Amorality ဆိုသော အင်္ဂလိပ်ဝေါဟာရတခု ရှိသည်။ အောက်ပါအတိုင်း အနက်ကောက်နိုင်ပါသည်။ Amorality= သီလရယ်လို့ မရှိခြင်း။ အဲသည်အရည်အချင်းကိုပဲ ခေတ်အဖွဲ့အစည်းတွေက နှစ်လိုကြ၊ ကျေနပ်ကြသည်။ သီလရယ်လို့ မရှိတာကိုပဲ ပရော်ဖက်ရှင်နယ် ပီသခြင်း (Professionalism) ၊ ထိထိ ရောက်ရောက်လုပ်တတ်ခြင်း (Efficiency) ရယ်လို့ ညွှန်းကြသည်။
သီလပျက်ခြင်း၊ အကျင့်ပျက်ခြင်းကတော့ Immorality ဖြစ်သည်။ ကိုယ့်သဘောနဲ့ကိုယ် အမှားလုပ်တာမျိုးကို ခေါ်ပါသည်။ ကိုယ်ထင်ရာလုပ်လို့ အကျင့်စာရိတ္တ ပျက်ရသည်။
သီလရယ်လို့ကို မရှိတာ (Amorality) ကတော့ အဖွဲ့အစည်း အဆောက်အအုံကြီးတခုက စေလို့၊ အဲသည် အဆောက်အအုံကြီးက သွန်သင်ထားတဲ့အတိုင်းလုပ်လို့ ဖြစ်ရသည်။
စာရိတ္တရယ်လို့ကို မရှိတာက ပိုပြီးဆိုးသည်။ လူမှာရှိအပ်သော တာဝန်ရှိမှုကို ငြင်းပယ်လို့ ရလို့ပါ။ သူတို့ အဖွဲ့အစည်းမှာ စာရိတ္တရယ်လို့မှ မရှိတာ၊ ထိုအဖွဲ့အစည်းက လူသည် မကောင်းမှုတွေ ကျူးလွန်လည်း တာဝန်မယူတော့ပါ။ တကယ်တော့ စာရိတ္တရယ်လို့မရှိရင် လူဟာ တိရစ္ဆာန်ဖြစ်သွားသည်။ “ငါတို့က ခိုင်းလို့လုပ်ရတာ တာဝန်အရလုပ်တာပဲ” ဟူသော စကားမျိုးကို သီလမရှိသော အဖွဲ့အစည်းများက လူများပြောဆိုကြသည်ကို ကျနော်တို့ ကြားဖူးကြသည်။
ယခုခေတ်ကာလကြီး၌ အင်အား အလွန်ကြီးကုန်သော အဆောက်အအုံကြီးများ ရှိ၏။ ယင်းတို့သည် အကောင် အထည်ကြီး၊ သတ္တဝါကြီးလိုဖြစ်၍ သူ့သဘော သူဆောင်သည်။ ဥပမာအဖြစ် ကော်ပိုရေးရှင်းကြီးတခုကို စဉ်းစား ကြည့်နိုင်သည်။ နိုင်ငံတကာကုမ္ပဏီတခု၏ စီအီးအို ဆိုပါစို့။ သူသည် လူကောင်းဖြစ်၍ လူမှုတာဝန်တော့ ကျေချင်သည်။ သို့သော် ရှယ်ယာပိုင်ရှင်များ၏ အကျိုးအမြတ်ကိုကြည့်ရခြင်းက သူ့အား ကန့်သတ်ထား၏။ သဘာ၀ ပတ်ဝန်းကျင်ကို သူက မဖျက်ဆီးလိုသော်လည်း အမြတ်ရဖို့သာ သူ့အလုပ်ဖြစ်သည်။ အမြတ်မထွက်သော် အလုပ်ပြုတ်သည်။ ကော်ပိုရေးရှင်းကြီးများသည် ဝန်ထမ်းများ၏ စေတနာနှင့် တန်ဖိုးတို့မှ ကင်းလွတ်သော အဆောက်အအုံကြီး၊ သတ္တဝါကြီးဖြစ်သည်။
