ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားခရိုင်ရှိ ဘုန်းကြီးကျောင်းများနှင့် အိမ်များ ဖျက်ဆီးခံရမှုနှင့် ပတ်သတ်ပြီး သံဃာတော် အပါး ၂၀၀ ကျော်သည် ရန်ကုန်မြို့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အမှတ် (၁) ရှိ မကွေး ပရိယတ္တိစာသင်ကျောင်းတွင် ဆန္ဒပြမှုပြုလုပ်ခဲ့သည်။
စက်တင်ဘာလ ၃၀ ရက်နေ့က ကောက်စ်ဘဇားမြို့တွင် ဘာသာရေး စော်ကားသည့် ဖေ့စ်ဘုတ်ဓာတ်ပုံတပုံကို အကြောင်းပြုပြီး မွတ်ဆလင်များက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁၀ ကျောင်းကျော်နှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
မကွေးစာသင်တိုက်ရှိ ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး ဒဂုံ အရှေ့ပိုင်း အနော်ရထာ ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း ၈၀ မှ သံဃာအပါး ၂၀၀ ကျော်နှင့် လူပုဂ္ဂိုလ် ၂၅ ယောက်သည့် ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒပြခွင့်မပြုခဲ့သဖြင့် မကွေးပရိယတ္တိ စာသင်ကျောင်း၌ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲမှ ၁ နာရီခွဲထိ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဒေါ်နော်အုန်းလှက ဧရာဝတီသို့ ပြောသည်။
“ဘင်္ဂလားဒေ့ရှ် သံရုံးမှာ ဆန္ဒပြဖို့ မရဘူး။ စာသင်တိုက်မှာလည်း ပြခွင့်မပေးထားပါဘူး။ ဒါပေမယ့် အခုချိန်အထိတော့ သက်ဆိုင်ရာက ဘာမှလာမပြောသေးဘူး။ ဆရာတော်ကတော့ လာဖမ်းရင်လည်း လိုက်သွားရုံပါပဲ” ဟု ၎င်းက ဆိုသည်။
မကွေးပရိယတ္တိစာသင်တိုက်အတွင်း သံဃာတော်များ ဆန္ဒပြခွင့်ကို သံဃနာယကများက ခွင့်မပြုသော်လည်း တားဆီးပိတ်ပင်မှု မလုပ်ခဲ့ကြောင်း၊ အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဘုန်းကြီးကျောင်းနှင့် ဗုဒ္ဓဆင်းတုတော်များ မဖျက်ဆီးရေးတို့ကို ဆိုင်းဘုတ်ကိုင်ကာ ကျောင်းဝင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
“ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ပြခွင့်မပေးဘူး။ ထိုင်းနိုင်ငံမှာတောင် သံဃနာယကတွေက ဆန္ဒပြတာ ဘာမှမပြောဘူး။ ဒီနိုင်ငံကလည်း ပြခွင့်ပေးရမှာပါ” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် ရဟန်းတပါးက မိန့်သည်။
အောက်တိုဘာလ ၃ ရက်နေ့က ထိုင်းနိုင်ငံရှိ သံဃာတော် ၃၀၀ ခန့်က ဘုန်းကြီးကျောင်းများနှင့် အိမ်များ ဖျက်ဆီးခံခဲ့ရမှုအတွက် ဘန်ကောက်မြို့ရှိ ဘင်္ဂလာဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုတွင် မွတ်စလင် ရိုဟင်ဂျာ ဒုက္ခသည်များ ပါဝင်ပတ်သက်နေကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားသည်။ ဤသို့ မီးရှို့ဖျက်ဆီးခံရမှုတွင် ရိုဟင်ဂျာများနှင့် နိုင်ငံရေးအတိုက်အခံများ ပါဝင်ပတ်သက်နေကြောင်း၊ အကွက်ချစီစဉ်ပြီး တမင်ရည်ရွယ်ပြုလုပ်သော အားထုတ်မှုဖြစ်ပြီး အတူယှဉ်တွဲနေထိုင်သည့် လူ့အဖွဲ့အစည်းကို အနှောက်အယှက်ဖြစ်စေကြောင်း ဝန်ကြီး မိုဟီအူဒင် ခန်း အယ်လမ်ဂီရ်က ပြောကြားခဲ့သည်။
မီးရှို့ဖျက်ဆီးခံရသည့် နေရာများတွင် လုံခြုံရေးတင်းကြပ်ထားပြီး သံသယရှိသူ လူ ၁၇၀ ကို ဖမ်းဆီးထားကြောင်း သိရသည်။