နေ့ရက်က ဧပြီ ၂၃ ရက် ဗုဒ္ဓဟူးနေ့၊ အချိန်ကား နေ့တနေ့၏ အပူပြင်းဆုံး မွန်းတည့်ချိန် ဖြစ်သည်။
ရေဝေး သုဿာန်ဆီသို့ ဦးတည်ရာ လမ်းကြောင်း တလျှောက်တွင် ရှေ့ဆက်တိုး၍ မရတော့သဖြင့် ရပ်တန့် ထားရသည့် ကားတန်းရှည်ကြီးပေါ်မှ အပြာရောင် ဝတ်စုံများ၊ အပြာရောင် ပါသော အကျၤ ီ ဝတ်ဆင်ထားသူများနှင့် ရောင်စုံလူများ တဖွဲဖွဲ ဆင်းလာကာ နေပူရှိန်ကို အန်တုပြီး လျှောက်လှမ်းလျက် ရှိသည်ကို တွေ့ရသည်။
“ဘာလဲဟဲ့ … လူ့ငရဲ” ဆိုသည့် စာတမ်းပါ တီရှပ် အနက်ကို ဝတ်ဆင်ထားသူများ၊ ဖျင်ပင်နီ အကျၤီဝတ်ဆင်ထားသူများ အပါအဝင် ထောင်သောင်းချီသော ယင်းလူအုပ်စုကြီးသည် ရေဝေး သုဿာန်ဆီသို့ ဦးတည် လျှောက်လှမ်း နေကြသည်။
ရေဝေး သုဿာန် အဆောက်အအုံအောက်၌ လည်းကောင်း၊ ပြင်ပရှိ အရိပ်ရသော နေရာတိုင်းနှင့် ကားပါကင် နေရာတွင် ထိုးထားသည့် ရယ်ဒီမိတ် ကန္နားဖျင်းများအောက်တွင် လည်းကောင်း လူပေါင်းများစွာက အသီးသီး နေရာယူထား ကြသည်။
ရပ်ထားသည့် ကားများပေါ်တွင် “သံမဏိ သူရဲကောင်းကြီး”၊ “အမှောင်ခေတ်ရဲ့ အလင်းကြယ်”၊ “လူထု ခေါင်းဆောင်”၊ “ခေတ်အဆက်ဆက် ပြည်သူတွေနဲ့ သက်ဆိုင်နေဦးမယ့် မီးလျှံတစင်း”၊ “အမှန်တရားနှင့် တရားမျှတမှု အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့သူ”၊ “ဒီမိုကရေစီ လမ်းပြကြယ်” စသည့် ဂုဏ်ပြု အဓိပ္ပါယ် ဖွင့်ဆိုချက်များ ချိတ်ဆွဲထားသည့် ဗီနိုင်း စာတမ်းများ၊ လွမ်းသူ့ပန်းခြင်း၊ ပန်းခွေ မြောက်များစွာက ခမ်းနားစွာ နေရာ ယူထားသည်ကို တွေ့ရသည်။
လူမစည်ကားအပ်သော နေရာဟု မည်မျှပင် ဆိုစေကာမူ ရန်ကုန်မြို့၊ ရေဝေးသုဿာန်တွင် မြင်ရသည့် မြင်ကွင်းသည် နိဗ္ဗာန် ဈေးပွဲတော် တခုနှယ် စည်ကား၍ နေလေသည်။
ယင်းနေ့ကား လူထုသူရဲကောင်း ဟံသာဝတီ ဦးဝင်းတင်၏ ဈာပန ခရီးကို နောက်ဆုံး ပို့ဆောင် ကြရသောနေ့ ဖြစ်သည်။ အသက် ၈၅ နှစ်အရွယ် ပြည်သူချစ်သော အဖိုးအိုသည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသမှု ခံယူနေစဉ် အတွင်း ဧပြီ ၂၁ ရက် နံနက်ပိုင်းက ကွယ်လွန်သွား ခဲ့သည်။
ဟံသာဝတီ ဦးဝင်းတင်သည် ပါလီမန် ဒီမိုကရေစီခေတ်၊ တော်လှန်ရေး ကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် အဆက်ဆက်များတွင် သတင်းစာဆရာ အဖြစ် ဖြတ်သန်းခဲ့သူပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရ အဆက်ဆက် လက်ထက်တွင် အကျဉ်းထောင်အတွင်း ၁၉ နှစ်ကြာ နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့သည်။
