ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ယနေ့မှစတင်ပြီး ၃ ရက်အကြာ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံတွင် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကိစ္စ အချက် ၂ ချက်အပေါ် မူတည်ဆွေးနွေးသွားကြမည်ဟု သိရှိရသည်။
တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ တဖွဲ့ချင်းစီ၏ အမြင်များကို သုံးသပ်ခြင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ သဘောထားအပေါ် သုံးသပ်တင်ပြခြင်း၊ အစိုးရမှ ပေးပို့ထားသော လက်မှတ်ရေးထိုးရန် သဘောထား စာတမ်းမူကြမ်းအပေါ် သုံးသပ်တင်ပြခြင်း၊ သဘောထားဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ ဆွေးနွေးချက်တို့ပါကြောင်း၊ နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကိစ္စတွင် ကရင်အမျိုးသား အစည်းအရုံးနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ / ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) မှ ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များ ဆွေနွေးထားသည့်အပေါ် ရှင်းလင်းတင်ပြခြင်းတို့ ပါဝင်ကြောင်း အစည်းအဝေး ထုတ်ပြန်ချက်အရ သိရှိရသည်။
ဆွေးနွေးပွဲအစတွင် တိုင်းရင်းသား ခေါင်းဆောင်တချို့က အမြင်သဘောထားများ တင်ပြခဲ့ရာ မူလက တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကိစ္စပြီးမှသာ နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကိစ္စကို ဆွေးနွေးရန် စီစဉ်ထားရာမှ နောက်ဆုံးတွင် နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကိစ္စ ဆွေးနွေးပြီးမှသာ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကိစ္စကို ဆွေးနွေးမည်ဖြစ်ကြောင်း ဆွေးနွေးမှု အစီစဉ်ကို ပြောင်းလဲခဲ့ကြသည်။
ယခု ညီလာခံအတွက် သမ္မတ ဦးသိန်းစိန်၊ ကယန်းပြည်သူ့ပါတီ၊ NLD လွတ်မြောက်နယ်မြေနှင့် ဦးခွန်မာကိုဘန်း၏ နယ်စပ်အခြေစိုက် နိုင်ငံရေး အဖွဲ့တို့မှ သဝဏ်လွှာများ ပေးပို့ထားကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ထံမှ သိရသည်။
လိုင်ဇာ ညီလာခံကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဆွေးနွေးသွားမည်ဖြစ်ပြီး တိုင်းရင်းသားအရေးကို တိုင်းရင်းသားများသာ ဆွေးနွေးသင့်သည်ဟု ယူဆ၍ မည်သည့်အဖွဲ့အစည်းကိုမျှ ဧည့်သည်အဖြစ် ဖိတ်ကြားထားခြင်း မရှိကြောင်း KIA မှ ဗိုလ်မှူးကြီး မရန်ဇော်တောင်က ပြောသည်။
ညီလာခံတွင် သဘာပတိများအဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌ ဦးဇောင်းဟရား၊ KNU ဥက္ကဌ စောမူတူးစေးဖိုးတို့က ဆောင်ရွက်ပြီး တွဲဖက် သဘာပတိအဖြစ် UNFC ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ ဒု ဥက္ကဌအဖြစ် KNU မှ ပဒိုကွယ်ထူးဝင်း၊ အတွင်းရေးမှူးအဖြစ် မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာ၊ တွဲဖက်အတွင်းရေးမှူးအဖြစ် RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလှတို့က ဆောင်ရွက်သည်။ အဖွဲ့ဝင်များအဖြစ် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) မှ တားအိုက်ဘုန်း၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ ခူးဦးရယ်၊ ချင်းအမျိုးသားတပ်ဦးမှ ပူးဇင်ကျုံး၊ ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းကျော်လ၊ UNFC မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ KIA မှ ဗိုလ်ချုပ် ဂွန်မော်နှင့် ဒုတိယ ဗိုလ်မှူးကြီး ဆင်းပါးတို့က ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ တိုက်ခဲ့ပေမယ့် အဖြေတစုံတရာ မထွက်ခဲ့ဘူး။ နိုင်ငံရေးပြဿနာဖြစ်လို့ နိုင်ငံရေးနည်းအရပဲ ဖြေရှင်းမှဖြစ်မယ်။ ကောင်းတဲ့အဖြေတခု ရမယ်ထင်ပါတယ်။ မတူညီတာတွေ ရှိကောင်းရှိနိုင်ပေမယ့် ညီညွတ်ဖို့ အရေးကြီးတယ်။ Unity and diversity ဖြစ်အောင် လုပ်ရမယ်။ အဲဒီလို မဖြစ်လို့ကတော့ အောင်မြင်မှာ မဟုတ်ဘူး” ဟု KNU ဥက္ကဌ စောမူတူးစေးဖိုးက အစည်းဝေးပွဲတွင် တိုင်းရင်းသားခေါင်းဆောင်များကို ပြောကြားသည်။
