မြန်မာနိုင်ငံ လူငယ်အစည်းအရုံးက ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး လူငယ်ရုပ်ရှင်ပွဲတော်မှာ “Vaiolenz against Violence” ဇာတ်ကားနဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့ပြီး ဒဂုံတက္ကသိုလ်မှာ ဥပဒေဘာသာရပ် နောက်ဆုံးနှစ် အဝေးသင် တက်ရောက်နေတဲ့ အသက် ၂၁ နှစ် အရွယ် အမျိုးသမီး လူငယ်ဒါရိုက်တာ ခင်စုကြည်ကို ဧရာဝတီက သူ့ရဲ့ အတွေ့အကြုံတွေ၊ အမျိုးသမီး ဒါရိုက်တာ တယောက်အနေနဲ့ တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံ မေးမြန်းထားပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်း၊ ရွှေသံစဉ် တေးဂီတဝိုင်းရဲ့ ဂီတမှူး၊ DVB ရုပ်သံသတင်းထောက် ဦးဝင်းမော်ရဲ့ သမီး ခင်စုကြည်ဟာ သူ့အစ်ကိုနဲ့ မောင်တွေ တည်ထောင်ထားတဲ့ Vaiolenz Band ကို အခြေခံပြီး ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကားနဲ့ ဆုရခဲ့သူလည်း ဖြစ်ပါတယ်။
မေး။ ။ မခင်စုကြည် အနေနဲ့ ဒီလူငယ်ရုပ်ရှင်ပွဲတော်ကို ဝင်ပြိုင်ဖို့ ဘယ်လို အိုင်ဒီယာရခဲ့တာလဲ။
ဖြေ။ ။ ပထမဆုံး HRHD (Human Rights Human Dignity)၊ “လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ” ဆိုတဲ့ ရုပ်ရှင် ပွဲတော်မှာ ဝင်ပြိုင်တယ်။ “ပုဒ်မ ၁၈” ဆိုတဲ့ ဇာတ်ကားနဲ့ ဆုရခဲ့တယ်။ ဆုရခဲ့ပြီး အဲဒီက သင်တန်းလည်း တက်ထား တာကြောင့် သင်တန်းက စာတွေလည်း မမေ့သေးခင်မှာ Documentary တခု ရိုက်မယ် ဆိုပြီးတော့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်လိုက်ပြီးတော့ အွန်လိုင်းမှာ လူငယ်ရုပ်ရှင်ပွဲတော်ဆိုတာ တွေ့တယ်။ အဲဒါနဲ့ လူငယ်တွေရဲ့ အကြောင်းကို ရိုက်မယ်ဆိုပြီးတော့ ရိုက်ဖြစ်သွားတာပါ။
မေး။ ။ “ပုဒ်မ ၁၈” ဇာတ်ကားတုန်းက ဘာဆုရခဲ့တာလဲ။
ဖြေ။ ။ အဲဒါက ကျောင်းသားကားပေါ့။ ကျောင်းသား ၃ ယောက် ပေါင်းရိုက်ခဲ့တာပါ။ ကျောင်းသား ကားတွေထဲမှာ အကောင်းဆုံး Documentary ဆု ရခဲ့တယ်။
မေး။ ။ လူငယ်ရုပ်ရှင်ပွဲတော်မှာ ပြိုင်ခဲ့တဲ့ “Vaiolenz against Violence” ဇာတ်ကားက မခင်စုကြည် တယောက်တည်း ပထမဆုံး ကိုယ်တိုင်ရိုက်တဲ့ Documentary လို့ သိရတယ်။ ပထမဆုံးဆိုတော့ ဘယ်လို အခက်ခဲတွေ တွေ့ခဲ့ရလဲ။
