ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။
(အယ်ဒီတာ)
ဒီတစ်ပတ်တော့ အနောက်တိုင်းဆန်တဲ့ ပုံစံလေး ပြောင်းပြီး ဖော်ပြလိုက်ပါတယ်။ အနောက်တိုင်း အစားအစာ တွေမှာ ထောပတ်၊ ခရင် (မ်)၊ နို့တွေအများကြီး ပါတတ်တယ် ဆိုပေမယ့် ကျနော်တို့အတွက် လွယ်ကူမြန်ဆန်ပြီး ကျနော်တို့ အရှေ့
တိုင်းသားတွေနဲ့ သင့်လျော်မယ့် ဒီလိုဟင်းပွဲမျိုးကို ရွေးချယ်စားသုံးမယ်ဆိုရင် အဟာရလည်းဖြစ်၊ ကျန်းမာရေးနဲ့လည်း သင့်လျော်တဲ့ ကယ်လိုရီကို ဖြည့်တင်းပေးနိုင်မှာ သေချာလှပါတယ် …။
ပင်လယ်ငါးသလောက်လို့ ခေါ်ဆိုနိုင်တဲ့ Salmon ကို သရက်သီး အမှည့်လေး ပါဝင်တဲ့ အသုပ်ပုံစံ (Mango Salsa) တို့ကို တွဲဖက် ဖော်ပြသွားပါမယ်။ ဒီသရက်သီးပါတဲ့ အသုပ်လေးက အနောက်တိုင်း စားသောက်ဆိုင်တွေမှာ ရေပန်းစားလှပြီး Grilled Salmon နဲ့အလိုက်ဖက်ဆုံး အတွဲအစပ်လေးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်ပြီး ကျပ်တင် (သို့) ကင်စားတဲ့ငါးတွေနဲ့လည်း အထူးသင့်လျော် လှပါတယ်။
ရိုးရှင်းလွယ်ကူတဲ့ ချက်နည်းလေးကို လေ့လာကြည့်ကြရအောင်ပါ။
Grilled Salmon Fillet with Fresh Mango Salsa အတွက် ပါဝင်ပစ္စည်းများကို နှစ်မျိုးခွဲ ဖော်ပြပါမယ်။
Grilled Salmon အတွက်
ဆော်လမွန်ငါးအသား (အရိုးမပါ) – ၂ ချပ်
သံပုရာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
သံလွင်ဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
ဟင်းချက်ဝိုင်အနီ – အနည်းငယ်
ဆား + ငရုတ်ကောင်း – သင့်တော်သလို
ကြက်သွန်ဖြူ နုပ်နုပ်စဉ်း – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
Presley နုပ်နုပ်စဉ်း – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
Mango Salsa အတွက်
သရက်သီးမှည့် – ၁ ခြမ်း
ကြက်သွန်နီသေးသေး – ၁ လုံး
ချယ်ရီခရမ်းချဉ်သီး – ၅ လုံး
ပန်းငရုတ်ပွအစိမ်း – ၁ ခြမ်း
သံပုရာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
Blasmic Vinegar – ၁ ဇွန်း (စားပွဲတင်ဇွန်း)
ပါစလေ (သို့) နံနံပင် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
သံလွင်ဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
သကြား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း) (သို့) ပျားရည် ၁ ဇွန်း (စားပွဲတင်ဇွန်း)
ဆား+ငရုတ်ကောင်း – အနည်းငယ်စီ
Sweet basil (သို့) Thyme ရွက်..အနည်းငယ်
သံပုရာသီး – ၂ စိတ် (အလှဆင်ရန်)
ဆလတ်ရွက် (သို့) Rocket leave – အနည်းငယ် (တွဲဖက်ရန်)
ဆော်လမွန်ငါးအသားကို ရေဆေးသန့်စင်ပြီး မီးဖိုချောင်သုံးစက္ကူနဲ့ ရေတွေခြောက်အောင် စုပ်ယူပေးပါ။ နုပ်နုပ် စဉ်းထားတဲ့ Presley ၊ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်း၊ သံပုရာရည်၊ ဟင်းချက်ဝိုင်အနီ တို့နဲ့ အရသာနယ်ကာ (၁၅) မိနစ်ခန့် သာမန်ရေခဲသေတ္တာ အခန်းမှာ နှပ်ထားပါ။
အဲဒီအချိန်မှာ Mango Salsa အတွက် လိုအပ်တာတွေထဲက သရက်သီး၊ ကြက်သွန်နီ၊ ပန်းငရုတ်ပွ တို့ကို အရွယ်ညီ လေးတွေ တုံးပြီး ချယ်ရီခရမ်းချဉ်သီး ကိုတော့ ၂ စိတ် (သို့) ၄ စိတ်ခွဲလှီးပါ။
ဖန်ဇလုံ တခုထဲမှာ Mango Salsa အတွက် လိုအပ်တဲ့ အရသာပါဝင် ပစ္စည်းတွေကို ဆော့စ်ရည် အသွင်ဖြစ်အောင် ဖျော်ထားပေးပါ (အသီးတွေတော့ မထည့်ပါနဲ့ဦး)။
ဒါတွေ ပြင်ဆင်ပြီးရင် … ငါးကို စတင်ချက်ပြုတ်ပါမယ်။
Non – Stick Pan တခုမှာ သံလွင်ဆီကို အပူပေးပြီး ဆော်လမွန်ငါး အသား ပတ်ပတ်လည်ကို ရွှေရောင်လေး ရအောင် အပူပေးပါ။ အဲဒီနောက် ဆယ်ယူစစ်ထုတ်ပြီး မီးဖိုအပူခံ ပန်းကန်ပြားမှာ တင်ထားပြီး Oven ဆိုရင် အပူချိန် ၂၅၀ ဒီဂရီ ဖာရင်ဟိုက်နဲ့ ၅ မိနစ်ခန့် Microwave ဆိုရင် ၆၀၀ W နဲ့ ၃ မိနစ်ခန့် အပူပေးပါ။
စပ်ထားတဲ့ ဆော့စ်ရည်ထဲကို သရက်သီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်၊ ပန်းငရုတ်ပွတွေ ရောထည့်ပြီး သမအောင် ဖြည်းညင်းစွာ မွှေကာ အရံသင့်ပြင်ဆင်ပါ။
ပြင်ဆင်တော့မယ်ဆိုရင် Meat Plate လို့ ခေါ်တဲ့ ထမင်းစားပန်းကန် အကြီးမှာ ဆလတ်ရွက် (သို့) Rocket Leaves တွေကို ပန်းကန်ပြား တဘက်မှာ ဖြန့်ခင်းပြီး ကင်ထားတဲ့ ဆော်လမွန်ငါး အသားကို ထားပါ။
ဆော်လမွန်ငါး အသားပေါ်ကို ဖျော်စပ်ထားတဲ့ သရက်သီးဆော့စ်ကို လှပစွာ လောင်းချပြီး သံပုရာသီး ၁ စိတ်နဲ့ အလှဆင် ပေးလိုက်ရင် ပြီးပြည့်စုံတဲ့ Grilled Salmon Fillet with Fresh Mango Salsa လေးကို ရင်ခုန်စွာ မြည်းစမ်းကြည့်နိုင်ပါပြီ …။