စတိုင်အပြည့်နဲ့ စမတ်ကျကျ ကာကွယ်နိုင်မယ့် Cobalt Mask ၁ သန်းကို ဇွန် ၁ ရက်ကစပြီး ဘန်ကောက်မြို့ရဲ့ MRT ဘူတာတွေမှာ ဝေငှပေးသွားတော့မှာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါခေတ်ကြီးထဲမှာ နောက်ပိုင်း အသုံးများလာတာကတော့ ဒီဇိုင်းဆန်းဆန်း၊ အဝတ်စနဲ့ လုပ်ထားတဲ့ နှာခေါင်းစည်း Mask တွေပါ။
ဘူတာတွေမှာ ခရီးသည်တွေလက်ထဲ အတတ်နိုင်ဆုံး ရောက်အောင် ဇွန် ၁ ရက်ကစပြီး သြဂုတ်ထိ ဝေငှပေးဖို့ စီစဉ်ထားပါတယ်။ Mask တွေကို မနက် ၆ နာရီခွဲကနေ ၉ နာရီ ပစ္စည်းလက်ကျန် ရှိသလောက်ထိ Chatuchak Park, Lat Phrao, Tha Phra နဲ့ Huai Khwang တို့အပါအဝင် ဘူတာ ၁၁ ခုမှာ စတင်ပေးဝေမှာ ဖြစ်ပါတယ်။
ခရီးသည်တယောက်ကို တခုရမှာဖြစ်ပြီး MRT card ထဲ အနည်းဆုံး ထိုင်းဘတ်ငွေ ၅၀၀ ဖြည့်တဲ့သူတိုင်းလည်း ပစ္စည်းလက်ကျန်ပေါ်မူတည်ပြီး Mask တခုရမှာ ဖြစ်ပါတယ်။ ဇူလိုင်နဲ့ သြဂုတ်လအတွင်း ပေးဝေမယ့်အစီအစဉ် အသေးစိတ်ကိုတော့ Bangkok Expressway and Metro ကနေ အသေးစိတ် ကြေညာပေးသွားမှာပါ။
ကန့်သတ်မှုတွေကို ဖြေလျော့လိုက်တာကြောင့် စီးပွားရေးလုပ်ငန်း အများအပြား ပြန်လည် ဖွင့်နေပြီဖြစ်တဲ့ ဘန်ကောက်မြို့ပေါ်မှာ MRT စီးနင်းသူတွေလည်း ပိုများလာနေပါတယ်။ ရောဂါကာကွယ်ရေးအတွက် စိတ်ချရအောင် ဘူတာတိုင်းမှာ ပိုးသတ်ဆေးဖျန်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
ဘန်ကောက် အစိုးရအဖွဲ့ကတော့ COVID-19 ရောဂါကာကွယ်ရေးအတွက် စီးပွားရေးလုပ်ငန်း ၁၆ မျိုးကို ဇွန်လကုန်ထိ နောက်ထပ် ထုတ်ပြန်ချက် မထွက်မချင်း ပိတ်ထားဦးမယ်လို့ ဆိုပါတယ်။ လူထူထပ်နိုင်တဲ့ ဘားတွေ၊ အားကစားခန်းမတွေ၊ ကစားကွင်းတွေနဲ့ စောင့်ရှောက်ရေးဂေဟာတွေကို ပိတ်ထားရဦးမှာဖြစ်ပြီး အကယ်၍ ဥပဒေချိုးဖောက်မယ်ဆိုရင် ထိုင်းဘတ်ငွေ ၁ သိန်းနဲ့ ထောင် ၁ နှစ်ထိကျခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလတည်းက ကူးစက်မှုတွေ ရှိခဲ့တဲ့ ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ထိ စုစုပေါင်း ၃၀၁၈ ဦး ကူးစက်ခံထားရ ပြီး သေဆုံးသူ ၅၇ ဦးရှိပါပြီ။ ဇွန်လ ၁ ရက်မှာတော့ ကူးစက်ခံရသူ ၁ ဦးသာ ရှိခဲ့ပြီး သေဆုံးသူမရှိလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ကူးစက်ခံရသူ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးက ရုရှားနိုင်ငံက ပြန်လာသူဖြစ်ပြီး ထိုင်းနိုင်ငံတွင်းမှာတော့ ပြည်တွင်းကူးစက်မှုတွေ မရှိခဲ့တာ တပတ်ကျော် ကြာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း COVID-19 ရောဂါထိန်းချုပ်ရေးစင်တာမှ တာဝန်ရှိသူတဦးက “လက်ရှိအခြေအနေဟာ ကန့်သတ်ထိန်းချုပ်ထားတဲ့ Lockdown အခြေအနေကို ပြောင်းလဲနိုင်လိမ့်မယ်” လို့ ဆိုပါတယ်။
တချို့နေရာတွေမှာ ကူးစက်မှုတွေ လျော့နည်းလာတာကြောင့် အကာအကွယ် နှာခေါင်းစည်း Mask မတပ်ဘဲ အပြင်ထွက် သွားလာနေသူတွေ ရှိတာကြောင့် စိုးရိမ်မိတယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။
Ref: Coconuts Bangkok / Bangkok Post
You may also like these stories:
မျက်နှာကို ဆာဂျရီ အကြိမ်ပေါင်း ၃၀ လုပ်ဆောင်ခဲ့တဲ့ ထိုင်းအမျိုးသား
ကိုဗစ် ဒုတိယလှိုင်းက ကူးစက်မှု အမြင့်ဆုံး ဖြစ်နိုင်ကြောင်း WHO သတိပေး
ကားပစ္စည်းတွေ အသုံးပြုပြီး အသက်ရှုစက် တီထွင်နေတဲ့ မိန်းကလေးများ