ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ဖြတ်ကျော်တိုက်ခဲ့သွားတဲ့ ဟိုင်ယန် အမည်ရှိ စူပါ တိုင်ဖွန်းမုန်တိုင်းကြောင့် လူပေါင်း တသောင်းခန့် သေဆုံးနိုင်တယ်လို့ ယမန်နေ့က ဒေသခံ အရာရှိတဦး ပြောကြားချက်ကို ကိုးကားပြီး သတင်းများက ဆိုပါတယ်။
ဖိလစ်ပိုင်အစိုးရနဲ့ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ အဖွဲ့အစည်းကတော့ ဒီအသေအပျောက် ခန့်မှန်းချက်ကို အတည်မပြုသေးပါ ဘူး။
မြန်မာနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုက်ကလုန်းမုန်တိုင်းထက် ပြင်းထန်ပြီး တနာရီကို ၁၉၅ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ ဟိုင်ယန် တိုင်ဖွန်း မုန်တိုင်းဟာ ပင်လယ်ရေကို ဆူနာမီလှိုင်းလုံးများကဲ့သို့ မြင့်တက်စေခဲ့တာကြောင့် နေအိမ်များ ပြိုကျပျက်စီးကာ လူအများအပြား ရေနစ်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဆူပါတိုင်ဖွန်း ဟိုင်ယန်ကြောင့် လူအများအပြား သေဆုံးခဲ့ရသလို လူပေါင်း ၆ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဖိလစ်ပိုင် ပြည်ထဲရေးဌာန အတွင်းဝန် Manuel Roxas က “ အပျက်အစီးတွေကို ရဟတ်ယဉ်ပေါ်က ကြည့်ရင်မြင်နိုင်တယ်။ ကမ်းခြေကနေ တမိုင်ပတ်လည်လောက်မှာ ဘာအဆောက်အဦးမှ မရှိတော့ဘူး၊ အရမ်းကြောက်ဖို့ကောင်းတယ်” လို့ ဆိုပါတယ်။
ဖိလစ်ပိုင် ပြည်သူ ၄ သန်းလောက်မုန်တိုင်းဒဏ် ခံခဲ့ရပြီး အဓိက မုန်တိုင်းကျရောက်ရာ Leyte ပြည်နယ်မှာတော့ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲက ဆိုပါတယ်။
ကမ်းရိုးတန်းမြို့ ဖြစ်တဲ့ Tacloban မြို့မှာတော့ အလောင်းပေါင်း ၃၀၀ မှ ၅၀၀ ကြား တွေ့ရှိရပြီး ကပ်လျက်ရှိတဲ့ Samar ခရိုင်မှာတော့ အလောင်းပေါင်း ၃၀၀ ခန့် တွေ့ရှိထားပြီလို သိရပါတယ်။
ကုလသမဂ္ဂ ပြောကြားချက်အရ လက်ရှိ အခြေအနေမှာတော့ အသက်ရှင် ကျန်ရစ်သူဟာ အစားအစာနဲ့ သောက်ရေ ပြတ်လပ်မှုကို ရင်ဆိုင်နေရပြီး လေဆိပ်နဲ့ လမ်းတံတားတွေ၊ ဆက်သွယ်ရေးတွေ၊ ကျိုးပျက်ခဲ့တဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီနေ့မှာတော့ ကယ်ဆယ်ရေး လုပ်သားများဟာ ဖိလစ်ပိုင်အလယ်ပိုင်းက မုန်တိုင်းဒဏ်ခံရတဲ့ မြို့ရွာတွေကို သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကြိုးစားနေကြပါပြီ။
မနေ့ကတော ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအကွီနိုက မုန်တိုင်းဒဏ် အများဆုံးခံခဲ့ရတဲ့ ပြည်နယ်တွေကို သွားရောက်ပြီး ဒုက္ခသည်တွေဆီကို အကူအညီတွေ အမြန်ဆုံးရောက်ရှိဖို့နဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြန်လည်ကောင်းမွန်ဖို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖိလစ်ပိုင်စစ်တပ်ကိုလည်း မုန်တိုင်း ဒဏ်ခံရတဲ့ ဒေသတွေမှာ ဖြန့်ကျက်ချထားဖို့လည်း ပြောဆိုခဲ့ပါတယ်။
အမေရိကန် သမ္မတ အိုးဘားမားကလည်း ထိခိုက်ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းစကားဆိုခဲ့ပြီး အမေရိကန် ရေတပ်သင်္ဘောတွေ၊ လေယာဉ်တွေကလည်း ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။
တခြားသော နိုင်ငံများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း လူမှုကယ်ဆယ်ရေး အကူအညီနဲ့ အရေးပေါ် အကူအညီတွေကို ပေးအပ်မယ်လို့ သိရပါတယ်။
လက်ရှိ အခြေအနေမှာတော့ ဟိုင်ယန် မုန်တိုင်းဟာ အားပျော့သွားပြီး တနာရီ မိုင် ၉၀ နှုန်းနဲ့ ဗီယက်နမ် ကမ်းခြေကို ဝင်ရောက်မှာ ဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဗီယက်နမ်မှာလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။