ရန်ကုန်မြို့ရှိ ကလေးငယ်များကြား ရာသီတုတ်ကွေးနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် သေဆုံးမှုတချို့ ရှိသည့်အတွက် စာသင်ကျောင်းတချို့ ပိတ်ထားရပြီး မိဘများအကြား စိုးရိမ်နေသည်။
ကျန်းမာရေးဝန်ထမ်း ဆရာဝန်များအဆိုအရ ရောဂါလက္ခဏာသစ်မဟုတ်ဘဲ နှစ်စဉ်ဖြစ်ပွားနေကျ ရောဂါများဟု ဆိုသော် လည်း နှာချေခြင်း ချောင်းဆိုးခြင်းမှတဆင့် မြန်ဆန်စွာကူးစက်သဖြင့် ဖြစ်ပွားမှုနှုန်း မြင့်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ကလေးငယ်တဦး ဖျားနာပြီးနောက် အဆုတ်သွေးခဲပြီး သေဆုံးသည့်အကြောင်း လူမှုကွန်ယက်တွင် ပျံ့နှံ့လာပြီးနောက် စာသင်ကျောင်းများတွင် ဖျားနာသည့် ကလေးများ များလာသဖြင့် မိမိတို့၏ ကလေးများကို စိုးရိမ်ကာ ကျောင်းသို့ ခေတ္တမလွှတ်ဘဲ ထားသည့် မိဘများလည်း ရှိကြောင်း ကျောင်းသားမိဘများကဆို သည်။
ရန်ကုန်မြို့မှ ကျောင်းသားမိဘတဦးက “ကျောင်းကနေ အိမ်ရောက်တော့ သားကိုမေးကြည့်တာ အတန်းထဲမှာ ၅ ယောက် လောက် ဖျားနေတယ်လို့ ပြောတယ်။ ဒီနေ့ကစပြီး သူ့ကိုကျောင်း မလွှတ်တော့ဘူး။ အခုဆိုရင် International School တွေဆို ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျောင်းပိတ်တာတွေ ရှိတယ်။ စာသင်နိုင်အောင် Online ကိုပြောင်းပြီး စီစဉ်ရတာမျိုးတွေ ရှိတယ်။ တချို့ကလည်း ဝန်ကြီးဌာနတွေက ဘာများ ကြေညာမလဲ၊ ဘာဆက်လုပ်ရမလဲ ဆိုပြီး ကြေညာချက်ကို စောင့်နေ ကြတာလည်း ရှိတယ်” ဟု ပြောသည်။
ပါရမီကလေး အထူးကု ဆေးရုံမှ အထူးကုဆရာဝန်ကြီး ဒေါက်တာစောဝင်းက အဆိုပါ ရောဂါသည် ရောဂါအသစ်အဆန်း မဟုတ်ကြောင်းနှင့် ပါရမီဆေးရုံတွင် နှာစေးချောင်းဆိုးဖျားနာသည့် ကလေးများ အား နှာခေါင်းတို့ဖတ်ယူပြီး စစ်ဆေးကြည့် ရာ ပုံမှန်ဖြစ်ပွားနေကျ ရောဂါများကိုသာ တွေ့ရကြောင်း ၎င်း၏လူမှုကွန်ယက် စာမျက်နှာတွင် ရှင်းပြထားသည်။
ရာသီတုပ်ကွေး Influeza A နှင့် အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ် ( RSV – Resipratory syncytial virus) အသံအိုးရောင် ကာ ချောင်းဆိုးကြာတတ်သည့် Parainfluenza ဗိုင်းရပ်စ်၊ Adeno virus စသည့် ဗိုင်းရပ်စ်များကြောင့် ကလေးငယ်များ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းစသည့် ရောဂါများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ကလေးအထူးကု ဆရာဝန်များက ပြောသည်။
အအေးမိ၊ နှာစေး၊ ဖျားနာခြင်းများသည် နှစ်စဉ် မိုးရာသီတွင် ဖြစ်လေ့ရှိပြီး ယင်းရောဂါများကို ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးများ ကလည်း များပြားကြောင်း၊ ရာသီတုပ်ကွေး Influeza A ကို ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော်လည်း Parainfluenza ဗိုင်းရပ်စ် ၊ လေပြွန်ရောင် အသက်ရှူကြပ်ရောဂါကို ဖြစ်စေသည့် (Bronchiolitis) RSV ဗိုင်းရပ်စ်နှင့် Adeno virus အစရှိ သည့် ဗိုင်းရပ်စ်ပိုးများမှာ ကာကွယ်ဆေးဖြင့် မကာကွယ်နိုင်သလို တခါဖြစ်ပြီး ပါကလည်း နောက်နှစ်များတွင် ပြန်ဖြစ်နိုင် ကြောင်း ဒေါက်တာစောဝင်းက ဆိုထားသည်။
