အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံ အပေါ် နှစ်ပေါင်းများစွာ ပိတ်ပင် ကန့်သတ်ထားသည့် စစ်လက်နက် ပစ္စည်း တင်ပို့မှု ကန့်သတ်ချက်ကို ဖြေလျှော့ဖွယ် ရှိကောင်း ရှိနိုင်တယ်လို့ သိရပါတယ်။
စစ်လက်နက်ပစ္စည်း သတင်းတွေနဲ့ပတ်သက်ပြီး ရေးသား ထုတ်ဝေနေတဲ့ Jane’s Defence Weekly က ဖေဖော်ဝါရီ ၂၁ ရက်မှာ အဆိုပါ သတင်းကို ဖော်ပြ ထားပါတယ်။
မြန်မာနဲ့ ဗီယက်နမ် အပေါ် အမေရိကန်က ကန့်သတ်ထားတဲ့ လက်နက်တင်ပို့မှုကို ဖြေလျှော့တာက အာရှ-ပစိဖိတ် ဒေသနဲ့ အမေရိကန် လုံခြုံရေးဆိုင်ရာ ဆက်ဆံမှု ချဲ့ထွင်လိုတာကြောင့် အားထုတ် လာနိုင်ဖွယ် ရှိတယ်လို့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဗျူရိုမှ ကာကွယ်ရေးပစ္စည်း ထိန်းချုပ်မှု ဆိုင်ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီး ကန်းနက် ဟန် ဒယ်လ် မန်း (Kenneth Handelman ) ၏ပြောဆိုမှုကို ကိုးကားပြီး Jane’s Defence Weekly သတင်းက ဆိုပါတယ်။
အခု နှစ်ပိုင်းတွေမှာ အမေရိကန်နဲ့ သံတမန် ဆက်ဆံရေး အားကောင်းလာနေတဲ့ မြန်မာနဲ့ ဗီယက်နမ် ၂ နိုင်ငံလုံးကို စစ်ဘက် ဆိုင်ရာ ပစ္စည်း ရောင်းချဖို့ လတ်တလောမှာ အစီအစဉ် မရှိသေးပေမယ့် စိုးရိမ်စရာ ဖြစ်နေသေးတဲ့ လူ့ အခွင့် အရေး မှတ်တမ်းတွေ တိုးတက်အောင် လုပ်ဆောင်ကြမယ် ဆိုရင် အမေရိကန်ရဲ့ မူဝါဒတွေကို အနာဂတ်မှာ ပြန်ပြီး သုံးသပ် လာနိုင်တယ်လို့ ကန်းနက် ဟန်ဒယ်လ်မန်း က ပြောဆိုပါတယ်။
“အမေရိကန်ရဲ့ တိုက်လေယာဉ် အပါအဝင် မြေပြင် တိုက်ခိုက်ရေး စစ်လက်နက် ပစ္စည်းတွေ ရောင်းချလို့ ရတဲ့ Joint Strike Fighter –JSF လို့ ခေါ်တဲ့ အစီအစဉ် အဲဒီ နိုင်ငံတွေ အတွက် လတ်တလော မရှိနိုင်ပါဘူး၊ ဒါက ကျနော်တို့ရဲ့ အကျိုးစီးပွားလေ၊ ဒါပေမယ့် အပြန်အလှန် လုံခြုံရေး ဆိုင်ရာ ဆက်ဆံမှု ချဲ့ထွင်သွားဖို့ ကိစ္စကတော့ ဒါဟာ သူတို့ရဲ့ အကျိုးစီးပွားလည်း ဖြစ်တယ်လို့ ကျနော် ထင်တယ်”လို့ ကန်းနက်က ပြောဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်က ပြီးဆုံးသွားတဲ့ စင်ကာပူ နိုင်ငံ လေကြောင်းပြပွဲအပြီး ပြင်ပ၌ အလွတ်သဘော ပြောဆိုမှုတခုမှာ ကန်းနက်က ထည့်သွင်း ပြောဆိုတာ ဖြစ်တယ်လို့ Jane’s Defence Weekly သတင်းက ဆိုပါတယ်။
အမေရိကန်က မြန်မာ-ဗီယက်နမ် နိုင်ငံတွေနဲ့ ရေရှည် အတူ လျှောက်လှမ်းသွားဖို့ စတင် လမ်းခင်းထားပြီး ဖြစ်ပေမယ့် အမေရိကန် ကုမ္ပဏီတခုခုကို ဒီနိုင်ငံတွေက တိုက်ရိုက် စစ်လက်နက်ဝယ်ယူရေး ချည်းကပ်ပြီး တောင်းဆိုမယ် ဆိုရင် တောင် စစ်လက်နက် ရောင်းချဖို့က အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ အပေါ်သာ အခြေခံတယ်လို့ သိရပါတယ်။
အဓိက ကတော့ လူ့အခွင့်အရေး ကိစ္စ၊ သံတမန် ဆက်ဆံရေး၊ နိုင်ငံရေးနဲ့ အခုလို ကိစ္စတွေနဲ့ ဆက်နွယ်နေတာတွေ အပေါ် အခြေခံပြီးမှသာ အမေရိကန်က စစ်လက်နက် ကုန်သွယ်မှု လုပ်လို့ ရတာဖြစ်တယ်လို့ ကန်းနက်က ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အရာရှိတဦးက အမေရိကန်ရဲ့ မြန်မာအပေါ် စစ်လက်နက်ပစ္စည်း ရောင်းချရေး ပိတ်ပင် တားဆီးမှုကို ဖြေလျှော့ပေးကောင်း ပေးနိုင်မယ်ဆိုတဲ့ သတင်းက လုံးဝမှားယွင်းနေပြီး နောင်လာမယ့် ၁၀ နှစ်၊ အနှစ် ၂၀ တိုင် စစ်လက်နက်ပစ္စည်းတွေ မြန်မာကို ရောင်းချဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူးလို့ ဧရာဝတီကို ပြောပါတယ်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် သိလိုတဲ့ အတွက် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးကို ဧရာဝတီက အီးမေးလ်ဖြင့် ဆက်သွယ် မေးမြန်းရာ သံရုံးပြောခွင့်ရသူက မြန်မာစစ်တပ်နဲ့ ထိတွေ့ ဆက်ဆံမှုက အထူး သတိထားပြီး အကန့်အသတ်နဲ့သာ ဆက်ဆံတာ ဖြစ်တယ်လို့ အကြောင်း ပြန်ကြားပါတယ်။
