စစ်တပ်အရာရှိကြီးဟောင်း တချို့၏သားများပါဝင်သည့် လူငယ်အုပ်စုတစုက ရန်ငြိုးရန်စမရှိဘဲ ဓားခုတ်မှုတခု ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့နေ ဖုန်းမြင့်ဝင်း၊ မင်းသတ္တိ ဆိုသည့် လူငယ် ၂ ဦး ပါဝင်သော သူငယ်ချင်း ၅ ဦးသည် ဧပြီ ၁၁ ရက်က သင်္ကြန် မဏ္ဍပ် ဆောက်လုပ်နေရင်း သမ္မတ ရုပ်ရှင်ရုံဘေးရှိ ၃၆၅ ကော်ဖီဆိုင်သို့ ညဘက် သွားရောက်ရာတွင် ဝင်းထွေးလှိုင်၊ သန့်စင်လှိုင် ဟုခေါ်သော လူငယ် ၂ ဦး ပါဝင်သည့် လူငယ်အုပ်စုတစုက ဓား ၊ သံပိုက် စသည့် လက်နက်များဖြင့် ခိုက်ရန်ပြု ခြင်း ခံခဲ့ရသည်ဟု ဦးခေါင်းတွင် ဓားဒဏ်ရာများ ရခဲ့သည့် ဖုန်းမြင့်ဝင်း က ဧရာဝတီကို ပြောသည်။
မင်းသတ္တိ ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင်လည်း ဓားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ကျနော့်ကို ခုတ်တာ။ ခေါင်းမှာ ၂ ချက်ချုပ်ထားရတယ်။ အဲဒါ ဓားနဲ့ခုတ်တာ။ သံပိုက်နဲ့လည်း ရိုက်တယ်။ လုပ်တဲ့သူ တွေ က သန့်ဇင်လှိုင်၊ သူက ဗိုလ်ချုပ်မြင့့့့့့့့့်လှိုင်ရဲ့ သား၊ ဝင်းထေးွလှိုင်၊ သူက ဗိုလ်ချုပ် ဝင်းလှိုင်ရဲ့ သား။ သူတို့အဖွဲ့က ကင်ဒို ဓား နဲ့ ခုတ်တာ။ ကျနော်နဲ့က ရန်စလည်း မရှိဘူး၊ လုံး၀ မသိဘူး၊ မြင်လည်း မမြင်ဖူးဘူး”ဟု ဖုန်းမြင့်ဝင်းက ဧရာဝတီ ကို ပြောသည်။
သို့သော် ဖုန်းမြင့်ဝင်း၊ မင်းသတ္တိတို့ သူငယ်ချင်း အုပ်စုထဲမှ ဘိုလေးဆိုသူနှင့် ဝင်းထွေးလှိုင် တို့ အမှုဖြစ်နေသည်ဟုလည်း သူက ဆက်ပြောသည်။
ဝင်းထွေးလှိုင်သည် ဦးပိုင် လီမိတက် ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ဝင်းလှိုင်၏ သားဖြစ်ပြီး သန့်စင်လှိုင်သည် လယ်/ဆည် ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်၏သား ဖြစ်ကြောင်း ဖုန်းမြင့်ဝင်းက ပြောဆိုသည်။
ဓားဒဏ်ရာများ ရခဲ့သူ အသက် ၂၃ နှစ်ရှိ မင်းသတ္တိ ကလည်း ဦးခေါင်းဒဏ်ရာ ချုပ်ရိုး မဖြေရသေးကြောင်း၊ အခင်းဖြစ် သည့် ဧပြီလ ၁၁ ရက်နေ့ကတည်းက ဒဂုံမြို့နယ် ရဲစခန်းတွင် အမှုဖွင့်၍ ရဲတပ်ဖွဲ့ကို ဖြစ်ရပ်စုံ ပြောပြခဲ့ကြောင်း ဧရာဝတီ ကို ပြောသည်။
“ကျနော်က ခေါင်းမှာ ၅ ချက် ချုပ်လိုက်ရတယ်”ဟု သူက ပြောပြသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဓားဖြင့်အခုတ်ခံရသူတို့က အခင်းဖြစ်သည့်နေ့က ၎င်းတို့စခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဒဂုံရဲစခန်းမှ တယ်လီဖုန်း လက်ခံဖြေကြားသူ ရဲ ဝန်ထမ်း တဦးက အတည်ပြုပြောသည်။
အခင်းဖြစ်ပွားပြီးနောက် ၎င်းတို့အား ဓားဖြင့် ခုတ်သွားခဲ့သူ အုပ်စုထဲမှ တဦးကို ဖမ်းမိထားသည်ဟု ရဲစခန်းမှူးက မင်း သတ္တိအား ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း၊ သို့သော် ဖမ်းဆီးထားသူ မည်သူ ဆိုသည်ကို မသိရှိကြောင်း မင်းသတ္တိက ဧရာဝတီကို ပြောပြသည်။
ဖုန်းမြင့်ဝင်းက“လူတယောက်ကို ဘာရန်ငြိုးမှ မရှိဘဲ အသေလုပ်တာ။ လက်သီးနဲ့ ထိုးတယ်ဆိုလည်း ဖြေသိမ့်နိုင်တယ်။ အခုဟာက ဓားတွေနဲ့ရော၊ တုတ်တွေနဲ့ရော လုပ်တာ။ သူတို့က ရမ်းကားသလိုဖြစ်နေတယ်”ဟု ဆိုသည်။
ကိုယ်ထိလက်ရောက် ကျူးလွန်သူများဘက်က ယခုအထိ တောင်းပန်ခြင်း မရှိသကဲ့သို့ တောင်းပန်ခဲ့လျှင်လည်း တရား ဥပဒေအရသာ ဆောင်ရွက်သွားလိုကြောင်း သူက ဆက်ပြောသည်။
“အဓိက ကျနော်တို့ သွားချင်တဲ့ပုံစံကတော့ တရားဥပဒေ စိုးမိုးရေးပါပဲ။ တကယ်တမ်း တရားဥပဒေအရ အရေးယူပေး တာကိုပဲ ဖြစ်စေချင်တာပါ”ဟု ဖုန်းမြင့်ဝင်းက ဆိုသည်။
မြန်မာစစ်တပ် အရာရှိကြီးများနှင့် အငြိမ်းစား အရာရှိကြီးများ၏ သားသမီးတချို့သည် မိဘများ၏ အရှိန်အဝါကို အသုံးချ၍ အုပ်စုဖွဲ့ အနိုင်ကျင့်ရမ်းကားမှုများ ရန်ကုန်မြို့တွင် မကြာခဏ ဖြစ်ပွားကြောင်း၊ ည အချိန်မတော်တွင် လောင်းကြေးဖြင့် ကားပြိုင်မောင်းခြင်းနှင့် တာဝန်ကျ အစိုးရဝန်ထမ်းများကိုပင် ရိုင်းပြစွာ အနိုင်ကျင့်မှုများ ပြုလုပ်မှုများလည်း ရှိကြောင်း ရန်ကုန်မြို့က လူငယ်များအကြေားတွင် ပြောဆိုနေကြသည်။