ဖြေ။ ။ အခက်အခဲကတော့ တွေ့တယ်။ ပထမဦးဆုံးကတော့ ကိုယ်တယောက်တည်း လုပ်တာပေါ့။ ကိုယ် တယောက်တည်း လုပ်တယ်ဆိုတော့ ပထမဦးဆုံး မိန်းကလေးတယောက် အနေနဲ့ လုပ်ချင်တဲ့စိတ် ရှိလို့လည်းပါတယ်။ ယောက်ျားလေးတောင် လုပ်နိုင်တာ၊ ငါလည်း ကိုယ်တိုင်လုပ်နိုင်ရမှာပဲ ဆိုပြီးတော့ ကိုယ်တိုင် ကင်မရာကိုင်ပြီး ရိုက်တယ်။ Edit က အစ အသံတွေ ဘာတွေကအစ ကိုယ်တိုင်လုပ်တယ်။ လုပ်တဲ့ အချိန်မှာ အခက်အခဲကတော့ အခုမှ စလုပ်တယ်ဆိုတော့ ကင်မရာကလည်း သိပ်တော့မကောင်းဘူး။ Lighting တွေ ဘာတွေကအစ သိပ်မရှိဘူး။ ညဘက် Night Scene တွေ ဘာတွေ အရမ်း ရိုက်ချင်တာပေါ့။ လူငယ်အကြောင်းဆိုတော့ ညဘက်မှာ လူငယ်တွေ ဘယ်လို သွားလာတယ် ဆိုတာကို အရမ်းရိုက်ချင်တယ်။ ဒါပေမယ့် Night Scene တွေ ရိုက်ဖို့အတွက် အဆင်မပြေဘူး။ မိုးတွင်း ဆိုတော့လည်း အပြင်ထွက်ဖို့က အဆင်မပြေဘူး။ Lighting က အစ ပထမဦးဆုံး ဗိုလ်တထောင် ကမ်းနားမှာ ရိုက်မယ်လို့ စီစဉ်ထားပြီးတော့မှ ရက်ကလည်း အရမ်းကပ်နေတာနဲ့၊ မိုးကလည်း ရွာတာနဲ့၊ Lighting မရှိတာနဲ့ အဲဒီလို အခက်အခဲလေးတွေ ရှိတယ်၊ ကင်မရာပိုင်း ဆိုင်ရာပေါ့။
မေး။ ။ ဒီ “Vaiolenz against Violence” ကို ရိုက်ဖို့ ဘယ်လို အိုင်ဒီယာရခဲ့တာလဲ။
ဖြေ။ ။ ပထမဦးဆုံး ရိုက်ဖို့ စဉ်းစားကြည့်တော့ လူငယ်အကြောင်းဆိုတော့ လူငယ်တွေလည်း ကြည့်ချင်အောင်ပေါ့။ Documentary က အရမ်းရှည်သွားရင် ပျင်းဖို့လည်း ကောင်းတယ်။ စကားတွေ အများကြီး ပြောရင်လည်း ပျင်းဖို့ ကောင်းတယ်။ ဘယ်လိုရိုက်ရင် ကောင်းမလဲဆိုတော့ ပထမဦးဆုံး အိုင်ဒီယာရတာ Music ကို အခြေခံပြီး ရိုက်မယ်ပေါ့။ အဖေကလည်း Musician တယောက်ဖြစ်တယ်။ အစ်ကိုတွေ၊ မောင်တွေကလည်း Musician တွေဖြစ်တယ်ဆိုတော့ Music ကို အခြေခံပြီးတော့ Musical Documentary လေး လုပ်မယ်ဆိုတော့ အစ်ကိုနဲ့ မောင်နဲ့အကြောင်းကို ရိုက်ဖို့က အရင် ကတည်းက စဉ်းစားထားတယ်၊ သူတို့က Metal Music ပေါ့။ Metal Music ကို အခြေခံပြီး ရိုက်မယ်ဆိုပြီးတော့ အဲဒါကတော့ အရင်ကတည်းက စဉ်းစားထားတာ။ ဒီလူငယ်ရုပ်ရှင်ပွဲတော်နဲ့ တိုက်သွားပြီးတော့ ဒီလူငယ်အကြောင်းကို အခြေခံပြီး ရိုက်ဖြစ်သွားတာပါ။
