူစင်သန့်ရှင်းနေစေမှာပဲ ဖြစ်ပါတယ်။
Ref ; food.ndtv.com