ကိုယ်ခန္ဓာ ကျန်းမာခြင်း၊ မကျန်းမာခြင်းဟာ ကိုယ်ခံအား ကောင်းမွန်မှုအပေါ် အမြဲ မူတည်နေပြီး COVID-19 ဖြစ်ပွားနေချိန်ပဲဖြစ်ဖြစ်၊ ကျန်တဲ့အချိန်တွေမှာပဲဖြစ်ဖြစ် အရေးကြီးတဲ့ ကျန်းမာရေးလိုအပ်ချက်တခုပဲ ဖြစ်ပါတယ်။ ကိုယ်ခံအား ကောင်းမွန် ပြည့်စုံနေဖို့အတွက် အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ အရေးကြီးကြောင်း ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးချင်ပါတယ်။
လူ့ခန္ဓာကိုယ်မှာ ၂၄ နာရီပတ်လုံး လည်ပတ်နေနိုင်ဖို့ ကိုယ်တွင်း စနစ်ပေါင်းများစွာကို တည်ဆောက်ထားတာဖြစ်ပြီး အဲဒီစနစ်တွေထဲကမှ အိပ်စက်ခြင်း စက်ဝန်းဟာ အရေးကြီးတဲ့ စနစ်တခုအဖြစ် တည်ရှိနေတာပါ။
ကိုယ်ခံအား ကောင်းမွန်ဖို့အတွက် အိပ်စက်ခြင်း စက်ဝန်းနဲ့ ချိတ်ဆက်ထားတာဖြစ်တဲ့အပြင် အိပ်စက်နေစဉ်မှာ ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေပြီး အာရုံကြောစနစ်နဲ့ တပြိုင်နက်ထဲ ဆက်နွယ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။
အိပ်စက် အနားယူနေတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ဖြစ်ပေါ်စေတဲ့ ဆဲလ်တွေဟာ ပြင်ပက ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကို ခုခံတိုက်ခိုက်ဖို့ စွမ်းအင်ကို ပြင်ဆင်ထားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တဆထက်တဆ ပိုမိုကောင်းမွန်တဲ့ ခန္ဓာကိုယ် ခုခံအားကို ကြိုတင် သိမ်းဆည်းတည်ဆောက်နေတာဖြစ်ပြီး အိပ်ရေးပျက်ခြင်းဟာ ခန္ဓာကိုယ် ခုခံအားကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။
အမျိုးသမီးနဲ့ အမျိုးသား ၁၅၃ ယောက် ပါဝင်တဲ့ သုတေသနတခုမှာတော့ အိပ်စက်ချိန် အနည်းငယ်သာ ခွင့်ပြုထားပြီး သာမန် ဖျားနာမှုတခုဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ စမ်းသပ်ရာမှာတောင် ခန္ဓာကိုယ်ရဲ့ ခုခံအားဟာ ခံနိုင်ရည် မရှိကြောင်း တွေ့ရှိခဲ့ကြတာပါ။
အိပ်စက်မှု သိပ္ပံပညာရှင်တဦးဖြစ်တဲ့ Matthew Walker က “တညပျမ်းမျှ ၄ နာရီ ၅ နာရီ အိပ်စက်တဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားဆဲလ်တွေဟာ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျသွားစေနိုင်ပါတယ်” လို့ သူ ရေးသားခဲ့တဲ့ “Why We Sleep- Unlocking the Power of Sleep and Dreams” မှာ ဖော်ပြခဲ့ဖူးပါတယ်။
Ref. mindbodygreen