ယင်းအဆောက်အအုံကြီးများသည် လူတို့ကို လွှမ်းမိုးနေသည်။ ဗုဒ္ဓဘာသာ ရှုထောင့်က ကြည့်သော် လောဘ အစုအပေါင်း၊ ဒေါသ အစုအပေါင်း၊ မောဟ အစုအပေါင်းများဖြစ်သည်။ ဂါလ်တွန်က ထိုအဆောက် အအုံကြီးများ၏ တရားမရှိခြင်း၊ အဓမ္မ လုပ်နေခြင်းကို ဝေါဟာရ တခုထွင်သည်။ Structural Violence ဟူ၏။ မနက်နေထွက်သည်မှစ၍ အဆောက်အအုံကြီးများက လူတွေအပေါ် သက်ရောက်ကြလေသည်။
လောဘအဆောက်အအုံကြီး
ကော်ပိုရေးရှင်းကြီးများသည် လောဘအကောင်ကြီး (ဝါ) လောဘ အင်စတီကျူးရှင်း ဖြစ်သည်။ နည်း ၂ နည်းအားဖြင့် ဖြစ်သည်။
(၁) အမြတ်ရဖို့ ဘယ်တော့မှ မတင်းတိမ်၊ ခရိုနီကြီးများကို နမူနာအဖြစ် ကြည့်နိုင်သည်။
(၂) ဂလိုဘယ်လိုက်ဇေးရှင်းသည် ကော်ပိုရိတ် အရင်းရှင်စနစ်ဖြစ်ရာ “အမြတ်အစွန်း ရခြင်းနှင့် ကြီးခြင်း” ပဲ အရေးကြီး၏။ ယင်း ၂ ခုအတွက် “သဘာ၀ ပတ်ဝန်းကျင်သော်လည်းကောင်း လူ့ဘ၀ အရည်အသွေးသော်လည်းကောင်း စတေးသည်။ ကော်ပိုရေးရှင်းများက သက်ရှိပတ်ဝန်းကျင်ကို သဘာဝသယံဇာတအဖြစ်၊ လူတွေကို လူသယံဇာတအဖြစ်သာ မြင်သည်။
ထိုအမြင်ကိုစွဲလျက် ပြုလုပ်ကြသော သီလရယ်လို့ မရှိကြသည့်အပြုအမှုအတွက် မည်သူက တာဝန်ခံမှာလဲ။ တော ကျေးလက်ကလူများ စီးပွားရေး၌ ကိုယ်စိုးကိုယ် မပိုင်တော့ခြင်း၊ မြေကို စွန့်ခွာပြေးရခြင်း၊ ရေကို ရောင်းချရခြင်း၊ တောကို ဖျက်ဆီးခြင်း စသည်တို့မှာ ရင်းနှီးမြှုပ်နှံမှုများ စီမံကိန်းကြီးများနှင့် ဆက်စပ်နေ သည်။ ထိုဒုက္ခရောက်ခြင်းများကို “စစ်-ခရိုနီ-ကော်ပိုရိတ် အစုအဝေး” ကပဲ တာဝန်ခံရမည်။ ထိုအစုအဝေးတွင်ပါနေ သော စစ်ဝါဒသည်လည်း စာရိတ္တရယ်လို့မရှိသော အဆောက်အအုံတမျိုးဖြစ်သည်။ ဗုဒ္ဓဘာသာရှု့ထောင့်က ကြည့်သော် ဒေါသအကောင်ကြီး ဒေါသအင်စတီကျူးရှင်းကြီးဖြစ်သည်။
ဒေါသအဆောက်အအုံကြီး
လူမျိုးခွဲခြားရေးဝါဒ၊ အပြစ်ပေးဖို့ သက်သက်သာ ရည်စူးတဲ့ ထောင်၊ တရား စီရင်ရေးစနစ်တို့သည် ဒေါသအင်စတီကျူးရှင်းများဖြစ်သည်။ သို့သော် အကောင်းဆုံး ဥပမာမှာတော့ စစ် သို့မဟုတ် စစ်ကြီးစိုးရေးဝါဒ ဖြစ်သည်။