သတင်းစာ သမားသာ ဖြစ်လိုသည့် ဦးဝင်းတင်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး လိုအပ်ချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ (NLD) ရဲ့ ဦးဆောင်သူ တဦးအဖြစ်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။
ဦးဝင်းတင်သည် အကျဉ်းထောင် အတွင်း၌ ဆယ်စုနှစ် ၂ ခုနီးပါး စိတ်ပိုင်း၊ ရုပ်ပိုင်း ဖိနှိပ်ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသည်။ မကွယ်လွန်မီ အချိန်အထိ အစားထိုး နှလုံးခုန်စက်ဖြင့် ရှင်သန် နေထိုင်ခဲ့ရသူလည်း ဖြစ်သည်။
ရေဝေး သုသာန် အဆောင် အမှတ် ၁/က တွင် လူထုသူရဲကောင်းကြီး ဟံသာဝတီ ဦးဝင်းတင်၏ နာရေး အခမ်းအနားကို ပြင်ဆင်ထားသည်ကို တွေ့ရသည်။
ဂါရဝပြု နှုတ်ဆက်ကြသူများ၏ လက်ဆောင် လွမ်းသူ့ပန်းခြင်းများ အကြားတွင် သေသည်အထိ ဝတ်ဆင်ခဲ့သည့် ထောင်ဝတ်စုံ အပြာရောင်နှင့် ခွပ်ဒေါင်းအလံ အနီရဲရဲ လွှမ်းခြုံထားသည့် မှန်ခေါင်းတလားထဲတွင် လူထုသူရဲကောင်းကြီး ရှိနေသည်။
“နှစ်ယောက် တတွဲ တန်းစီ ပေးကြပါ။ ညနေ ၄ နာရီခွဲမှ ဂူသွင်းမှာပါ။ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ ကျေးဇူး တင်ပါတယ်။ မြန်မြန်လေး ဂါရဝ ပြုပေးကြပါ။ နောက်မှာ တန်းစီနေတဲ့ လူတွေ အရမ်းများ နေလို့ပါ” ဆိုသည့် အော်သံသည် အသံချဲ့စက်မှ အဆက်မပြတ် ထွက်ပေါ် နေသည်။
အဆောက်အအုံ စင်္ကြ ံတလျှောက်ရှိရာတွင် များစွာသော လူအုပ်ကြီးကြားတွင် တခြားသော အသုဘ ရုပ်အလောင်းများနှင့် မိသားစုဝင်များကပင် တိုးဝှေ့၍ပင် သွားလာ နေကြသည်ကိုလည်း တွေ့ရသည်။
ပင်မ မီးသဂြိုၤလ်ဆောင်၏ အနောက်ဘက် ဂူသချိုၤင်းသို့ သွားရာ ကွန်ကရက်လမ်း တလျှောက်တွင် သွားလာသူများဖြင့် ပြည့်နှက် နေသည်။ အဆိုပါ လူများစွာသည် သတင်းစာ ဆရာကြီး ဦးဝင်းတင်အား ဂူသွင်းသဂြိုၤလ်မည့် အုပ်ဂူရှိရာသို့ ဦးတည် လျှောက်လှမ်း နေကြသည်။
နေကျဲကျဲတောက် ပူလျှက်ရှိသော ကွင်းပြင်ကျယ်ကြီးထဲတွင် ထုံးဖြူဖြူ အုတ်ဂူများကို လှမ်းမြင် နေရသည်။ ယင်းအုတ်ဂူများ အကြားသို့ ရာနှင့်ချီသော လူအုပ်ကြီးက တဖြည်းဖြည်း တိုးဝင်သွားကြသည်။
“ကမ္ဘာ မကြေဘူး……ငါတို့ သွေးနဲ့…..ရေးခဲ့ကြတဲ့…..မော်ကွန်းတွေ…… ဒီမိုကရေစီ တိုက်ပွဲ အတွင်းမှာ….ကျဆုံးသော…. အို.. သူရဲကောင်းတို့ရေ…” ဆိုတဲ့ တေးသံနဲ့ အတူ ဂစ်တာ တီးခတ် နေကြတဲ့ ထောင်ဝတ်စုံ အပြာရောင် ဆင်တူ ဝတ်ဆင်ထားကြသည့် လူငယ်တစုက သံပြိုင် ဂုဏ်ပြု သီဆိုနေကြသည့် သီချင်းသံသည် အုတ်ဂူများ အကြားတွင် ပျံ့လွင့်နေသည်။
