ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းရွာတွင် ဇန်နဝါရီလလယ်က ဖြစ်ပွားခဲ့သော ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခအတွင်း ပျောက်ဆုံးခဲ့သည့် ရဲတပ်ကြပ်တဦးကို ရှာဖွေရာတွင် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး၍ ကြမ်းတမ်းစွာ လုပ်ဆောင်ခြင်း များ ရှိနိုင်ကြောင်း ဒုချီးရားတန်း စုံစမ်းရေး ကော်မရှင်မှ ဒေါက်တာ ကျော်ရင်လှိုင်က ပြောသည်။
ယနေ့ ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ကျင်းပသော ဒုချီးရားတန်း စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်ခြင်း ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ဒုချီးရားတန်းတွင် နေအိမ်များ ပျက်စီးနေမှုနှင့်ပတ်သက်၍ ဧရာဝတီ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဒေါက်တာ ကျော်ရင်လှိုင်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မောင်တောဒေသတွင် လူမျိုးစု ၂ ဘက်အကြား အပြန်အလှန် ယုံကြည်မှုမရှိသကဲ့သို့ ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂါလီ(မွတ်စလင်)လူမျိုးတို့ အကြား ဆက်ဆံရေးမှာလည်း မကောင်းကြောင်း၊ ရဲတပ်ဖွဲ့မှလည်း ၎င်းတို့၏ ရဲပျောက်ဆုံးမှုကြောင့် လိုအပ်သည်ထက် ပိုမိုကြမ်းတမ်းစွာ လုပ်ကိုင်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။
“ကိုယ့်လူပါသွားတော့ အဲဒီအပေါ်မှာ ပြန်ရအောင်ပဲဖြစ်ဖြစ် တနည်းနည်းနဲ့ လုပ်တဲ့အခါမှာ ပိုကြမ်းသွားတာဖြစ်နိုင်ပါတယ်၊ အဲဒီလို ဖြစ်လာလို့လည်း ညဘက်ကြီး ဘင်္ဂါလီတွေက ထွက်ပြေးကြတော့ ထိခိုက်ဒဏ်ရာ ရတာတွေလည်း ဖြစ်နိုင်ပါတယ်၊ လူသေတဲ့ကိစ္စမှာလည်း ပြောနေတဲ့ဟာတွေနဲ့ လက်တွေ့ သက်သေနဲ့က မကိုက်ညီပါဘူး၊ အိမ်တွေက လုံးဝပျက်စီးသွား တာတော့မရှိဘူး၊ အိမ် တွင်းမှာတော့ ပျက်စီးနေတာတွေ ရှိပါတယ်”ဟု ဒေါက်တာ ကျော်ရင်လှိုင်က ပြောဆိုသည်။
ထို့အပြင် ဒုချီးရားတန်းရွာများ၏ ဒေသခံများ ပြောဆိုနေသော လူပျောက်မှုများနှင့် ပတ်သက်ပြီး ဘင်္ဂါလီများက ကြောက်ရွံ့သည့် အတွက် ပုန်းရှောင်နေခြင်းများရှိနေပြီး ရှာမတွေ့သည့် အနေအထားမျိုးသာ ဖြစ်နိုင်ကြောင်း၊ လက်ရှိအချိန်တွင် တချို့ဘင်္ဂါလီ ဒေသခံ များသည် နေ့အချိန်၌ တခြားရွာများတွင် သွားရောက်နေကြပြီး ညပိုင်းတွင်မှ မိမိတို့နေအိမ်သို့ ပြန်လာတတ်သည်ကိုလည်း တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မွတ်စလင် အများစု နေထိုင် သော ဒုချီးရာတန်း ကျေးရွာသို့ အာဏာပိုင်များ လာရောက်ပြီး မိုဘိုင်းလ်ဖုန်းများ သိမ်းယူခြင်း၊ အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်မှုကို မကျေနပ်သော မွတ်စလင်များက လူစုလူဝေးဖြင့် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီး အာဏာပိုင်များနှင့် မွတ်စလင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့သည်။
