အစိုးရစစ်တပ်က အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများ ရပ်တန့်ရန် ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည့် ချင်းပြည်နယ် မတူပီမြို့နယ်နှင့် ရေဆွာမြို့နယ်မှ ခေါင်းဆောင် ၈ ဦးကို မတူပီမြို့နယ် တရားရုံးမှ ဇူလိုင် ၂၃ ရက်နေ့တွင် ငွေဒဏ် ကျပ်သုံးသောင်း (သို့) ထောင်ဒဏ် ၁ လ ကျခံရန် အမိန့်ချလိုက်ကြောင်းသိရသည်။
မတူပီမြို့နယ် ရေဇွာမြို့နယ်ခွဲတွင် ဇွန် ၁၀ ရက်က အစိုးရ ခြေလျင်တပ်ရင်း (ခလရ – ၂၆၉) မှ တပ်သား မျိုးသူရကျော်က ဒေသခံ အမျိုးသမီး တဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့မှုတခု ဖြစ်ပွားခဲ့သည့် အတွက် ဇွန် ၂၃ နှင့် ၂၄ ရက်တွင် မတူပီ အမျိုးသမီး နှင့် ရေဇွာ အမျိုးသမီး ၆၀၀ ကျော်တို့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြရာ ဦးဆောင်သူများကို မတူပီ ရဲစခန်းမှ ဇွန်လအတွင်း ပုဒ်မ ၁၈ ဖြင့် အရေးယူ အမှုဖွင့်ခဲ့ပြီး ဇူလိုင် ၂၃ ရက်နေ့က အထက်ပါအတိုင်း အမိန့်ချမှတ် လိုက်ခြင်း ဖြစ်သည်။
အမိန့်ချခံရသည့် ခေါင်းဆောင် ၈ ဦးတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၆ ဦးပါဝင်ကြောင်း၊ အမိန့်ချခံရသူများသည် ငွေကျပ် သုံးသောင်း ဒဏ်ငွေဆောင်ခဲ့ကြောင်း၊ ထိုအမှုနှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိကြောင်း အဆိုပါ တရားစွဲဆို ခံရသူများထဲတွင် ပါဝင်သည့် ဦးထေမရ်က ဧရာဝတီသို့ပြောသည်။
“ထောင်ဒဏ်ကိုရွေးချယ်လိုက်ရင် ပြည်သူတွေက နောက်ထပ် ဆန္ဒပြရမှာကို ကြောက်သွားမှာ။ ဒါကြောင့် ငွေဒဏ် ပေးဆောင် လိုက်တာ။ ကျနော်တို့ကတော့ အမှန်တရားကို လိုလားတယ်။ အမှန်တရား မရှိရင်တော့ နောက်ထပ် ဆန္ဒပြအုံးမှာပါ” ဟု ဦးထေမရ်က ဧရာဝတီသို့ပြောသည်။
၂၀၁၀ ပြည့်နစ် နောက်ပိုင်းမှစပြီး အစိုးရ စစ်တပ်များသည် ချင်းပြည်နယ် အတွင်းသို့ တပ်စခန်းများ လာရောက် နေရာချသဖြင့် ဒေသခံ အမျိုးသမီးများ၏ လုံခြုံမှု စိုးရိမ်နေရကြောင်း၊ လယ်ယာမြေများသို့ သွားရောက် လုပ်ကိုင်ရန် အတွက် ကြောက်ရွံ့စိုးရိမ်မှုများရှိလာကြောင်း ဒေသခံ အမျိုးသမီးများက ပြောသည်။
“ကျမအနေနဲ့ ကျေနပ်မှုမရှိပါဘူး။ အမှုစစ်ဆေးတာလည်း အရမ်းမြန်တယ်၊ ပြီးတော့ ကျမတို့ တောင်းဆိုထားတာတွေ မရမချင်း ထပ်တောင်းဆိုဦးမှာပါ” ဟု အမှုတွင်ပါဝင်သည့် ဒေါ်ထန်းစင်က ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ် အမျိုးသမီးများ၏ အခွင့်အရေး ကိုလည်း ဆက်လက်တောင်းဆိုမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ လုံခြုံမှုနှင့် အကြမ်းဖတ်မှု လျော့နည်းစေရန်လည်း ဆက်လက် ဆန္ဒ္ဒပြမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂၀၁၁ ခုနှစ် မတ်လမှ စတင်ပြီး ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) ၏ မှတ်တမ်း ကောက်ယူခဲ့သည့် သတင်း အချက်အလက်အရ ချင်း အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှု ၅ မှု အနက် ၄ မှုသည် မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မြန်မာ နိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (CEDAW) တွင် လက်မှတ် ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျက် ရှိသည်။
ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) အစီရင်ခံစာ၌ ၂၀၁၀ ရွေးကောက်ပွဲ ကာလ နောက်ပိုင်း ပြုပြင်ပြောင်းလဲ နေချိန်တွင် မြန်မာ့တပ်မတော်၏ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသော အမျိုးသမီးများနှင့် ပတ်သက်သည့် အမှုပေါင်း ၁၀ဝ ရှိကြောင်း၊ တိုင်းရင်းသား ဒေသ အတွင်းရှိ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဗျူဟာ တခု ကဲ့သို့ အသုံးပြုနေမှုကို ရပ်တန့် စေလိုကြောင်း ဖော်ပြထားသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံ အတွင်း စစ်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ် ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို စုံစမ်း စစ်ဆေး အရေးယူပေးရန် မြန်မာ အစိုးရကို တောင်းဆိုခဲ့သည်။