မေး။ ။ ဇာတ်ကားနာမည် “Vaiolenz against Violence” ရဲ့ အဓိပ္ပာယ်လေး ကိုလည်း ရှင်းပြပေးပါဦး။
ဖြေ။ ။ အရှေ့ကစာလုံး Vaiolenz ဆိုတာကတော့ မောင်လေးနဲ့ အစ်ကိုတို့ ထောင်ထားတဲ့ Band နာမည်ပေါ့။ Vaiolenz ဆိုတာက V-i-o-l-e-n-c-e နဲ့ အဓိပ္ပာယ် အတူတူပဲ။ အဓိပ္ပာယ်က အကြမ်းဖက်တာပဲပေါ့။ သူတို့က ပေါက်ကွဲတာကို ဦးစားပေးပြီး ဖော်ပြလိုက်တာပေါ့၊ Metal Music နဲ့ လိုက်ဖက်အောင်လို့။ ဒါပေမယ့် သူတို့က စာလုံးအက္ခရာလေး နည်းနည်းပြောင်းလိုက်တာ သူတို့အတွက် ဆန်းအောင်လို့။ အဓိပ္ပာယ်ကတော့ Violence ၊ အကြမ်းဖက်တာ အတူတူပဲဆိုတော့ “Vaiolenz against Violence” ကို ဘာသာပြန်လိုက်မယ် ဆိုရင် “Vaiolenz Band က အကြမ်းဖက်မှုကို မလိုလားဘူး”၊ အဲဒီ အဓိပ္ပာယ်ပါ။
မေး။ ။ ဒီဇာတ်ကားလေး ဆုရခဲ့တော့ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ ဝမ်းသာတယ်။ ပထမဦးဆုံး “ပုဒ်မ ၁၈” ဇာတ်ကား ဆုရတုန်းကလည်း ဝမ်းသာတယ်။ ဒါပေမယ့် ဒါက ကိုယ်တိုင် စီမံပြီး ရိုက်တာ မဟုတ်တဲ့အတွက် အပြည့်အဝတော့ မပျော်နိုင်ဘူးပေါ့။ ဒါ ကိုယ့်အရည်အချင်း လို့လည်း မပြောနိုင်ဘူး။ ဒီ ဇာတ်ကားလေး ကျတော့ ကိုယ်တိုင်ရိုက်တယ်၊ ကိုယ့်အရည်အချင်းလို့လည်း သတ်မှတ်လို့ရတယ်၊ အဲဒီအတွက် ကိုယ်တိုင် ပထမဦးဆုံး ရိုက်တဲ့အချိန်မှာ၊ ပထမဦးဆုံး လူငယ်ရုပ်ရှင် ပွဲတော်မှာ ဆုရတဲ့အတွက် အရမ်းကိုပျော်ပါတယ်။
မေး။ ။ မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ အချိန်ဘယ်လောက်ယူခဲ့လဲ။
ဖြေ။ ။ အချိန်ကတော့ သိပ်တော့ မယူခဲ့လိုက်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အဖေက သတင်းထောက်၊ အစ်ကိုကလည်း သတင်းထောက်၊ ကျမကလည်း သတင်းထောက်ဆိုတော့ အစ်ကိုတွေ၊ မောင်တွေ တီးတာပဲဖြစ်ဖြစ်၊ အဖေတီးတဲ့ ကချင်ဘက်ကို ပရဟိတသွားတာတွေပဲဖြစ်ဖြစ် အကုန်လုံးက ရိုက်ထားတာတွေ။ အဖေ့ကိုသွားတွေ့တဲ့ ရခိုင်ကတ်တွေ ရိုက်ထားတာတွေရှိတယ်။ ဘယ်လို အသုံးချရမလဲပဲ မသိတာပေါ့။ ဒါပေမယ့် ဒီ လူငယ်ရုပ်ရှင်ပွဲတော် လုပ်မယ်ဆိုတော့ အဲဒါတွေ ထည့်သုံးဖြစ်တယ်။ သုံးဖြစ်ပြီး အဓိကကတော့ အင်တာဗျူးလေးတွေ ရိုက်ဖြစ်တယ်။ အများဆုံးကတော့ အင်တာဗျူးရိုက်တာ တပတ်၊ Edit လုပ်တာတော့ နှစ်ရက်၊ သုံးရက်လောက် ကြာတယ်။