အဆိုပါ ရောဂါများသည် နှာချေချောင်းဆိုးခြင်းမှတဆင့် ကူးစက်နိုင်သဖြင့် ကျောင်းများတွင် ပိုမိုကူးစက်ရလွယ်ပြီး ဖျားနာ သည့် ကလေးများ များလာခြင်းဖြစ်ကြောင်း ကလေးအထူးကု ဆရာဝန်များက သုံးသပ်ကြသည်။
ကုသရေးပိုင်းတွင်လည်း ဆရာဝန် အများအပြား အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ထားခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခံ ထားရခြင်းများကြောင့် ကျန်းမာရေး စနစ်ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိဘဲ ယခင်က နိုင်နိုင်နင်းနင်း ကုသနိုင်သည့် အဆုတ်ရောင်၊ လေပြွန်ရောင် ရောဂါများမှာ ယခုအခြေအနေတွင် အသေအပျောက် ရှိလာသည့် အနေအထားဖြစ်ကြောင်း CDM ကလေးအထူးကု ဆရာဝန်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “တကယ်က ရောဂါက ပုံမှန်ဆိုးနေကျအတိုင်း ဆိုးတာပါ။ အဓိကကတော့ ကျန်းမာရေး စနစ်ကြီးက ညံ့ဖျင်းသွားတဲ့ အတွက် ကလေးတွေခံစားရတာ ပိုများသွားတဲ့သဘောပေါ့။ မိုးရာသီရောက်ရင် တုပ်ကွေးတွေ ဖြစ်တာရှိတယ်။ အရင် တုန်းက ဆရာဝန် အင်အားနဲ့တောင် နေ့မအိပ် ညမအိပ်တွေ ကုနေရတာ။ အရင်ကတော့ ဆရာဝန်အင်အားနဲ့ အရည် အချင်းရှိ သူတွေနဲ့ ဆိုတော့ နိုင်နင်းတာပေါ့” ဟု ပြောသည်။
စစ်ကောင်စီအာဘော်မီဒီယာများတွင်လည်း ဝါဒဖြန့်အစီအစဉ်များသာ များပြားလာပြီး ကျန်းမာရေး အသိပညာပေးမှု အစီအစဉ်များမှာ အာဏာသိမ်းပြီးနောက်ပိုင်း ကျဆင်းလာကြောင်း CDM ဆရာဝန်များနှင့် ကလေးမိဘများက သုံးသပ်ပြောဆိုကြသည်။
CDM ကလေးအထူးကု ဆရာဝန်တဦးက “MRTV တို့ မြဝတီတို့ ဆိုရင်လည်း ဒီလိုမျိုး Program တွေ စနစ်တကျ လုပ်နိုင် တာ မရှိတော့ဘဲနဲ့ ဝါဒဖြန့် ဖို့လောက်ပဲ အချိန်ပေးတာ များပြီးတော့ ပညာပေးမှု အပိုင်းမှာ လျော့သွားတယ်။ လိုင်းပေါ်မှာ ဆိုလည်း ပညာပေးဆောင်းပါး ရေးနေတဲ့လူတွေ၊ မီဒီယာတွေမှာ ဖြေနေတဲ့လူတွေက ပြေးနေရတာ၊ ဖမ်းခံရတာ တွေရှိတယ်။ အဲဒီတော့ လိုင်းပေါ်ကမေးရင်လည်း တချို့ဆရာဝန်တွေ ဘယ်ဖြေရဲတော့မလဲ” ဟု ဆိုသည်။
အသက်ရှူလမ်းကြောင်း ရောဂါများသည် ပန်းနာရင်ကြပ် အခြေခံရှိသည့် ကလေးများတွင် နာရီပိုင်းအတွင်း ရပ်ကြပ်ထနိုင် သကဲ့သို့ လသားကလေးငယ်များတွင် လေပြွန်သေးငယ်သဖြင့် ဗိုင်းရပ်စ်ဝင်လျှင် ရက်ပိုင်းအတွင်း လေပြွန်ရောင်ကာ ရင်ကြပ်တတ်ကြောင်း ၊ ဗိုင်းရပ်စ်ပိုးဝင်ပြီး နောက်ဆက်တွဲ ဘက်တီးရီးယားပိုးများ ဝင်ကာ အဆုတ်ရောင်ပါက အဖျားကြာ ပြီး အဖျားကြီးတတ်ကြောင်း၊ ချောင်းဆိုးလျင်လည်း မောပန်းတတ်ကြောင်း၊ ဓာတ်မှန်ရိုက်ကြည့်ပါက အဆုတ်တွင် လေ မဝင်ဘဲ ခဲသည့်နေရာများ တွေ့ရတတ်ကြောင်း ဒေါက်တာစောဝင်းက ရေးသားထားသည်။