ထို့နောက် ရဲတပ်ကြပ်ကြီး တဦး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် ထိုရဲတပ်ကြပ်ကြီးကို ရှာဖွေရန် စစ်သားများ၊ ရဲများနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများ ပါဝင်သော လူစုလူဝေးက ဒုချီးရားတန်း ကျေးရွာသို့ ပြန်လည် ရောက် ရှိ လာပြီး ရွာသူရွာသားများကို တိုက်ခိုက်ကာ ပစ္စည်းများပါ သိမ်းယူမှု ဖြစ်ပွားခဲ့သည်။
တိုက်ခိုက်မှုအတွင်း ကလေးများ၊ အမျိုးသမီးများ အပါအဝင် လူသေဆုံးမှု ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုဖြစ်သော Arakan Project က ထုတ်ပြန်ခဲ့ပြီး ယင်းသတင်းကို အစိုးရက မမှန်ကန်ကြောင်း ငြင်းဆိုခဲ့သည်။
ထို့နောက် အစိုးရက ကော်မရှင်တရပ်ဖွဲ့စည်းပေးပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပဋိပက္ခဖြစ်ပွားပြီးနောက် ဒုချီးရားတန်းတွင် မီးလောင်မှုများလည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။ အနောက်ရွာ မီးလောင်မှုသည် ရဲတပ်ဖွဲ့ဝင်များ၏ ပယောဂထက် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်လိုသော အဖွဲ့အစည်းတခုက ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း၊ ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီးအနေဖြင့် ဓားစာခံအဖြစ် ဖမ်းဆီးခံရမည်ဆိုလျှင် ယနေ့အချိန်အထိ တစုံတရာ တောင်းဆိုမှုမရှိသဖြင့် ၎င်း၏ အသက်ရှင်နိုင်ရန် အခွင့်အလမ်း နည်းပါးနိုင်ကြောင်း ဒုချီးရားတန်း စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာအရ သိရ သည်။
ဒုချီးရားတန်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ ဒေသခံများပြောဆိုနေသော ပစ္စည်းပျောက်ဆုံးမှု၊ ခိုးယူသော ပစ္စည်းများ ရောင်းချနေသည်ဆိုသည့် နေရာသို့ လေ့လာခဲ့ရာ ရွှေ၊ ငွေ၊ ကျွဲ၊ နွား ပစ္စည်းများ ခိုးယူ ပျောက်ဆုံးခြင်းသည် မြေပြင် အခြေအနေ၊ လူမှုစီးပွား အခြေအနေများအရ ဖြစ်နိုင်ခြေ နည်းပါးပြီး အစားအစာနှင့် မီးဖိုချောင်သုံး ပစ္စည်းများသာ ခိုးယူခံရနိုင်ကြောင်း ဖော်ပြထားသည်။
ဒုချီးရားတန်း စုံစမ်းရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် လူ့အဖွဲ့အစည်း ယုံကြည်မှု တည်ဆောက်နိုင်ရန် အစိုးရအနေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ရန်နှင့် ရခိုင်ဒေသရှိ ဝန်ထမ်းများကို အရည်အချင်း မြှင့်တင်ပေးခြင်းများ ပြုလုပ်ရန် အကြံပြုထားသည်။
အနာဂတ်အတွက် မက်လုံးပေးခြင်းများအပြင် အုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့်လည်း အစ္စလမ် ဘာသာဝင် အများစု နေထိုင် နေသည့်အတွက် လူမှုရေးဆိုင်ရာ သဘောတရားများ သိရန် အစ္စလမ် ဘာသာ၏ သဘောတရားများကို လေ့လာအသုံးချသင့်ကြောင်း၊ လက်ရှိအချိန်၌ ရခိုင်နှင့် ဘင်္ဂါလီ ရောနှောနေထိုင်သော ကျေးရွာအုပ်စုများတွင် ရခိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုသာ ခန့် ထားနေခြင်းကြောင့် အုပ်ချုပ်ရေး လုပ်ငန်း လုပ်ဆောင်ရန် အခက်အခဲများ ရှိနေသည်ကို တွေ့ရပြီး ထိုသို့သော ကျေးရွာအုပ်စုများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တိုက်ရိုက် အုပ်ချုပ်သင့်ကြောင်း အကြံံပြုထားသည်။