မေး။ ။ ကိုယ်တိုင်က သတင်းထောက်ဆိုတော့ ဘယ်သတင်းဌာနကလဲ။
ဖြေ။ ။ ပထမဦးဆုံးကတော့ သမဂ္ဂဂျာနယ်မှာ စလုပ်တာ။ နောက်တော့ ဒီရုပ်သံဘက် Sky Net MN ၊ Myanmar National TV မှာ လုပ်တယ်။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး။ ဒီကားလေးလည်း ဆက်ရိုက်ချင်တာကြောင့် ထွက်လိုက်တာ၊ အခုတော့ ဘာအလုပ်မှ မလုပ်တော့ဘူး။ ဘာမှ မလုပ်တော့ဘူးဆိုတာ ဒီ Documentary လေးတွေ ဆက်ရိုက်ချင်တာကြောင့်ပါ။
မေး။ ။ အရင်ကရိုက်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေရှိခဲ့ရင် ပြောပြပေးပါဦး။
ဖြေ။ ။ အရင်က ဒီဇာတ်ကားရဲ့အရှေ့မှာ “ပုဒ်မ ၁၈” ဆိုတဲ့ တကားပဲရှိတယ်။ ဒါကတော့ ကျောင်းသားတွေနဲ့ အတူတူရိုက်တဲ့ ပုဒ်မ ၁၈ ဆိုတဲ့ ဒီနိုင်ငံမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နဲ့ စုဝေးခွင့်ဆိုင်ရာ ပုဒ်မပေါ့။ တဖက်က Constitution ကလည်း လွတ်လပ်ခွင့်ပေးထားတယ်။ တဖက်က ဥပဒေပုဒ်မတွေနဲ့ ပြန်ပိတ်ပင် ထားတာတွေပေါ့၊ အဲဒါတွေကို ရိုက်ထားတာပါ။ “Vaiolenz against Violence” ဇာတ်ကားကတော့ ဒုတိယမြောက်ကားလို့ ပြောလို့ရသလို ကျမတယောက်တည်း ဦးဆောင်ရိုက်တဲ့ ပထမဆုံးကားလို့လည်း ပြောလို့ရပါတယ်။
မေး။ ။ ဒါရိုက်တာပညာကို ဘယ်အရွယ်က စသင်ခဲ့တာလဲ၊ ဘယ်မှာ သင်ခဲ့တာလဲ။
ဖြေ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သတင်းထောက် အလုပ်စလုပ်တယ်။ သတင်းထောက် စလုပ်တဲ့ အချိန်မှာ ကင်မရာကိုင်ရတဲ့ အရသာကို ကြိုက်တယ်။ ဓာတ်ပုံပဲဖြစ်ဖြစ်၊ Movie ပဲဖြစ်ဖြစ် ရိုက်ရတာ၊ ကိုယ်ရိုက်ထားတဲ့ အရုပ်တွေကို ပြန်ကြည့်ရတာ သဘောကျတယ်။ အဖေကလည်း သင်ပေးတယ်။ ပထမဦးဆုံး လက်ဦးဆရာကတော့ အဖေပေါ့။ အဖေက ကင်မရာကို ဘယ်လိုရိုက်ရတယ်၊ ဘယ်လို ငြိမ်အောင် လုပ်ရမလဲဆိုတာတွေ သင်ပေးတယ်။ သင်ပေးပြီးတော့မှ အဖေကနေ သင်တန်းတခုကို