၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းကျောင်းသားများ အနေဖြင့် အခမဲ့ ပညာရေး သင်ယူခွင့်ရမည်ဟု နိုင်ငံတော်အစိုးရက ကြေညာထားသော်လည်း ရန်ကုန်မြို့တွင်းရှိ ကျောင်းတချို့တွင် ငွေကြေးကို အလှူငွေအဖြစ် ပြောင်းလဲ ကောက်ခံမှုများ ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။
ယခု ကျောင်းအပ်ရာသီ၌ ရန်ကုန်မြို့တွင်း မြို့နယ်တချို့မှ ကျောင်းများတွင် မူလတန်း ကျောင်းသားတဦးလျှင် အနည်းဆုံး အလှူငွေ ၁၀၀၀ ကျပ်၊ အလယ်တန်း ကျောင်းသား တဦးလျှင် ၂၅၀၀ ကျပ်နှင့် အထက်တန်းကျောင်းသား တဦးလျှင် ၃၀၀၀ ကျပ်ခန့် ပေးဆောင်နေရကြောင်း မိဘများကဆိုသည်။
“ကျမကလေးက မူလတန်းဆိုတော့ အခမဲ့ပညာရေးလို့ သိထားတာ။ တကျပ်မှ ပေးစရာမလိုဘူးလို့ ကြေညာထားပေမယ့် အလှူငွေဆိုပြီး တောင်းတယ်။ ဗလာစာအုပ် ၆ အုပ်ပဲရတယ်။ ခါတိုင်းနှစ်တွေထက်စာရင်တော့ တော်ပါသေးတယ်။ ခဲတံနဲ့
ဖတ်စာအုပ်ကိုတော့ အပြင်မှာ ဝယ်ရတယ်” ဟု တောင်ဒဂုံမြို့နယ်ရှိ ကျောင်းသားမိဘ တဦးက ဧရာဝတီသို့ ပြောသည်။
မူလတန်းများအား အတန်းတင်စာမေးပွဲ တနှစ်လုံးအတွက် ကျပ် ၁၀၀၀ သာ ကောက်ခံမည် ဖြစ်ကြောင်း၊ သို့သော် အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများအတွက် ယခုကောက်ခံသော ငွေသည် အသေ မဟုတ်သေးကြောင်း၊ လိုအပ်ပါက ထပ်မံကောက်သွားမည်ဖြစ်ကြောင်း ကျောင်းအပ်သည့် နေ့တွင် ဆရာ/ ဆရာမများက ပြောထားသည်ဟု ရန်ကုန် သင်္ဃန်းကျွန်း မြို့နယ်နေ မိဘများက ဆိုသည်။
“မူလတန်းကလေးတွေကို ထပ်မကောက်တော့ဘူးသာ ပြောတာ၊ ဒါပေမယ့် လလယ်လည်း ရောက်ရော ဘာတွေထပ်ပြီး ကောက်ဦးမှာလဲ ဆိုတာ စဉ်းစားရင်း လန့်နေတယ်” ဟု ကျောင်းသား မိဘတဦးက ပြောသည်။
နိုင်ငံတော် အစိုးရက မူလတန်းပညာရေးကို အခမဲ့သင်ယူနိုင်ရန် ကြေညာထားသကဲ့သို့ ချို့တဲ့ ပညာသင် စရိတ်အဖြစ် မူလတန်းကျောင်းသား တဦးလျှင် တလ ၅၀၀၀ ကျပ်၊ အလယ်တန်းတဦးလျှင် တလ ၆၀၀၀ ကျပ်နှင့် အထက်တန်း တဦးလျှင် တလ ၈၀၀၀ ကျပ် ပေးအပ်သွားမည်ဟုလည်း ပြောဆိုထားသည်။
အလယ်တန်း ပညာသင်ဆုများကိုလည်း မြို့နယ်တမြို့နယ်လျှင် တဦးနှုန်းဖြင့် အစိုးရက ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ အလယ်တန်း ပညာသင်ဆုကို မူလတန်း စာမေးပွဲအပြီးတွင် နောက်ထပ်စာမေးပွဲ တခု ထပ်မံ ဖြေဆိုစေကာ ထူးချွန် ကျောင်းသားတဦးလျှင် တလ ကျပ် ၁၀၀၀၀ ထောက်ပံ့သွားမည်ဟု ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူးက
ပြောကြားကြောင်း မိဘများထံမှ သိရသည်။
“ချို့တဲ့ပညာသင် စရိတ်ကတော့ လျှောက်တဲ့ဦးရေ နည်းမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်လေး အလုပ် ရှုပ်တယ်။ ချို့တဲ့တဲ့သူ တော်တော်များများက ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေကို အဓိက သွားကြတယ်။ အဲဒီမှာက ဘာမှ မရှုပ်ဘူးလေ’’ ဟု ရန်ကုန် လှိုင်သာယာမြို့နယ်အတွင်းနေ ကျောင်းသားမိဘ တဦးက ဆိုသည်။
ရန်ကုန်မြို့ရှိ နာမည်ကျော် ဒဂုံ အထက ၁ ကျောင်းတွင်မူ ကျောင်းဆရာ၊ ဆရာမများသည် ကျောင်းသား တဦးလျှင် အလှူငွေ သိန်းချီ၍ ကောက်ခံနေသေးကြောင်း ဒေသခံ မိဘများထံမှ စုံစမ်းသိရသည်။
သင်္ဃန်းကျွန်း မြို့နယ်ရှိ ကျောင်းသားမိဘ တဦးကလည်း “ပိုက်ဆံတော့ ပေါ်တင် မတောင်းတော့ဘူး။ ဒါပေမယ့် အခန်းကောင်းကောင်းမှာ နေချင်ရင် ပိုက်ဆံပိုပေးကြ ဆိုပြီး တောင်းတာ ရှိတယ်။ တချို့မိဘတွေကျတော့ ဆရာ၊ ဆရာမတွေက မတောင်းရသေးဘူး ကိုယ့်ကလေး နေရာကောင်းကောင်းရဖို့ ဆိုပြီး ကန်တော့တာတို့၊ အတင်းပေးတာတို့ လုပ်ကြတယ်” ဟု ပြောသည်။
ပညာရေး ဝန်ထမ်းများ၏ လစာငွေမှာ အသုံးစရိတ်နှင့် ကာမိခြင်း မရှိသောကြောင့် ယခုကဲ့သို့သော ကျောင်းဖွင့်ရာသီတွင် ကျောင်းသား မိဘများထံမှ နည်းအမျိုးမျိုးဖြင့် ငွေကြေးတောင်းခံခြင်း၊ အိမ်တွင် အခကြေးငွေယူ၍ အတန်းသားများအား ကျူရှင် ပြရခြင်းတို့ ပြုလုပ်နေရခြင်း ဖြစ်ကြောင်း ကျောင်းသားမိဘများက ဝေဖန်ပြောဆိုနေကြသည်။
မြန်မာနိုင်ငံတော် အစိုးရသည် ယခင်နှစ်များက ပညာရေး အသုံးစရိတ်ကို အစိုးရ ဘက်ဂျက်၏ ၂ ရာခိုင်နှုန်းသာ အသုံးပြုခဲ့ သော်လည်း ယခုနှစ်တွင် ၄ ဒဿမ ၇၁၃ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု သိရသည်။