မန္တလေးမြို့တွင် ကျောက်စိမ်းဈေးကွက်နှင့် အချောထည် စက်ရုံများကို တစုတစည်းတည်း ထားရှိမည့် ကျောက်စိမ်း ဈေးကွက်ကြီး တခုကို လာမည့် ၃ လအတွင်း အပြီးတည်ဆောက်နိုင်ဖွယ် ရှိသည်ဟု မြန်မာနိုင်ငံ ကျောက်မျက်လုပ် ငန်းရှင်များ အသင်းမှ သိရသည်။
အဆိုပါ ဈေးကွက်အတွက် လိုအပ်သော နည်းပညာပိုင်း ဆိုင်ရာများကို တရုတ်နိုင်ငံမှ ပညာရှင်များက လာရောက်သင်တန်း ပေးလျှက်ရှိကြောင်း မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးထွန်းလှအောင် က ဧရာဝတီသို့ ပြောသည်။
“ဈေးကွက်နဲ့ စက်ရုံကို ဆောက်နေတာ တော်တော်လေး ပြီးနေပါပြီ။ နောက်ထပ် ၂ လ၊ ၃ လလောက်ဆို ဖွင့်လို့ ရပါပြီ။ အဲဒီလို စက်ရုံတရုံ ဖြစ်ဖို့ အဓိကလိုတာက နည်းပညာပိုင်းပဲ။ မြန်မာနိုင်ငံက ကျောက်စိမ်းထွက်ပြီး အရိုင်းတုံး လိုက်ပို့ နေရတဲ့အတွက် စက်ရုံသာ ပြီးသွားရင် တော်တော်လေး ဈေးကွက် တွင်ကျယ်သွားလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံမှ ကျောက်စိမ်း အများအပြား ထွက်ရှိသော်လည်း ဈေးကွက်က တရုတ်နိုင်ငံ အပေါ်၌သာ မှီခိုနေရကြောင်း၊ တရုတ် နိုင်ငံသားများ၏ ယဉ်ကျေးမှု ဓလေ့အရ ကျောက်စိမ်းကို နှစ်ခြိုက် ဝယ်ယူတတ်ကြသည့် အတွက် ထိုသို့ ဖြစ်နေရကြောင်း ရွှေရတု ကျောက်မျက်ပြပွဲသို့ လာရောက်သော မန္တလေးမြို့မှ ကျောက်ကုန်သည် တဦးက ပြောသည်။
သို့သော်လည်း ဈေးကွက်နေရာကို မန္တလေးမြို့နှင့် မိုင် ၄၀ နီးပါးဝေးသော နေရာတွင် တည်ဆောက်နေသည့် အတွက် ပြီးစီးသွားလျှင်လည်း မန္တလေးမြို့ခံ ကျောက်ကုန် သည်များက နေရာသစ်ကို မသွားလိုကြဟု ကျောက်လုပ်ငန်းရှင် တချို့က ဧရာဝတီသို့ ပြောသည်။
“ဘယ် ကျောက်သမားတွေကမှ သွားမှာ မဟုတ်ဘူး။ အရင် မန္တလေးက ကျောက်တန်းမှာပဲ လုပ်ကြဖို့ရှိတယ်။ တနေ့ကို ဒီလောက် ခရီးအကွာအဝေး သွားပြီး ဈေးကွက် လုပ်ကြဖို့က အဆင်ပြေမှာ မဟုတ်ဘူး။ ကျောက်တန်းမှာဆိုတာ ရောင်းဝယ် ကြတဲ့သူတွေတင်မကဘူး၊ အလုပ်သမားတွေလည်း အများကြီးရှိတယ်” ဟု မန္တလေးမြို့မှ အမည်မဖော်လိုသော ကျောက်ကုန်သည် တဦးက ဆိုသည်။
မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းမှ တွဲဘက်အတွင်းရေးမှူး ဦးထွန်းလှအောင် ကမူ ကျောက်စိမ်း ဈေးကွက်နှင့် အချောထည် စက်ရုံများ တည်ဆောက်မည် ဆိုလျှင် ထုထည်ကြီးမားသည့် အတွက် နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိရန် လိုအပ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ အနေဖြင့် ကျောက်စိမ်း ဈေးကွက်နှင့် အချောထည်စက်ရုံများ တည်ထောင်ပြီး ကုန်ချောအဖြစ် ရောင်းချမည် ဆိုလျှင် ကျောက်ဈေးကွက်အတွင်းရှိ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးရန် လိုအပ်ကြောင်း တရုတ် နှင့် ဟောင်ကောင် ဈေးကွက်များသို့ ကျောက်စိမ်း တင်ပို့နေသော မန္တလေးအခြေစိုက် အမည်မဖော်လိုသူ ကျောက်ကုန်သည် တဦးက ဧရာဝတီသို့ ပြောပြသည်။
မြန်မာနိုင်ငံ၏ ကျောက်စိမ်းအချောထည် လုပ်ငန်းနည်းပညာသည် အလွန် အဆင့်နိမ့်ကျနေသဖြင့် ပြည်ပ ကျောက် အချောထည် လုပ်ငန်းရှင်များ လာရောက် လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာမှ စည်းမျဉ်း ဥပဒေများ ပြဌာန်း သတ်မှတ် ပေးရန် လိုအပ်နေသကဲ့သို့ ပြည်တွင်းလုပ်ငန်းရှင်များ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန်လည်း အခွင့်အလမ်းများ ဖော်ဆောင် ပေးသင့်သည်ဟု ၎င်းက ဆိုသည်။
“အစိုးရအနေနဲ့ တကယ် လုပ်မယ်ဆိုရင် ရပါတယ်။ ဒါပေမယ့် ဝုန်းဒိုင်းကြီးလည်း ပြောင်းလဲ ပေးလိုက်လို့မရဘူး။ အားလုံးသာ လွတ်လပ်ခွင့် ပေးလိုက်ရင် ပြည်တွင်းသမားတွေ ဘာမှ လုပ်လို့မရဘူး။ ဒီအတိုင်း ဆက်သွားနေရင်လည်း တရုတ် ကျောက် အချောထည် လုပ်ငန်းရှင်တွေက လာမှာမဟုတ်ဘူး။ ဒါကြောင့် အဲဒီအခြေအနေကို ကိုယ့်အတွက် အဆင်ပြေမယ့် နည်းလမ်း တွေ ဖော်ဖို့လိုတယ်။ ကျောက်သမားတိုင်း သိပါတယ်။ အခုက ဘာတွေ ဖြစ်နေတယ်ဆိုတာ” ဟု သူက ဆက်ပြောသည်။
ထို့အပြင် တရုတ်နိုင်ငံ ရွှေလီ ကျောက်ဈေးကွက်သို့ ဝင်ရောက်နေသော မှောင်ခိုကျောက်များနှင့် ပက်သက်ပြီး နိုင်ငံ တော်အတွက် အကျိုးရှိလာစေမည့် နည်းဥပဒေများ ပြဌာန်း အတည်ပြုပေးရန်လည်း လိုအပ်ကြောင်း ရန်ကုန်ကျောက်စိမ်း ကုန်သည်တဦးက ဆိုသည်။
ရွှေလီဈေးကွက်အတွင်းသို့ ဝင်ရောက်နေသော ကျောက်စိမ်းများတွင် မှောင်ခိုလိုင်းနှင့် တရားဝင် လိုင်းများမှ ဝင်ရောက်မှု ခြင်းက ပမာဏ အတူတူ ဖြစ်သည်ဟု ၎င်းက ပြောသည်။