ဒေါက်တာစောဝင်းက “ကလေးတိုင်းလည်း ဓါတ်မှန်ရိုက်ဖို့၊ သွေးစစ် ဖို့မလိုပါဘူး။ အဓိကက သေသေချာချာ ရောဂါရာဇဝင် မေးဖို့ စမ်းသပ်ဖို့လိုတာပါ။ ဆရာဝန်ကစမ်းသပ်ပြီး လိုအပ်တဲ့ ဆေးဝါးတွေနဲ့ ကုသရပါမယ်။ ရောဂါပြင်းထန်မှုအပေါ် မူတည် ပြီး သောက်ဆေးပေးမှာလား၊ ဆေးရုံတင်ပြီး ထိုးဆေးနဲ့ကုမှာလား ဆုံးဖြတ်ရမှာပါ။ သင့်တော်တဲ့ ပဋိဇီဝဆေး မပေးဖြစ်ရင် တော့ အဆုတ်ပိုခဲတာ၊ ပြည်တည်တာ ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ် ရှိနိုင်ပါတယ်”ဟု ဆိုသည်။
ယခု မိုးရာသီကာလအတွင်း ရန်ကုန်မြို့ရှိ ပြင်ပဆေးခန်းများနှင့် ဆေးရုံများတွင် ဖျားနာသည့် ကလေးငယ်များ များပြား နေပြီး ရန်ကင်း ကလေးအထူးကုဆေးရုံကြီး တခုတည်းမှာတင် ယခုရက်ပိုင်း ပြင်ပလူနာအဖြစ် ပြသသည့် ကလေးငယ် ရာချီရှိနေကြောင်းသိရသည်။ထို့ကြောင့် ပုဂ္ဂလိက ကျောင်းတချို့လည်း ပိတ်ထားသလို Online သင်ကြားမှု ပုံစံ လုပ်ဆောင် နေသည်လည်း ရှိကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
သို့သော် ယခုအခြေအနေကို မစိုးရိမ်ကြရန်နှင့် ရောဂါကပ်အသွင်ဖြစ်ပေါ် နေခြင်း မဟုတ်သည့်အတွက် ကျောင်းများလည်း ပိတ်ရန်မလိုကြောင်း ရန်ကုန်တိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြည်တွင်းသတင်းဌာန တခုတွင် ဖြေဆိုထားသည်။
“ဒီအခြေအနေအရဆို ကျောင်းတွေ ပိတ်ဖို့မလိုပါဘူး။ ပုဂ္ဂလိက ကျောင်းတွေထက် ကျောင်းသားဦးရေများတဲ့ အခြေခံ ပညာကျောင်းတွေတောင် မပိတ်ပါဘူး။ ဒါတွေကလည်း ကျနော်တို့ရဲ့ လမ်းညွှန်ချက်နဲ့ ပိတ်တာမျိုးလည်း မဟုတ်ပါဘူး။ ပုဂ္ဂလိက ကျောင်းတကျောင်းချင်းစီရဲ့ သူတို့ ဆန္ဒအလျောက် ပိတ်ကြတဲ့ သဘောပါ။ စိုးရိမ်မှုတွေဖြစ်ပြီး ကျောင်းတွေ ခဏ ပိတ်ကြတဲ့ သဘောပါ။ ပိတ်တာလည်း အကုန်ကျောင်းတိုင်း ပိတ်တာမျိုးလည်း မဟုတ်ပါဘူး။ အမှန်ဆို ဒါတွေက ပိတ်စရာ မလိုတဲ့ ကိစ္စမျိုးပါပဲ။ ကပ်အသွင်ဖြစ်တာမျိုးလည်း မဟုတ်ပါဘူး။ မစိုးရိမ်ကြပါနဲ့” ဟု ၎င်းက ဆိုသည်။
ယခုဖြစ်ပွားနေသော ရောဂါအခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ စီမံ လုပ်ဆောင်နေသည်ကို သိရှိနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကို ဧရာဝတီက ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
You may also like these stories:
မန္တလေးတွင် CDM အထူးကု ဆရာဝန်ကြီးများအပါ ၉ ဦး ထပ် အဖမ်းခံရ
ကယားစစ်ရှောင်စခန်းများတွင် ကလေးငယ် အများအပြား ဖျားနာနေ
CDM ဆရာဝန်နှင့် ဝန်ထမ်းအချို့ စစ်ကောင်စီပြန်လွှတ်
စစ်ကောင်စီကို ဒူးမထောက်တဲ့ CDM ကျန်းမာရေး ဝန်ထမ်းများ