ကယားပြည်နယ်သို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ရန် အထင်ကရ နေရာတခုဖြစ်သော ဒွေးမယ်နော် ညီအစ်မ ခုနစ်ဖော်ရေချိုးကန် (ခေါ်) ကန် ၇ ဆင့်ကို ပြန်လည်ပြုပြင်နေကြောင်း သိရသည်။
ထိုင်း – မြန်မာ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားနေပြီဖြစ်ရာ ကမ္ဘာလှည့် ခရီးသွားများ ပိုမိုဝင်ရောက် လာနိုင်ခြင်းကြောင့် ဒေသန္တရ ဧည့်လမ်းညွှန်များကို သင်တန်းပေးခြင်း၊ လူသိ နည်းသေးသည့် သမိုင်းဝင် နေရာများကို ပြုပြင်ခြင်းများ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့က ပြောသည်။
ယခင်က ကယားပြည်နယ်တွင် တောင်ကွဲစေတီ၊ ငွေတောင်ဆည်၊ ကြေးကွင်းပတ် ကယန်းအမျိုးသမီးများ၏ လူနေမှု ဘဝများကိုသာ လေ့လာကြည့်ရှုနိုင်ခဲ့ပြီး ယခုအခါ သမိုင်းဝင် အထင်ကရ လိုဏ်ဂူဖြစ်သည့် ကြပ်ဂူနှင့် ဒွေးမယ်နော် ညီအစ်မ ခုနစ်ဖော် ရေချိုးသည့် ရေကန် (ခေါ်) ကန် ၇ ဆင့်ကိုလည်း ပြုပြင်နေသည်ဟု သိရသည်။
အဆိုပါ သမိုင်းဝင် အထင်ကရ နေရာများနှင့် လူသိများ ထင်ရှားသည့် နေရာများကို ပြန်လည်ပြုပြင်ကာ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအား ဆွဲဆောင်သွားမည်ဟု ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။
“ခရီးသွားတွေအတွက် သမိုင်းဝင် နေရာတွေကို ကျနော်တို့ ပြန်ပြုပြင် နေပါတယ်။ လမ်းတွေ ကိုလည်း ပြင်ပေးနေပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေကို ဒွေးမယ်နော်ညီအစ်မ ခုနစ်ဖော်ရေးချိုးတဲ့ကန်နဲ့ ကြပ်ဂူနဲ့ အဓိက ဆွဲဆောင်မယ်” ဟု ကယားပြည်နယ်ရှိ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ဦးက ပြောသည်။
ဒွေးမယ်နော် ညီအစ်မ ခုနစ်ဖော် ရေချိုးသည့်ကန်ဟု လူသိများသည့် ကန် ၇ ဆင့်သည် ဒီမော့ဆို မြို့နယ် အရှေ့ဘက်တွင် တည်ရှိပြီး ကြပ်ဂူသည် လွိုင်ကော်မြို့တွင် တည်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းကျော်အုန်းက “အခု ပွင့်လင်းမြင်သာမှု ရှိလာပြီ ဆိုတော့ ပြည်နယ်တွေအားလုံး ခရီးသွာ ဧည့်သည်တွေအတွက် ပြန်ဖွင့်သွားမှာပါ။ နိုင်ငံခြားသားတွေက တိုင်းရင်းသားတွေ နေရာကို ပိုသွားချင်ကြတယ်။ အခု ကချင်ပြည်နယ် ဖားကန့်ကလွဲပြီး ကျန်တာသွားလို့ရပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ကယားပြည်နယ်သည် သဘာဝ ပတ်ဝန်းကျင် လေ့လာရေးအတွက် အလွန်ကောင်းမွန်သည့် နေရာဖြစ်ကြောင်း ဦးစိုင်းကျော်အုန်းက ဆိုသည်။
နယ်မြေအေးချမ်းမှု၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လျှင် ခရီးသွား ပိုလာမည် ဖြစ်ပြီး၊ နိုင်ငံခြားသား အများစုသည် တိုင်းရင်းသား လူမျိုးများ နေထိုင်သည့် ဒေသများသို့ ပိုမိုသွားရောက် လေ့လာလိုကြကြောင်း ရန်ကုန်မြို့မှ ခရီးသွား ဧည့်လမ်းညွှန် တဦးဖြစ်သူ ဒေါ်တင်နွယ်အေးက ပြောသည်။
သူက “နိုင်ငံခြားသားတွေက အသစ်အဆန်းဖြစ်တဲ့နေရာ၊ သဘာဝပတ်ဝန်းကျင် လေ့လာနိုင်တဲ့နေရာ၊ လူနေမှုစရိုက် လေ့လာလို့ ရတဲ့နေရာကို သဘောကျတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းရင်တော့ သွားလည်မယ့်သူ များမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ၁ ဦးတင်ထွန်းအောင်ကလည်း ပြည်နယ်များ ဖွံ့ဖြိုး တိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် အဓိကလိုအပ်ကြောင်း၊ ဟိုတယ်များ လုံလောက်စွာ ဆောက်လုပ်ရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုလည်း အလွန်အရေးကြီးကြောင်း၊ ယခု နောက်ပိုင်း ပြည်နယ် ဒေသများသို့ နိုင်ငံခြားသားများ သွားရောက် လည်ပတ်ခွင့် ပြုလိုက်သဖြင့် ကမ္ဘာလှည့် ခရီးသွားများ ပိုဝင်ရောက် လာမည်ဟု ယူဆ ကြောင်း ဧရာဝတီသို့ ပြောသည်။
“အဓိကကတော့ ကယန်းလူမျိုးတွေ နေထိုင်တဲ့ နေရာကို ပိုသွားကြတယ်။ ခရီးသွား ဧည့်သည်တွေက ပြည်နယ်တွေကို ပိုသွားချင်ကြတယ်” ဟု ဦးတင်ထွန်းအောင်က ဆိုသည်။
ကယားပြည်နယ်သို့ ၁၉၉၆ ခုနှစ် နောက်ပိုင်း ၂ နှစ်ခန့်အထိ ကမ ္ဘာလှည့် ခရီးသည်များ သွားရောက်လည်ပတ်မှု များခဲ့ သော်လည်း၊ ၁၉၉၈ ဝန်းကျင်တွင် နယ်မြေလုံခြုံရေးအရ ခရီးသွားလာခွင့် ပိတ်ခဲ့ကြောင်း သူက ဆက်လက် ပြောသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုမှာ ၂၀၁၁ ခုနစ်တွင် ၄၁၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၂ ခု နှစ်ကုန်ပိုင်းတွင် ၆၀၀၀၀၀ ခန့် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။
၂၀၁၃ ခုနစ်အတွက် ကမ္ဘာလှည့် ခရီးသွားဧည့်သည် ဝင်ရောက်မှု ၂ သန်းရှိမည်ဟု ခန့်မှန်းထားရာ၊ ယခုနှစ် နိုဝင်ဘာအထိ ၁.၇၅ သန်းခန့် ရှိကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းကျော်အုန်းက ပြောသည်။