အိပ်စက်ခြင်းဆိုတာ အရေးကြီးတဲ့ အရာတခုပါ။ တချို့လူတွေဆိုရင် အိပ်ရတာကို ဝါသနာတောင် ပါကြပါသေးတယ်။ အလုပ်နားရက်တွေမှာဆိုရင် မနက် ၁၀ နာရီ ကျော်ကျော်ထိကို အိပ်ပစ်တတ်ကြပါသေးတယ်။ အမြဲလုပ်နေကျ အရာတခုဖြစ်တဲ့ အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး သင်မသိသေးတာတွေ ရှိနေပါတယ်။ ဒါကြောင့် အိပ်စက်ခြင်းနဲ့ အိပ်မက်အကြောင်း သိကောင်းစရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အိပ်မက်ထဲက သူစိမ်းများ
တခါတလေမှာ အိပ်မက်ထဲကို သူစိမ်းတွေ ရောက်လာတတ်ပါတယ်။ ဒါပေမဲ့ အဲဒီလူတွေဟာ လုံးဝ သူစိမ်း ဖြစ်နေတာတော့ မဟုတ်ပါဘူး။ သင်နိုးထတဲ့အချိန်မှာ ဖျတ်ခနဲ မြင်ဖူးသူတယောက်ကို ဦးနှောက်က မှတ်မိနေပြီး သင်က မေ့သွားတာကြောင့် သူစိမ်းလို့ ထင်နေရခြင်း ဖြစ်ပါတယ်။ ဦးနှောက်ဟာ မလိုအပ်တဲ့ မှတ်ဉာဏ်တွေကို ဖျက်လေ့ရှိတာကြောင့် သင်တခါလောက် ဖျတ်ခနဲ တွေ့ဖူးသူကို သင်က မေ့သွားပေမယ့် ညဖက်မှာ အိပ်မက်အဖြစ် ပြန်ပေါ်လာတာ ဖြစ်ပါတယ်။
(၂) အိပ်မက်ထဲက အရောင်များ
အိပ်မက် မက်တဲ့ အချိန်မှာ လူတွေဟာ အရောင်တွေကို သိပ်ပြီး မှတ်မိလေ့ မရှိပါဘူး။ ဒါကြောင့် အဖြူအမည်းလည်း ဖြစ်နိုင်သလို အရောင်တွေလည်း ပါနိုင်ပါတယ်။ တချို့ သုသေသနတွေ အရတော့ ရုပ်မြင်သံကြားမှာ အဖြူအမည်းနဲ့ ထုတ်လွှင်တဲ့ ခေတ်တွေက လူတွေဟာ အဖြူအမည်း အိပ်မက်တွေကို မက်ကြတယ်လို့ သိရပါတယ်။
(၃) အိပ်မပျော်တဲ့ ညများ
တချို့ညတွေမှာ တညလုံး စိတ်ဖိစီးတာတွေ များပြီး အိပ်မရတာတွေ ရှိတတ်ပါတယ်။ တညလုံးအိပ်မပျော်တဲ့ အကြောင်းတွေကို သူငယ်ချင်းမိတ်ဆွေတွေကို ပြောပြဖြစ်တာမျိုးတွေလည်း ရှိမှာပါ။ ဒါပေမဲ့ သတင်းကောင်းကတော့ တညလုံး အိပ်မရဘူးဆိုတာ လုံးဝမရှိတာပါပဲ။ သင်က သင့်ကိုယ်သင် တညလုံး မအိပ်ဘူးလို့ ထင်နေပေမယ့် အားကုန်ခမ်းသွားတဲ့ အချိန်မှာ အိပ်ပျော်သွားပါတယ်။ အိပ်ပျော်သွားတာကို သင်က မသိလိုက်တာပါ။ တညလုံး အိပ်မရတဲ့ ညဆိုတာ မရှိဘဲ အိပ်ပျော်လိုက် နိုးလိုက်ဖြစ်တဲ့ ညသာ ရှိတယ်လို့ သိရပါတယ်။
(၄) အိပ်ချိန် သတ်မှတ်ချက်
အိပ်ချိန်သတ်မှတ်ချက်ဆိုတာက လူတိုင်းသိတဲ့ အရာတခုပါပဲ။ လူတယောက်ဟာ တညကို ၈ နာရီ အိပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ ပုံသေသတ်မှတ်ချက် မဟုတ်ပါဘူး။ တချို့လူတွေဟာ ၆ နာရီလောက် အိပ်ပြီးရင် အားအင်ပြည့်ဖြိုးပြီး အိပ်ရာ နိုးလာနိုင်ပေမယ့် တချို့လူတွေကတော့ ၉ နာရီလောက်မှ မအိပ်ရရင် အားကုန်ခမ်းနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ချိန် သတ်မှတ်ချက်ဆိုတာထက် သင်နဲ့ သင့်လျော်မယ့် အိပ်ချိန်ကို သင်ကိုယ်တိုင် သိထားဖို့ လိုပါတယ်။
Ref; tips-and-tricks