လာပြတယ်။ Human Rights Human Dignity Film Institute ကနေလုပ်တဲ့ ဆရာမင်းထင်ကိုကိုကြီးရဲ့ Documentary သီးသန့်သင်တဲ့ သင်တန်းကျောင်းပါ။ မနှစ်က နိုဝင်ဘာလ လောက်မှာ စတက်ဖြစ်တယ်။ အဲဒီသင်တန်းတက်ပြီးတော့ ငါးပတ်အကြာမှာ ဆရာဝဏ္ဏကျော်က ကင်မရာပိုင်းဆိုင်ရာ သင်ပေးတယ်။ နောက်တော့ ကနေဒါက ဆရာနှစ်ယောက်လာပြီး Documentary သီးသန့် သင်ပေးတယ်။ ပြီးတော့ Edit အပိုင်းကို ဆရာဝဏ္ဏကျော်ပဲ တာဝန်ယူပြီး ပြန်သင်ပေးတယ်။ အဲဒီကနေမှ ကိုယ်ကလည်း ပထမဦးဆုံးက အမှန်တိုင်းပြောရရင် Documentary ဆိုတာ ဘာမှန်း ကောင်းကောင်းမသိဘူး။ ကင်မရာကိုင်ပြီး ရိုက်ရမယ် ဆိုတာပဲ သိတယ်။ ဘယ်လို ဇာတ်လမ်းမျိုး ရိုက်ရမယ်ဆိုတာလည်း မသိဘူး။ လက်တွေ့ကျကျ သိခဲ့တာက ဆရာမင်းထင်ကိုကိုကြီးရဲ့ သင်တန်းမှာမှ တကယ်လက်တွေ့ကျကျ သိခဲ့တယ်။ တကယ် လက်တွေ့ ကျပြီးတော့ အရမ်းလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျမ တခြားသင်တန်းတွေလည်း တက်ခဲ့ဖူးတယ်။ ကျမ လုံးဝ စိတ်မဝင်စားဘူးဆိုရင် တရက်တည်းနဲ့ မတက်ခဲ့တာတွေလည်း ရှိတယ်။ ဒါပေမယ့် အဲဒီ သင်တန်းကိုတော့ တရက်မှ လုံးဝမပျက်မကွက်ဘဲ သွားတက်ခဲ့တယ်။ ပြီးတော့ တကယ်လည်း စိတ်ဝင်စားတဲ့ အတွက်ကြောင့် အဆက်အသွယ်တွေ လုံးဝ မကွာသွားခင်၊ “ပုဒ်မ ၁၈” ဇာတ်ကားနဲ့ ဆုရပြီး မကြာခင်မှာ ဒီကားလေးကို ဆက်ပြီးတော့ ရိုက်ဖြစ်တာပါ။
မေး။ ။ ဒါရိုက်တာအလုပ်ကိုကော အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ဖို့ စဉ်းစားထားလား။
ဖြေ။ ။ ဒါရိုက်တာ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့က ခဲယဉ်းတယ်။ ခဲယဉ်းတယ် ဆိုတာက အခုချိန်မှာ Documentary တွေ၊ ဘာတွေကလည်း ပွဲတော်တွေလုပ်မှသာ ဝင်ပြိုင်ဖြစ်တာ။ ဒါရိုက်တာ အလုပ်နဲ့ အသက်မွေး ဝမ်းကျောင်းပြုမယ် ဆိုတာက ဒါ ဝါသနာအရပဲ လုပ်လို့ရမယ်။ အသက်မွေးဝမ်းကျောင်း အရတော့ လုပ်လို့ရမှာ မဟုတ်ဘူး။ အသက်မွေးဝမ်းကျောင်း အတွက်ကတော့ တခြား လုပ်သင့်တာလေးတွေ လုပ်ရမှာပေါ့။ သတင်းထောက် အလုပ်ပဲဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် Documentary ရိုက်ကူးတဲ့ အလုပ်ကိုတော့ ဘယ်တော့မှ စွန့်လွှတ်သွားမှာ မဟုတ်ပါဘူး။
