သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ အဖွဲ့သစ် ဖွဲ့စည်းလိုက်သော်လည်း ၎င်းတို့ချမှတ်ထားသည့် ရည်ရွယ်ချက်များကြောင့် လက်တွေ့ အကောင်အထည်ဖော်ရန် မလွယ်ကူကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) က ပြောဆိုလိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေအား လက်ခံ၍ နိုင်ငံရေးပါတီများ ထူထောင်ပြီး ရွေးကောက်ပွဲဝင်ပြီးမှသာ ထာဝရ ငြိမ်းချမ်းရေး လုပ်ဆောင်သွားရန် စသည့်ရည်ရွယ်ချက်များ အဆိုပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ချမှတ်ထားကြောင်း ကြားသိရသည်ဟု KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
“အဲဒီ ပုံစံအတိုင်းပဲ ဆိုရင်တော့ တိုင်းရင်းသား အင်အားစုတွေက အဲဒီလမ်းကြောင်းကို ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ နောက်ဆုံးကျတော့ လွှတ်တော်ထဲမှာပဲ အားလုံး သဘောတူညီ လက်မှတ်ရေးထိုးကြမည်ဆိုတဲ့ အချက်တွေ ပါလာတယ်” ဟု ဦးလနန်က ဆိုသည်။
အစိုးရအနေနှင့် အသစ်ပြန်လည် ဖွဲ့စည်းထားသော်လည်း မည်ကဲ့သို့ ဆွေးနွေးကြမည် ဆိုသည့်အချက်က အရေးကြီးသည်ဟုလည်း ဦးလနန်က ပြောသည်။
“လူပုဂ္ဂိုလ်လဲတယ် ဆိုတဲ့ကိစ္စထက် တိုင်းရင်းသားတွေ ဘယ်လို လိုလားပါတယ် ဆိုတဲ့ကိစ္စအပေါ်မှာ ထည့်ပြီတော့ စဉ်းစားပြီးမှပဲ ဆွေးနွေးမှုလမ်းကြောင်းကို ချမှတ်သင့်တယ်” ဟု ၎င်းက ဆိုသည်။
ယခင်က အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို ဦးအောင်မင်း ခေါင်းဆောင်သောအဖွဲ့နှင့် ဦးအောင်သောင်း ခေါင်းဆောင်သော အဖွဲ့ဟူ၍ နှစ်ဖွဲ့ထားရှိရာ ဦးအောင်သောင်း အဖွဲ့သည် KIO နှင့် ဆွေးနွေးရာတွင် အောင်မြင်မှု မရရှိခဲ့ပေ။ ပြန်လည် ဖွဲ့စည်းလိုက်သော အစိုးရ အငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သစ်ထဲတွင် ဦးအောင်သောင်း ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းမှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းကလည်း “ဒီ မပြေလည်သေးတဲ့ နိုင်ငံရေးပြဿနာများကို လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးဖို့ ဆိုပြီးတော့ ကျနော်တို့လည်း တောင်းဆိုထားတယ်။ အဲဒီ အခန်းကဏ္ဍ မရောက်သေးသရွေ့ဘယ်လို ဖြစ်လာမလဲဆိုတာ ခန့်မှန်းလို့ မရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် ယင်း အသစ်ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို ကြိုဆိုကြောင်း ၎င်းကဆိုသည်။
SSA တောင်ပိုင်း၊ SSA မြောက်ပိုင်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကလို့ထူးဘော အဖွဲ့၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ(KNPP) စသည့် ၁၀ ဖွဲ့ထက်မနည်းနှင့် အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။
သမ္မတရုံးနှင့် နီးစပ်သူတဦး၏ အဆိုအရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ပထမအဆင့် ဦးတည် ချက် ၅ ချက်နှင့် ဒုတိယ အဆင့် ဦးတည်ချက် ၈ ချက် ပါဝင်ကြောင်း သိရသည်။