“အစိုးရအောက်ခြေ ဝန်ထမ်းတွေနဲ့ INGOs တွေ၊ နိုင်ငံတကာ အဖွဲ့အစည်း ဝန်ထမ်းတွေကြားမှာလည်း အတူပူးပေါင်းပြီး မလုပ်နိုင်ကြဘူး၊ တဘက်နဲ့တဘက် အပြစ်တွေမြင်နေကြတယ်၊ ဒီဒေသမှာ ဗုဒ္ဓဘာသာတွေလည်း ရှိနေပြီ၊ မွတ်စလင်တွေလည်းရှိနေပြီ၊ ဒါကို လက်ခံရမှာပဲ၊ ဒီပြသနာတွေကို ဘယ်သူ့ကြောင့်ဆိုပြီး လက်ညှိုးထိုးပြောနေရင် ပြီးမှာမဟုတ်တော့ဘူး၊ ဒီဒေသကလူတွေ ဘယ် သူ ကမှ သတ်ချင်တဲ့စိတ် ရှိကြတာ မဟုတ်ပါဘူး”ဟု ဒေါက်တာ ကျော်ရင်လှိုင်က ဆိုသည်။
ဒုချီးရားတန်း စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေက နိုင်ငံတကာမှ အပြည်ပြည်ဆိုင်ရာ စုံစမ်းရေး ကော်မရှင်များဖြင့် ဒုချီးရားတန်း ပဋိပက္ခကို ဝင်ရောက်စစ်ဆေးရန် တောင်းဆိုနေမှုများသည် မိမိတို့ စုံစမ်းရေး ကော်မရှင်ကို စော်ကားသော သဘော မျိုးခံစားရကြောင်း၊ မိမိတို့ကို မယုံကြည်သည့်အတွက် ထိုသို့တောင်းဆိုနေသော်လည်း လာရောက်ကြမည့် အပြည်ပြည်ဆိုင်ရာ စုံစမ်းရေးကော်မရှင်မှ ပုဂ္ဂိုလ်များကရော မည်မျှယုံကြည်၍ ရနိုင်မည်လဲဟု မေးခွန်းထုတ်လိုက်သည်။
“ကျနော်တို့လည်း သူတို့ထက် မနိမ့်ပါဘူး၊ ဒီစုံစမ်းရေး ကော်မရှင်မှာ ပါတဲ့သူတွေအားလုံးက သူ့နေရာနဲ့သူ ပညာတတ်တွေ၊ ပညာရှင်တွေပါပဲ၊ ကျနော်တို့ကို မယုံကြည်ရင် သူတို့ကရော ဘယ်လောက် ယုံကြည်စိတ်ချလို့ ရနိုင်လို့လဲ၊ ကိုယ့်လူမျိုး လောက် ဘယ်သူက ပိုယုံကြည်လို့ရမှာမို့လဲ”ဟုလည်း ဒေါက်တာ သာလှရွှေက ဆိုသည်။
ဒုချီးရားတန်း စုံစမ်းရေးကော်မရှင်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် နိုင်ငံတော်သမ္မတက အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက်နေ့အထိ အဆိုပါဒေသတွင် လူဦးရေ ၁၇၅ ဦးကို စုံစမ်း မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
မောင်တောဒေသတွင် ကြီးပြင်းလာခဲ့သော အမျိုးသား ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစလင်းက “ကျနော် တို့ ခံစားခဲ့ရတာ ကျနော်တို့ အသိဆုံးပါ၊ ကျနော်တို့က ရခိုင်လူမျိုးတွေနဲ့ အေးအေးချမ်းချမ်း လိုချင်ပါတယ်၊ ပြဿနာ မဖြစ်လိုပါဘူး၊ အဲဒီဒေသမှာ တရားဥပဒေ စိုးမိုးမှု အရမ်းကိုလိုအပ်ပါတယ်၊ ကျနော်တို့ကိုလည်း ခိုးဝင်လာတဲ့သူတွေလို့ စွပ်စွဲနေကြတယ်၊ ကျနော်တို့က ခိုးဝင်လာကြတဲ့သူတွေ မဟုတ်ပါဘူး၊ ဒီဒေသမှာ ခိုးဝင်လာတဲ့သူတွေလည်း မရှိပါဘူး၊ သေသေချာချာ စစ်ဆေးနိုင်ပါတယ်၊ ရှိရင် အရေးယူနိုင်ပါတယ်၊ ကျနော်တို့ကို ခိုးဝင်လာတယ်ဆိုပြီး တမင်သက်သက် ဖန်တီးနေတာ၊ လုပ်နေတဲ့ အဖွဲ့အစည်းရှိတယ်ဆိုတာ ယုံကြည်ပါတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။