အမေရိကန် ပြည်ထောင်စု၊ နယူးဂျာစီ ပြည်နယ်မှာရှိတဲ့ ပီဇာဆိုင် တဆိုင်ဟာ ပျောက်ဆုံးသွားတဲ့ အိမ်မွေးတိရစ္ဆာန်တွေရဲ့ ပုံကို ပီဇာဘူးတွေပေါ်မှာ ကပ်ပေးထားပြီး ပိုင်ရှင်တွေနဲ့ ပြန်လည် တွေ့ဆုံဖို့ ရည်ရွယ်ကာ ကြော်ငြာပေးလျက်ရှိတယ်လို့ သိရပါတယ်။
ပီဇာဆိုင်ရဲ့ နာမည်ကတော့ “Angelo Pizza” ဖြစ်ပြီး ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ John Sanfratello အနေနဲ့ အခုလို စိတ်ကူးကို Facebook ပို့စ်တခုကနေ ရရှိခဲ့တာဖြစ်ပြီး အဲဒီပို့စ်ဟာ ဒေသခံ အမျိုးသမီးတဦးရဲ့ ပျောက်ဆုံးနေတဲ့ ကြောင်လေး တကောင် အကြောင်းပါ။ ဒီပို့စ်ကိုဖတ်ပြီး John ဟာ အခုလို ကိစ္စရပ်တွေကို သူကူညီနိုင်တာ ဘာရှိမလဲလို့ စဉ်းစားလိုက်ချိန်မှာတော့ အခုလို ပီဇာဘူးတွေမှာ ပျောက်ဆုံးနေတဲ့ တိရစ္ဆာန်တွေရဲ့ ပုံကို ထည့်သွင်းဖို့ပဲ ဖြစ်ပါတယ်။
John ရဲ့ ပီဇာဆိုင်တည်ရှိရာ Matawan မြို့နယ်နဲ့ အခြားနယ်မြေချင်း ထိစပ်နေတဲ့ အခြားပြည်နယ်နဲ့ မြို့တွေကပါ သူ့လိုကူညီနိုင်ဖို့ Facebook ပေါ်မှာပဲ သူရဲ့ စိတ်ကူးကို ပြန်လည်မျှဝေဖြစ်ခဲ့တာပါ။ “Angelo Pizza” ဆိုင်အနေနဲ့ ပထမဆုံးရရှိလာတဲ့ လက်ကမ်း ကြော်ငြာတခုကတော့ မျက်မမြင်ပိုင်ရှင်ကို ကူညီပေးနေတဲ့ ခွေးလေးတကောင် ပျောက်ဆုံးသွားမှု အတွက်ပဲ ဖြစ်ပါတယ်။
Angelo ပီဇာဆိုင်ကနေ စလိုက်တဲ့ အကူအညီဟာ ပြည်နယ်ထဲမှာရှိတဲ့ အခြား စားသောက်ဆိုင်နဲ့ စီးပွားရေးလုပ်ငန်းတွေကပါ လိုက်ပါ ကူညီလာတဲ့အထိ ပျံ့နှံ့လာခဲ့ပြီး Florida မှာနေထိုင်တဲ့ John ရဲ့ ညီမဖြစ်သူ Rosalia Di Fede ဟာလည်း သူ ပိုင်ဆိုင်တဲ့ Restaurant ဖြစ်တဲ့ “La Forchetta” မှာ အလားတူ ကမ်ပိန်းမျိုး ပြုလုပ်နေပြီ ဖြစ်ပါတယ်။
နယူးယောက်မြို့မှာရှိတဲ့ John ရဲ့ ဆွေမျိုးသားချင်းတွေ ပိုင်ဆိုင်တဲ့ “Little Cupcake” Bakeshop ဆိုင်ခွဲတွေမှာလည်း ပျောက်ဆုံးနေတဲ့ တိရစ္ဆာန်တွေအတွက် ပါဆယ်ဘူးမှာ ကြော်ငြာစာရွက်တွေ ထည့်သွင်းပေးနေတာဖြစ်တဲ့အပြင် John ကိုယ်တိုင်ကလည်း တခြား အစားအသောက် ထုတ်လုပ်ရေး ဝန်ဆောင်မှုတွေမှာပါ အခုလို လုပ်ရပ်မျိုး လုပ်ဆောင်ပေးဖို့ တိုက်တွန်းနေတယ်လို့ သိရပါတယ်။
Ref. www.insider.com
You may also like these stories:
အိမ်မွေးခွေးအဖြစ် မွေးပြီး ၂ နှစ်ကြာမှ ခွေး မဟုတ်ဘဲ ဝက်ဝံဖြစ်နေမှန်း သိခဲ့ရတဲ့ ဖြစ်ရပ်
ကျန်းမာရေး လိုက်စားသူတွေကြား ရေပန်းစားနေတဲ့ နွားတွေအပေါ် မှီကာ အိပ်စက် အနားယူနည်း
အာကာသထဲကို ရောက်ဖူးခဲ့ကြတဲ့ တိရစ္ဆာန်လေးများ