၂၀ ရာစုမှာ စစ်ကြောင့် လူ သန်း ၁၇၀ သေသည်။ ဂလိုဘယ် စစ်စရိတ်သည် စစ်လက်နက်အရောင်းအဝယ်ပါ ထည့်တွက်လျှင် ၁ ထရီလျံ ဒေါ်လာ ရှိသတဲ့။ အမေရိကန်၏ အသုံးစရိတ်သည် ယင်း၏ တဝက်ရှိသည်။ ကျနော်တို့ကော။ ကျနော်ရဲ့ စစ်ဘတ်ဂျက်သည်လည်း ဘတ်ဂျက်တခုလုံး၏ ၂၄ ရာခိုင်နှုန်းရှိသည်။
ကျနော်တို့ လူ့အဖွဲ့အစည်းသည်ပင် စစ်လိုတွေးနေသော လူ့အဖွဲ့အစည်းဖြစ်နေပြီလား။ မတူသည်ကို လက်မခံ နိုင်ခြင်း၊ မယုံသင်္ကာစိတ်များခြင်း၊ အားနည်းသူကို အနိုင်ကျင့်ခြင်း၊ နိုင်ရင်ပြီး စတမ်း၊ အင်အားကိုသုံးရန် လက်မနှေးခြင်းဟူသော စစ်၏ လက္ခဏာများသည် ဤပြည်ကြီးတွင် ပျံ့နှံ့နေသည်။
“စစ်၏ ပြဿနာသည် ကျနော်တို့သည် လူကောင်းများဖြစ်သည်၊ ကျနော်တို့သည် လူဆိုးများဖြစ်သည်ဟူသော ပြဿနာမဟုတ်ဘဲ စစ်ကြောင့် ကျနော်တို့ အဇ္ဈတ္တက မကောင်းသောအပိုင်းများ တိုးလာခြင်း၊ ထိုမကောင်းခြင်းများအတွက် အကြောင်း ယုတ္တိရှာလို့ ရခြင်းဖြစ်သည်။ စစ်က ကျနော်တို့အား အခြားသူများကိုသတ်ရန် သို့မဟုတ် ရက်စက်ရန် အားပေးသည်။ တနည်းအားဖြင့် စစ်ဖြစ်သည်နှင့်တပြိုင်နက် လူကောင်းသော်လည်းကောင်း၊ လူဆိုးသော်လည်းကောင်း မရှိတော့ဘဲ အခြားလူ့အစုကို ဒုက္ခပေးရန် ကြိုးစားနေသော လူစုသာ ရှိတော့သည်။”
စစ်တပ်ကို မလုံခြုံမှု သဘောထားအပေါ်အခြေခံ၍ တည်ဆောက်သည်။ ရန်သူကို၊ တဖက်လူ (the other) ကို ရှာရသော အဖွဲ့အစည်း။ ဘယ်တော့မှ မလုံခြုံဟူသော အမြင်နှင့် ဖွဲ့သည်။ “ဒေးဗစ်လွိုင်း” က စစ်-စက်မှု အဆောက်အအုံသည် စုပေါင်း အနုတ်လက္ခဏာ (our collective negativity) ကို ဖော်ဆောင်သော ဒေါသ အင်စတီကျူးရှင်းဟု ဟောသည်။
မောဟအဆောက်အအုံကြီး
ကျနော်တို့၏ သိပုံသိနည်းကို ပုံသွင်းနေသော အင်စတီကျူးရှင်းမှာ မီဒီယာ ဖြစ်သည်။ လူထုသည် မီဒီယာ သိစေချင်သလိုသာ သိသည်။ ဒီမိုကရေစီ စစ်စစ်သည် လွတ်လပ်သော တတ်ကြွလှုပ်ရှားသော မီဒီယာ လိုအပ် သည်။ အလွဲသုံးစား အမှားလုပ်နေကြသည်များကို သိကြရန်နှင့် နိုင်ငံရေးကိစ္စများကို လူထုပါဝင်ဆွေးနွေးနိုင် ရန်ဖြစ်သည်။ သို့သော် မီဒီယာကြီးများသည် တဖြည်းဖြည်းကြီးလာ၍ ကော်ပိုရေးရှင်းများဖြစ်အောင် လုပ်လာသည်နှင့်အမျှ ဓမ္မဓိဋ္ဌာန်ကျခြင်း၊ အမှန်ကိုတင်ပြခြင်းမှ ဝေးကြသည်။ အမြတ်ထွက်အောင် လုပ်ရသော အင်စတီကျူးရှင်းများဖြစ်၍ သူတို့အတွက် ကြော်ငြာဝင်ငွေက အရေးကြီးလာသည်။ အဘယ် မီဒီယာများက စားသုံးခြင်းဝါဒ တနည်းအားဖြင့် ဈေးဝယ်ခြင်း အဓိကဝါဒ (consumerism) ကို မေးခွန်းထုတ်သနည်း။ အဘယ် တီဗွီကြော်ငြာက ရိုးရိုးရှင်းရှင်း ပျော်ရွှင်နေသော မိသားစုအကြောင်း လွှင့်သနည်း။ ဆွဲဆောင်သော ကြော်ငြာ များကြောင့် ကျနော်တို့ ကလေးတွေ ကိုကာကိုလာသောက်၍ အသင့်စားဘူးစာများ၊ အမှိုက်စာများ (Junk foods) စားကြကုန်သည်။ ဆဲစာများ၊ လှုံ့ဆွစာများ၊ လှုံ့ဆွသရုပ်ဖော်ပုံများဖော်ပြလျက် ဂျာနယ်များသည် အလေနတော အဖျင်းအသိမ်များနှင့် လူထုကို နှိမ့်ချလိုက်သည်။ လူထုသည် ပါးနပ်သော လူတစု၏ ကစားခြင်းကို ခံရသည်မှာ အရေးမကြီးသလော။
အမှန်သိခြင်း၏ အရေးကြီးသည့် အပိုင်းတခုသည် “ကျနော်တို့က သဘာဝကျသည်ဟူ၍ လက်ခံနေသော သဘောထားများ၊ ဒါတွေက ရှောင်လွှဲလို့မရ ထို့ကြောင့် လက်ခံရမည်ဟူသော ကိစ္စအတော်များများသည် စင်စစ် အခြေအနေပေါ်မူတည်၍သာ ဖြစ်နေသည်။ ထို့ကြောင့် ပြောင်းလဲပစ်နိုင်”ဟူသော သိခြင်းဖြစ်သည်။ အခြားအမြင်များကို ဖော်ပြသော မီဒီယာများ လိုအပ်သည်။ ပင်မရေစီး မီဒီယာကို ကျော်လွန်သော အခြားအမြင် မီဒီယာ (Alternative Media) များထံမှသာ အခြေအနေကို ပြောင်းလဲနိုင်သော အမြင်သစ်များ ရနိုင်သည်။
ကျနော်တို့ မီဒီယာများသည်လည်း မောဟအဆောက်အအုံများဖြစ်နိုင်ကြောင်း ကျနော်တို့က သတိရှိရမည်။
ခြွင်းချက်အနည်းငယ်မှလွဲ၍ လူ့အဖွဲ့အစည်းကို ပါဝါအီလိများက လွှမ်းမိုးထားသည်။ ထိုပါဝါအီလိသည် အစိုးရနှင့် မီဒီယာအပါအဝင်ဖြစ်သော ကုမ္ပဏီကြီးများ ပါဝင်၏။ သီလမရှိသော ယင်းအဆောက်အအုံ (ဝါ) အင်စတီကျူးရှင်းများအား သီလရှိသော အဆောက်အအုံများဖြစ်အောင် လူထု၏ ကြိုးစားတွန်းလှန်ခြင်းကိုပဲ ပြုပြင်ပြောင်းလဲရေး (Reform) ဟုခေါ်သည်။
(ကိုတာသည် ရန်ကုန်အခြေစိုက် စာရေးဆရာဖြစ်ပြီး ပညာရေး၊ တွေးခေါ်မျှော်မြင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်းပါးများကို လစဉ်ထုတ်မဂ္ဂဇင်းများတွင် ပုံမှန်ရေးသားနေသည်)