မေး။ ။ ရှေ့ဆက်ပြီးတော့ အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေထပ်လုပ်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ အဓိက ကတော့ Documentary အပိုင်းပဲပေါ့။ Short Film ကိုလည်း စိတ်ဝင်စားတယ်။ Script ပိုင်းတွေက အစ လေ့လာချင်တယ်။ ဒါပေမယ့် Documentary လိုင်းကို အားသန်တဲ့အတွက်ကြောင့် တကယ့် သတင်း အချက်အလက် မှန်မှန်နဲ့ တင်ပြတဲ့ ရုပ်ရှင်ကားတွေ ပိုသဘောကျတယ်။ ဒါကြောင့် Documentary ပိုင်းကို ဆက်ရိုက်မယ်။ ဒီကားလေး ဆိုရင် ကျမ ငယ်ငယ်ကတည်းက ကျမကိုယ်တိုင် ခံစားခဲ့ရတာပါ။ နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ ဘေးက သူငယ်ချင်း တွေက ကိုယ့်ကို မပေါင်းချင်တော့တာမျိုး၊ အဲဒီလိုမျိုးဟာလေးတွေ ကိုယ်တိုင်ခံစားခဲ့ရတာမျိုး ကိုယ်တိုင်ပြန်ရိုက်ပြရတာ။ ကိုယ့်အစ်ကို၊ မောင်တွေလည်း ဒီလိုခံစားခဲ့ရတာပဲ ဆိုတာကို ပြန်ရိုက်ပြရတဲ့အတွက် တကယ် ကိုယ်ခံစားရတာနဲ့ ဥပမာ- အမျိုးသမီးတွေဆိုရင်လည်း အမျိုးသမီးတွေ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတာတွေ ဒီနိုင်ငံမှာ ရိုက်ပြတာ ရှားသေးတယ်။ အဲဒါမျိုးလေးတွေ ရိုက်ပြချင်တယ်။ အဓိကကတော့ ကိုယ်ခံစားရတာတွေ၊ လက်တွေ့ဘဝတွေကိုပဲ ရိုက်ပြဖို့ စဉ်းစားထား ပါတယ်။
မေး။ ။ ကိုယ်က မိန်းကလေးတယောက် ဖြစ်နေတော့ ဒီ ဒါရိုက်တာအလုပ်ကို ရေရှည် လုပ်နိုင်မယ်လို့ တွေးထားလား။ ပြီးတော့ အမျိုးသမီးဒါရိုက်တာ တယောက်အနေနဲ့ကော ဘယ်လိုအခက်ခဲတွေ တွေ့ရလဲ။
ဖြေ။ ။ ရေရှည်လုပ်နိုင်မလား ဆိုတော့ တွေးထားတာထက် လုပ်ကိုလုပ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးနဲ့ ယောကျာ်လေးက မွေးလာကတည်းက ခြေလက်အင်္ဂါ အစုံနဲ့ ဉာဏ်ရည်ချင်းလည်း အတူတူပဲလို့ ကျမကတော့ ယူဆထားတယ်။ ယောကျာ်လေးတွေ လုပ်နိုင်တဲ့အလုပ်ကို မိန်းကလေးတွေလည်း လုပ်နိုင်ရမယ်။ ဒီလို ကင်မရာကိုင်ပြီး ရိုက်တာ မိန်းကလေးတယောက် အတွက် ဒီခေတ်ကြီးမှာတော့ ခဲယဉ်းတဲ့ အလုပ်လည်း မဟုတ်ဘူး။ အဲဒီတော့ ကျမ ကိုယ်တိုင်ပဲ ကင်မရာကိုင်ပြီး ရိုက်မယ်။ Edit က အစ ကျမကိုယ်တိုင် ကိုယ့်စိတ်ကြိုက် ကိုယ်သဘောကျပြီဆိုမှ ပရိသတ်ကို ချပြတယ်။ အဲဒီတော့ ကျမက ဒီအလုပ်ကိုလည်း ဆက်ပြီးတော့ လုပ်သွားမှာ၊ တကယ်ဝါသနာပါတဲ့ အလုပ်လည်းဖြစ်တယ်။ မိန်းကလေး တယောက်အနေနဲ့ အခက်အခဲရှိလားဆိုတော့ ရှိတယ်။ ရှိတယ်ဆိုတာ ဒီနိုင်ငံ မှာကော၊ တချို့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ မိန်းကလေးတွေကို ဦးစားပေးတာ နည်းသေးတယ်။ မိန်းကလေးတွေရဲ့ အိုင်ဒီယာတွေကို ပယ်ချတာများတယ်။ မိန်းကလေးတွေရဲ့ ဆုံးဖြတ်ချက်ကို မယူကြဘူး။ မိန်းကလေးကဏ္ဍမှာ ပါဝင် တာတော့ မှန်တယ်။ ဒီလို သင်တန်းကျောင်းတွေမှာ မိန်းကလေးတွေလည်း ပါဝင်တယ်။ ၁၂ ယောက်မှာဆို ၄ ယောက်ပဲ ရွေးချယ် ခံရတယ်။ ဒီထက် ယောကျာ်လေးတွေနဲ့ ဆတူ၊ ယောကျာ်လေး ၆ ယောက်ဆို မိန်းကလေး ၆ ယောက်ပါရမယ်။ အဲဒီလိုမျိုးတွေ ဖြစ်လာဖို့လည်း လိုအပ်တယ်။ နောက်တခုကကျတော့ မိန်းကလေးတွေရဲ့ အိုင်ဒီယာကိုလည်း မပယ် ထားသင့်ဘူး။ ဥပမာ- မိန်းကလေးတယောက်က ဒါလေးကို ဒီလိုလုပ်လိုက်ရင် ကောင်းမယ်ဆိုတာက သူက ယောကျာ်လေးအမြင်နဲ့တော့ မတူဘူး။ ဒါပေမယ့် မြင်နေကျ အမြင်မဟုတ်ရင် ထူးဆန်းတာတွေကိုလည်း လူတွေက ခံစားချင်အောင်လို့ မိန်းကလေးတွေရဲ့ အမြင်ကိုလည်း မပယ်ချသင့်ဘူး။ ဆုံးဖြတ်ချက်တွေကိုလည်း မပယ်ချသင့်ဘူး။ မိန်းကလေးတွေကိုလည်း ဦးစားပေးသင့်တယ်။ ဦးစားပေးတယ်ဆိုတာက မိန်းကလေးတွေကို ရှေ့တန်းတင်ဖို့ မဟုတ်ဘူး။ ယောက်ျားလေးတွေက မိန်းကလေးတွေကို လက်တွဲခေါ်ဖို့ ပြောတာ၊ တန်းတူညီမျှခွင့်ကိုပဲ ပြောတာပါ။
မေး။ ။ အိမ်ကကော ဒီအလုပ်လုပ်ဖို့ ခွင့်ပြုလား။ အိမ်နဲ့ သဘောတူညီမှုရအောင် ဘယ်လိုလုပ်ထားလဲ။
ဖြေ။ ။ ကျမတို့အိမ်က တခုရှိတာ လွတ်လပ်ခွင့်ပေးထားတယ်။ သားသမီးတွေကို ဘာလုပ်ချင်တယ်၊ အစ်ကိုတွေ မောင်တွေကလည်း Musician တွေဖြစ်တဲ့အတွက် ကြိုက်တဲ့ Music ကိုလုပ်၊ လုပ်ခွင့်ပေးထားတယ်။ ကျမ ဆိုရင်လည်း သတင်းထောက်ကို တကယ်ဝါသနာပါလို့ လုပ်ခဲ့တာ။ Documentary သင်တန်းဆိုတာလည်း ကျမ တကယ်ဝါသနာပါလို့ တက်ခဲ့တာ။ တခြား သင်တန်းတွေလည်း ကျမတက်ခဲ့တယ်။ အိမ်ကတော့ အဲဒီလို ကန့်ကွက်ပိတ်ပင်တာတွေတော့ မရှိဘူး။ အနောက်ကနေ အမြဲတမ်း Supporting လိုက်လုပ်ပေး ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီးဒါရိုက်တာတွေ ရှားတယ်။ အဲဒီအပေါ်ကို မခင်စုကြည်ရဲ့ အမြင် ပြောပြပေးပါ။