အမေရိကန်က မြန်မာ့ တပ်မတော်ကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပြီး အရပ်သားထိန်းချုပ်မှု အောက်မှာရှိကာ နိုင်ငံ တကာ ဥပဒေတွေနဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ပရော်ဖက်ရှင်နယ် တပ်မတော် ဖြစ်လာရေးကို ရည်မှန်း ထား တယ်လို့ အမေရိကန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က အီးမေးလ်က တဆင့် ပြန်လည် ဖြေကြား ပါတယ်။
“အမေရိကန်ဟာ စစ်တပ်ပိုင် ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လုပ်ထားပါတယ်”လို့ သူက ဆိုပါတယ်။
အမေရိကန် အနေနဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့ နိုင်ငံတကာ လေ့လာရေး ဆိုင်ရာ တက္ကသိုလ် ဖြစ်တဲ့ Defense Institute of International Legal Studies (DIILS ) က တာဝန်ယူပြီး လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်တဲ့ ဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ် ခေါင်းဆောင်တွေ၊ တရားရေး အရာရှိတွေနဲ့ ကျွမ်းကျင် တဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ ဝန်ထမ်းတွေကို အပြန်အလှန် ဖလှယ်မှု စတင်ခဲ့ပြီး အမျိုးသား စည်းလုံး ညီညွတ်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်မှုနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှု အဆုံးသတ် သွားစေရေး စတဲ့ အဓိက ကိစ္စများ တိုးတက်မှု အပေါ် မူတည်ပြီး အမေရိကန်က ထိတွေ့မှုတွေ တိုးမြှင့်မယ်လို့လည်း သူက ဆက်ပြော ထားပါတယ်။
အလားတူ မြန်မာ့ သတင်းတွေကို အထူးပြု ရေးသားလေ့ ရှိတဲ့ ဆွီဒင် သတင်းစာဆရာ ဘာတေး လစ်တနာက ဒေသ တွင်းမှာ တရုတ် နိုင်ငံရဲ့ သြဇာ လွှမ်းမိုးမှု ကျယ်ပြန့် နေတာကို ရည်ရွယ်ပြီး အာရှဆုံမှတ် အဖြစ် မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတွေကို အမေရိကန်ဘက်က ပါဝင်လိုပုံ ရပေမယ့် မြန်မာ အပေါ် လက်နက် ရောင်းချမှု ပိတ်ပင် တားမြစ်ချက်ကို အမေရိကန်က ဖြေလျှော့လိုက်မယ် ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ အတိုက်အခံ အုပ်စုတွေက ဆန့်ကျင် ကန့်ကွက်သွား နိုင်တယ်လို့ ဧရာဝတီကို အီးမေးလ်က တဆင့် မှတ်ချက်ပေး ပြောဆိုပါတယ်။
မြန်မာနိုင်ငံ အပေါ် ဥရောပ သမဂ္ဂရဲ့ စစ်လက်နက် ပစ္စည်းဆိုင်ရာ ကန့်သတ် ပိတ်ပင် အရေးယူထားမှုက အခု ၂၀၁၄ ခုနှစ် ဧပြီလမှာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် နောက်ထပ် သက်တမ်း ၁ နှစ် ထပ်တိုးဖွယ် ရှိတယ်လို့ မျှော်လင့် ရကြောင်းလည်း Jane’s Defence Weekly သတင်းမှာ ဆိုထားပါတယ်။
အမေရိကန်က မြန်မာနိုင်ငံ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေကြောင့် ၁၉၈၈ ခုနှစ် နောက်ပိုင်း ဒဏ် ခတ် ပိတ်ဆို့မှုတွေကို Burma Freedom and Democracy Act အစ ရှိတဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး အရေးယူထားခဲ့ရာမှာ စစ်လက်နက် ပစ္စည်း ရောင်းချမှု ကန့်သတ်ချက်က အဓိက အရေးယူမှု တခု အနေနဲ့ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် မြန်မာ စစ်အစိုးရ အဆက်ဆက်က စစ်တပ် အတွက် လိုအပ်တဲ့ စစ်လက်နက် ပစ္စည်းတွေကို တရုတ် နိုင်ငံဆီက အများဆုံး ဝယ်ယူခဲ့ပြီး အခြား စင်ကာပူ၊ အိန္ဒိယ စတဲ့ နိုင်ငံတချို့ကို ကြားခံပြီး ဝယ်ယူတာမျိုးတွေ ရှိခဲ့တယ်လို့ မြန်မာစစ်တပ် အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦးက ပြောဆိုပါတယ်။