ဒုတိယအဆင့် ဦးတည်ချက်များအနက် အရေးကြီးသော အချက်များမှာ လက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံပြီး ထာဝရ ငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ရောက်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တခုတည်းသော လက်နက်ကိုင်းအဖွဲ့ အစည်းအဖြစ် အသွင်းကူးပြောင်းရေး စသည့်အချက်များ ပါဝင်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ အမိန့် ကြေညာစာ အမှတ် ၃/၂၀၁၂ တွင် ဖော်ပြထားသည်ဟု သမ္မတရုံးနှင့် နီးစပ်သူထံမှ သိရသည်။
၎င်းက “နောက်ဆုံးမှာတော့ လက်နက်ကိုင် အဖွဲ့တွေအားလုံးက တပ်မတော်နဲ့ ပူးပေါင်းပြီး တခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းရမယ်” ဟု ပြောသည်။
အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ၏ ဦးတည်ချက်သည် လက်တွေ့ငြိမ်းချမ်းရေး ရရှိရန် မလွယ်ကူကြောင်း ပြည်တွင်းနိုင်ငံရေးသမား တချို့က သုံးသပ်သည်။
“ကချင်ဘက်က ပြောနေတာက နိုင်ငံရေးအရ ဆွေးနွေးပြီးမှ အပစ်အခတ်ရပ်တာ၊ ငြိမ်းချမ်းရေး လုပ်မယ်လို့ တလျှောက်လုံး ပြောနေတာပဲ။ ဆိုလိုတာက နိုင်ငံရေးအရ ဆွေးနွေးတယ်ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းရင်းသားတွေအားလုံး လက်ခံအောင် ပြင်ခိုင်းတာ။ အခု အစိုးရငြိမ်းချမ်းရေး ကော်မတီရဲ့ ဦးတည်ချက်မှာက အပစ်အခတ်ရပ်၊ ငြိမ်းချမ်းရေးလုပ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလက်ခံ၊ ပြီးတော့ ပါတီဖွဲ့၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲရောက်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပေါ့။ အဲဒါကတော့ ကချင်လို တိုင်းရင်းသားအဖွဲ့တွေက လက်ခံမှာ မဟုတ်ဘူး” ဟု ပြည်တွင်ရှိ နိုင်ငံရေး လှုပ်ရှားနေသူတဦးက ဆိုသည်။
သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ နှစ်ရပ်ကို ယခု မေလ ၃ ရက်က အထူးညွှန်ကြားချက် ဖြင့်ဖွဲ့စည်းခဲ့သည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ဗဟိုကော်မတီအနေနှင့် မူဝါဒများချမှတ်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံရပ်ခြား ပြည်ပအဖွဲ့အစည်းများနှင့် ဆက်ဆံခြင်း၊ ရန်ပုံငွေ ထူထောင် သုံးစွဲခြင်းများနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြဋ္ဌာန်းမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ
ဥက္ကဋ္ဌ – သမ္မတ ဦးသိန်းစိန်
အဖွဲ့ဝင်များ – ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်း၊ နယ်စပ်ရေးရာ ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်
ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ
ဥက္ကဋ္ဌ – ဒေါက်တာ စိုင်းမောက်ခမ်း
ဒုတိယ ဥက္ကဋ္ဌများ – ဒု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ မီးရထားဝန်ကြီး ဦးအောင်မင်း၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်
အဖွဲ့ဝင်များ – သမဝါယမဝန်ကြီး ဦးအုန်းမြင့်၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီ၊ သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ အမှတ် (၂) လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ် ၁၀ ဦး၊ စစ်တိုင်းမှူး ၁၀ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၉ ဦးနှင့် တခြားအဖွဲ့ဝင်များ စုစုပေါင်း အဖွဲ့ဝင် ၅၂ ဦး
ဧရာဝတီ သတင်းထောက် အောက်သက်ဝိုင်းနှင့် သန်းထိုက်ဦးတို့ ပူးပေါင်းရေးသားသည်။
ဆက်စပ်သတင်း