နေသည် တဖြည်းဖြည်း မှိန်ဖျော့ လာသည်။ မကြာမီ ဦးဝင်းတင်၏ ရုပ်အလောင်းကို သယ်ဆောင် လာကြတော့မည် ဖြစ်ရာ အဆိုပါ သီချင်းဖြင့် ကွယ်လွန်သူ အဖိုးအိုအား ကြိုဆို နှုတ်ဆက် နေကြခြင်း ဖြစ်သည်။
ဂူသွင်း သဂြိုၤလ်မည့် နေရာသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာသည်။ လူတို့သည် တရုန်းရုန်း တိုးဝှေ့လျှက် ၎င်းအား နှုတ်ဆက်ကြသည်။
ယင်းနောက် ဒါဇင်ပေါင်း များစွာသော လွမ်းသူ့ ပန်းခြင်းများ၊ ပန်းခွေများကို သယ်ဆောင် လာသူများသည် အုတ်ဂူနှင့် မလှမ်းမကမ်းတွင် နေရာယူထားလိုက် ကြသည်။
လူထု ကြီးပွားရေး မိသားစု၊ သတင်းစာနှင့် ဂျာနယ်တိုက် အသီးသီး၊ ဒို့ဗမာအစည်း အရုံးဝင် သခင်/သခင်မများ မိသားစု၊ ဒေါ်အောင်ဆန်းစုကြည်၊ ကရင်အမျိုးသား အစည်းအရုံး၊ သံရုံးများ၊ နိုင်ငံရေး အတိုက်အခံ အင်အားစုများ၊ နိုင်ငံရေး ပါတီများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးဦး၊ မြန်မာမွတ်စလင် ကွန်ရက်၊ ကိုကိုးကျွန်းပြန် နိုင်ငံရေး ရဲဘော်များ စသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက ဂရုဏာဖြင့် ဂုဏ်ပြု ပေးပို့သော ပန်းမျိုးစုံတို့၏ မွှေးရနံ့သည် ပျံ့လွင့်လျှက် ရှိသည်။
ဟံသာဝတီ ဦးဝင်းတင် ရှင်သန် နေထိုင်စဉ် ဘဝတလျှောက်လုံး ပြောဆိုခဲ့သော သမိုင်းဝင် ထိရှ ထက်မြက်သည့် စကားလုံးများကို သုဿာန် ဧရိယာ တဝှမ်းတွင် နေရာ အနှံ့ဆိုသလို မြင်နေရသည်။
အရိပ်ရ သစ်ပင်များ အုပ်ဆိုင်းနေသည့် နေရာတွင် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ထာဝရ လှဲလျောင်းရမည့် အုတ်ဂူ ရှိနေသည်။
ယင်းအုတ်ဂူကို အပြာရောင် ကတ္တီပါစ လွှမ်းခြုံထားပြီး အနက်ရောင် ကျောက်ပြားများဖြင့် အလှဆင် ထားသည်။ အပြာရောင် ကတ္တီပါစပေါ်တွင် စံပယ်ပန်းကုံးလေးများက အဖွေးသား ရှိနေသည်ကို တွေ့ရသည်။
ရုပ်အလောင်းကို အနက်ရောင် အုတ်ဂူ အတွင်းသို့ ဂူသွင် ထည့်သွင်း သဂြိုၤလ် လိုက်ပြီးနောက် စောစောက လူအများ တိုးဝှေ့ နေသော နေရာသည် တဖြည်းဖြည်း လူကျဲသွားသည်။ သာမာန် မဟုတ်သည့် ၎င်းတို့ ချစ်ခင် လေးစားသည့် လူပုဂ္ဂိုလ် တဦး၏ နောက်ဆုံး ခရီးကို လိုက်ပါ ပို့ဆောင် ပြီးဆုံးသွားပြီ ဖြစ်ရာ မိမိတို့ ရှေ့ဆက် ရဦးမည့် ခရီးအတွက် ပြန်လည် ထွက်ခွာသွားကြသည်။
ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အုတ်ဂူ အနီးတွင် အချောသပ် အင်္ဂတေ ကိုင်မည့် ပန်းရံဆရာများ၊ အုတ်ဂူ တည်ထားသည့် မြေနေရာနှင့် နာရေး အခမ်းအနား ပြင်ဆင်သည့် ကုန်ကျ စရိတ်များ တောင်းခံရန် စောင့်ဆိုင်း နေသည့် သုဿာန် ဝန်ထမ်းများနှင့် ဈာပန လိုက်ပါ ပို့ဆောင်ကြသူ တချို့သာ ကျန်နေကြသည်။
ဦးဝင်းတင် အုတ်ဂူနှင့် မလှမ်းမကမ်းတွင် စာရေးဆရာကြီး ဦးရန်အောင်နှင့် စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ၏ အုတ်ဂူများ ရှိသည်။
နေသည် တဖြည်းဖြည်း မှိန်ဖျော့ကာ မကြာခင် ငုပ်လျှိုး ပျောက်ကွယ် တော့မည်။ နေဝင်ချိန်နှင့် ဆရာကြီး ဦးဝင်းတင်၏ ခန္ဓာကိုယ် အိပ်စက် လှဲလျှောင်းရာ ဂူဗိမ္မာန် နေရာတွင်လည်း တဖြည်းဖြည်း အသံများ တိတ်ဆိတ် ငြိမ်သက် သွားလျက် ရှိသည်ကို တွေ့ရသည်။
“အမှားနှင့် အမှန်ကို ခွဲခြား နိုင်ကြပါစေ၊ အမှန်ဘက်က ရပ်တည် နိုင်ကြပါစေ၊ အမှားကို တွန်းလှန် နိုင်ကြပါစေ” ဆိုသည့် စာတမ်းကို ရိုက်နှိပ်ထားသည့် ကြေးပြားကို အုတ်ဂူ အပြင်ဘက်တွင် ကပ်ရန် အသင့်ပြင် ထားကြသည်။
မြန်မာနိုင်ငံတွင် အစိုးရ၏ အဖိနှိပ်ခံ နိုင်ငံရေး ဝဲဂယက် အတွင်း၌ ဒီမိုကရေစီ အရေးနှင့် မတရားမှုများ ဆန့်ကျင်ရေးတွင် သမိုင်းဝင် စံပြ ပုဂ္ဂိုလ်အဖြစ် တွင်ကျန်ရစ်မည့် လူထု သူရဲကောင်းကြီး ဟံသာဝတီ ဦးဝင်းတင်၏ နောက်ဆုံး ခရီးသည် ဂုဏ်ပြု ဦးညွှတ်ခြင်းများဖြင့် နောက်ဆုံးတွင် အဆုံးသပ် ဂုဏ်ပြု နှုတ်ဆက်ခဲ့ ကြပြီ ဖြစ်သည်။
ဧပြီ ၂၁ ရက်တွင် ကွယ်လွန်သွားသည့် လူထုသူရဲကောင်း ဟံသာဝတီ ဦးဝင်းတင်၏ နာရေး အစီအစဉ်သည် ထုံးတမ်း အစဉ်အလာ အရ ဧပြီ ၂၃ ရက်တွင် ဂူသွင်းသဂြိုၤလ်ခဲ့ပြီး ဧပြီ ၂၇ ရက်တွင် ရက်လည် ဆွမ်းကျွေး အလှုပြုကြမည် ဖြစ်ရာ သူ့အား ချစ်ခင်ကြသူများ အနေဖြင့် နောက်ဆုံး ဆုံတွေ့ ပြောဆိုကြမည် ဖြစ်သည်။
ကွယ်လွန်သူ လူထုသူရဲကောင်း ဟံသာဝတီ ဦးဝင်းတင်အား ချစ်ခင်လေးစားကြသူများက သူအား မမေ့မလျော့ သတိရနေပြီး၊ နှောင်းခေတ် လူငယ်များ သိရှိ အတုယူစေရန် ရည်ရွယ်ပြီး ဦးဝင်းတင် ပြတိုက် ပေါ်ထွက် လာစေရေး အတွက် ကြိုးစား လုပ်ဆောင် နေသကဲ့သို့၊ သူ မကွယ်လွန်ခင် နောက်ဆုံး နေထိုင်ရာ နေအိမ်နှင့် အသုံးအဆောင် ပစ္စည်းများကို ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသည်ကိုလည်း တွေ့ရပါသည်။