KIA မှ ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လက “အစိုးရပိုင်းက တပြည်လုံး အပစ်အခတ်ရပ်စဲဖို့ ပြောနေလို့ ဒီကွန်ဖရင့်ကို လုပ်ကြရတာပါ။ ဒီကွန်ဖရင့်ကနေ နိုင်ငံရေးဆွေးနွေးမှုကို ဦးတည်သွားနိုင်ပါမယ်။ ပင်လုံ ကတိကဝတ်ကို လိုက်နာခဲ့ခြင်း မရှိခဲ့ဘူး။ ခေတ်အဆက်ဆက်က အုပ်ချုပ်သူတွေက လူမျိုးကြီးဝါဒကို အုပ်စိုးပြီး လုပ်ချင်တိုင်း လုပ်ခဲ့တယ်။ ၁၉၆၂ မှာ တိုင်းရင်းသားတွေ အလိမ်ခံခဲ့ရတယ်။ ဒီအခြေအနေကိုကြည့်ရင် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ရှိမရှိဆိုတာ သိနိုင်မှာပါ။ သင်ခန်းစာတွေ မမေ့ဖို့လိုတယ်။ တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ အမှားခံလို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမို့ ဝိုင်းဝန်းအဖြေရှာဖို့ လိုပါတယ်” ဟု ပြောကြားသည်။
တပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကိစ္စနှင့် ပတ်သက်၍ အစိုးရမှပေးပို့ထားသော လက်မှတ်ထိုးရန် သဘောထား မူကြမ်းကို တပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ခေါင်းစဉ်အောက်တွင် ခေါင်းစဉ်ငယ်တခု အနေဖြင့် ဆွေးနွေးသွားရန် စီစဉ်ထားသော်လည်း တက်ရောက်လာသည့် တိုင်းရင်းသား အဖွဲ့အစည်းတိုင်း လက်ဝယ်တွင် အဆိုပါမူကြမ်း ရရှိထားခြင်း မရှိသေးကြောင်း တိုင်းရင်းသား ကိုယ်စားလှယ် တချို့ထံမှ သိရသည်။
ယခု ညီလာခံတွင် အစိုးရ၏ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အခြေခံ သဘောတူညီချက် မူကြမ်းကို ခေါင်းစဉ်ခွဲ တခုအနေဖြင့် ဆွေးနွေးမည့်အပေါ် KIA မှ ဗိုလ်မှူးကြီး မရန်ဇော်တောင်အား ဧရာဝတီမှ မေးမြန်းရာ ယခုဆွေးနွေးပွဲ၌ မူကြမ်းပေါ်တွင်လည်း ဆွေးနွေးသွားရန် စီစဉ်ထားပြီး တိုင်းရင်းသားများ အနေဖြင့် အသေးစိတ် တိုင်ပင်ရခြင်း မရှိသေးကြောင်း၊ ထပ်မံဖြည့်စွက်လိုသည်များ ရှိကြောင်း ဖြေကြားသည်။
“အခြေခံ သိပ်မကွဲတဲ့ လုပ်နည်းလုပ်ဟန်နဲ့ အယူအဆပဲ ကွဲပြားမှာပါ။ မူဝါဒကတော့ အခြေခံစစ်မှန်တဲ့ ဖက်ဒရယ်ပေါ်ပဲ အခြေခံမှာပါ။ အစိုးရမူကြမ်းပေါ်ကတော့ ပြင်ဆင်စရာတွေ ရှိပါတယ်။ ဆွေးနွေး တိုင်ပင်ရဦးမှာပါ” ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) မှ ဦးခိုင်သုခ ကလည်း ၎င်း၏အမြင်ကို ဧရာဝတီသို့ ပြောသည်။
အစိုးရ၏ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အခြေခံ သဘောတူညီချက် မူကြမ်းတွင် ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ ချမှတ်ရေး၊ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးနှင့် သက်ဆိုင်သည့် လမ်းညွှန်စည်းမျဉ်းများ၊ နှစ်ဖက်တပ်များ ထိတွေ့မှု မရှိစေရန် ပြန်လည်နေရာချထားရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ ဆက်ဆံရေးရုံးများဖွင့်ခွင့်၊ လူသားခြင်း စာနာ ထောက်ထားမှု အကူညီများပေးရန်၊ လူ့အခွင့်အရေးများ ကာကွယ်ရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးမှု ကော်မတီ ဖွဲ့ရေး၊ ပူးတွဲ အပစ်အခတ်ရပ်စဲရေး ကော်မတီ၊ ပူးတွဲငြိမ်းချမ်းရေး တည်ဆောက်မှု ကော်မတီ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်သူများအကြား ယုံကြည်မှု တည်ဆောက်ရန် ဆောင်ရွက်မည့်အချက်၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း၊ နောက်ဆက်တွဲ ပါဝင်လက်မှတ်ရေးထိုးခွင့်၊ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခြင်း၊ အထွေထွေ ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။