“တရုတ် ဟာဝိုင်အီ” လို့ တင်စားကြတဲ့ ဟိုင်နန်ကျွန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကင်းစင်တာ ၆ လကျော်ကြာလာပြီဖြစ်လို့ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စည်းကားစ ပြုလာပါပြီ။ နိုင်ငံရဲ့ တောင်ဘက်စွန်းပိုင်းမှာရှိတဲ့ ဒီကျွန်းလေးပေါ်မှာ ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပြည်တွင်းခရီးသွား အရေအတွက် ကျဆင်းသွားခဲ့ပါသေးတယ်။
ထိုင်ဝမ်ကျွန်း အရွယ်စားရှိ “တရုတ် ဟာဝိုင်အီ”လို့ လူသိများတဲ့ ဟိုင်နန်ကျွန်းမှာ ဗိုင်းရပ်စ်ကူးစက်မှု မရှိတာ ၆ လကျော်ကြာပြီဖြစ်လို့ ကျွန်းပေါ်က ရှော့ပင်းမောလ်တွေက ဈေးဝယ်သူတွေကို ဆွဲဆောင်နေသလို၊ နာမည်ကျော် ကမ်းခြေတွေမှာ အမှတ်တရ မင်္ဂလာဓာတ်ပုံ ရိုက်ကူးမယ့် စုံတွဲတွေနဲ့ ရေလှိုင်းစီးသူတွေ တဖန်ပြန်လည် စည်ကားနေပါတယ်။
အောက်တိုဘာလ ခရီးသွားဝင်ရောက်မှု မှတ်တမ်းအရ ၉ ဒသမ ၆ သန်းကျော်ရှိခဲ့ပြီး ဒါဟာ ကပ်ရောဂါမစခင် နှစ်စကထက် ဧည့်သည်ဝင်ရောက်မှု ၃ ဒသမ ၁ ရာခိုင်နှုန်းကျော် မြင့်တက်လာပေမယ့် နိုင်ငံခြားခရီးသွား အရေအတွက်ကတော့ ၈၇ ရာခိုင်နှုန်းလောက် ကျဆင်းနေပါတယ်။ ဖေဖော်ဝါရီလကဆိုရင် ခရီးသွားဧည့်သည် ဝင်ရောက်မှု ၉၀ ရာခိုင်နှုန်း နီးပါးထိ ကျဆင်းသွားခဲ့တာပါ။
ဟိုင်နန်ကျွန်းဟာ ၄ လအတွင်း ခရီးသွားတွေထံ ရောင်းအားပမာဏ တရုတ်ယွမ် ၁၂ ဘီလီယံ (အမေရိကန် ဒေါ်လာ (၁ ဒသမ ၈ ဘီလီယံ) နီးပါးရှိပြီး ၂၁၄ ရာခိုင်နှုန်းကျော် မြင့်တက်လာတာပါ။ ၂၀၁၉ ခုနှစ်ကဆိုရင် တနှစ်လုံး ရောင်းအား တရုတ်ယွမ် ၁၃ ဒသမ ၆၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံ) နီးပါး ရှိခဲ့ပါတယ်။
ခရီးသွားဧည့်သည်တွေဟာ ကျွန်းပေါ်က Sanya မြို့မှာရှိတဲ့ Chanel နဲ့ Gucci လို နာမည်ကြီး တံဆိပ်တွေ ရောင်းတဲ့ Haitang Bay Duty Free Shopping Center ရှေ့မှာ တန်းစီ စောင့်ဆိုင်းနေကြတာပါ။ “တကယ့်ကို ခေါင်းနောက်စရာပါပဲ။ ဒီလောက် လူအများကြီး ရှိမယ်လို့ မထင်ထားဘူး” လို့ ချန်ဒူးမြို့က ဧည့်သည် မစ္စ Xie က ဆိုပါ တယ်။
တန်းစီနေတဲ့ လူအုပ်ကြီးကြောင့် စိတ်ရှုပ်နေရပေမယ့် သူမ ကိုယ်တိုင်လည်း စတုရန်းပေ ၁၂ သန်း ကျယ်ဝန်းတဲ့ ရှော့ပင်းမောလ်ကြီးထဲက Gucci ဆိုင်မှာ ဈေးဝယ်ဖို့ မိနစ် ၃၀ ကျော်လောက် ရပ်စောင့်နေတာပါ။
“တကယ့်ကြီး Gucci တံဆိပ်တွေက ဈေးသက်သာလို့လား။ တန်းစီနေတဲ့ လူတန်းရှည်ကြီးကို ကြည့်ပါဦး။ ကျမတော့ အလကားပေးနေတယ်တောင် ထင်တာ” လို့ အသက် ၃၂ အရွယ် ခရီးသွားတဦးက ဆိုပါတယ်။ ထိုင်းနဲ့ မလေးရှားကို အလည်ပတ်သွားနေကျ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးကြီး Liu ကလည်း တခြားနေရာတွေ လည်ပတ်ခွင့် မရခင်မှာ ဒီကိုလာရတာ အရမ်းကောင်းတယ်လို့ ဆိုပါတယ်။
ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဇန်နဝါရီကနေ အောက်တိုဘာထိ ဧည့်သည်ဝင်ရောက်မှု ၄၆ သန်းသာ ရှိခဲ့တာကြောင့် ၂၀၁၉ ခုနှစ်ကထက် ထက်ဝက်နီးပါး ကျဆင်းသွားပေမယ့် လာမယ့် ဆောင်းရာသီမှာတော့ ဧည့်သည် ဝင်ရောက်မှု ပိုများလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
Airbnb နဲ့ Vrbo ကနေ ဘိုကင်တင်ထားသူ စာရင်းအရ ဟိုင်နန်ကျွန်းကို နိုဝင်ဘာလထဲမှာ ၄၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာလထဲမှာ ၅၂ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒီနှစ်အစောပိုင်းကထက် အနည်းဆုံး ၁ ညတာ တည်းခိုမယ့်သူ နိုဝင်ဘာလထဲမှာ ၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ဒီဇင်ဘာမှာ ၈၅ ရာခိုင်နှုန်း ပြည့်မီသွားပါပြီ။
ဟိုင်နန်ကျွန်းဟာ လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူး ပွဲတော်တွင်း ပြည်တွင်းခရီးသွားတွေ လည်ပတ်စရာ အဓိကနေရာ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ်းခြေတွေက ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွေမှာလည်း အမှတ်တရ မင်္ဂလာဓာတ်ပုံ ရိုက်ကူးမယ့် ကြင်စဦးဇနီးမောင်နှံ ဒါဇင်နဲ့ချီ ပြည့်နေပါပြီ။
ကမ်းခြေတွေမှာလည်း ကပ်ရောဂါကြောင့် အိမ်တွင်းအောင်းနေရတဲ့ လူငယ် ရေလှိုင်းစီးသမားတွေ၊ ဂီတပညာရှင်တွေ၊ ပန်းချီဆရာတွေနဲ့ ပြည့်နှက်နေပြီး မနှစ်ကထက်တောင် ၃ ဆလောက် ပိုများလာတယ်လို့ ရေလှိုင်းစီး ကလပ်ရဲ့ မန်နေဂျာက ဆိုပါတယ်။
Ref: Aljazeera
You may also like these stories:
နိုင်ငံတကာ ခရီးသွားအားလုံး ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုပြီ
သြစတြေးလျမှာ နိုင်ငံတကာ လေကြောင်းခရီးစဉ် ပြန်လည် ဆင်းသက်ခွင့်ပြု
ဝူဟန်မြို့ကို ခရီးသွားတွေ လာရောက် လည်ပတ်ကြဖို့ ဖိတ်ခေါ်