ဖြေ။ ။ အမျိုးသမီး ဒါရိုက်တာတွေ ရှားတယ်၊ ဟုတ်တယ်။ ကျမဆိုရင် ဒါရိုက်တာ မကြည်ဖြူသျှင်ကို အရမ်း အားကျတယ်။ ဒါကတော့ ကျမ လက်လှမ်းမီသလောက်ပေါ့။ ဒီနိုင်ငံမှာ မိန်းကလေးတယောက် ဒါရိုက်တာလုပ်တာ ရှားတယ်။ အခွေတွေ ဘာတွေဆိုရင်လည်း မကြည့်ဖူးသလောက်ပဲ။ မကြည်ဖြူသျှင်ကို အားကျတယ်။ သူ့လိုမျိုးလည်း ဖြစ်ချင်တယ်။ ကျမလည်း ရုပ်ရှင်ကားကြီး ရိုက်နိုင်အောင် ကြိုးစားမယ်။ အဓိကအမြင်ကတော့ အမျိုးသမီး ဒါရိုက်တာ ရှားတယ် ဆိုတာက ပြောရမယ်ဆိုရင် လူတယောက်က အဓိက ကတော့ ကိုယ်ဝါသနာပါတာကို ဆက်လျှောက်မယ်။ ဒါကတော့ ဝါသနာအရလည်း ဖြစ်ရင် ဖြစ်နိုင်မယ်။ ဒီ ဒါရိုက်တာအလုပ်ကို ဝါသနာမပါလို့ မလုပ်ကြတဲ့သူတွေလည်း ရှိကောင်းရှိမယ်။ တကယ် ဝါသနာပါတဲ့ သူတွေကလည်း ဇွဲနဲ့ လုပ်တတ်ဖို့လိုတယ်။ လက်တွဲခေါ်မယ့် သူတွေလည်း ရှိဖို့လိုအပ်တယ်။ ရုပ်ရှင်လောကက သူတွေကော တခြားအသိုင်းအဝိုင်းက သူတွေကော အားမလျှော့သွားအောင် မိန်းကလေးတွေကို လက်တွဲခေါ်သင့်တယ်လို့ ထင်ပါတယ်။
မေး။ ။ တခြားလေးစားရတဲ့ ဒါရိုက်တာတွေ ရှိရင် ပြောပြပေးပါဦး။
ဖြေ။ ။ ကျမကတော့ အမျိုးသမီး ဒါရိုက်တာဆိုရင် မကြည်ဖြူသျှင်ကို အားကျတယ်။ နောက်တယောက်ကတော့ ကျမရဲ့ဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးပါ။ သူ့ရဲ့ “အင်းသီး” Documentary ဇာတ်ကားလေးကိုကြည့်ပြီး အရမ်း ကြိုက်တယ်။ အဲဒါကြောင့်လည်း ကျမ ဒီအလုပ်ကို ဆက်လုပ်ဖြစ်တာပါ။ နောက် ဒါရိုက်တာ ဆရာမောင်မျိုးမင်းကို ကြိုက်တယ်။ သူ့အိုင်ဒီယာလေးတွေ ဆန်းတယ်။ သူက ရုပ်ရှင်မှ မဟုတ်ဘူး၊ သူရေးတဲ့ ပြက်လုံးလေးတွေကအစ သဘောကျတယ်။ နောက် သူရိုက်တဲ့ ရိုက်ကွက်လေးတွေလည်း သဘောကျတယ်။ ကျမက ဒီနိုင်ငံကထက် Bollywood က ရုပ်ရှင်တွေပိုပြီးတော့ ကြည့်ဖြစ်တယ်။ အိန္ဒိယရုပ်ရှင်တွေကို ကြိုက်တယ်။ ဇာတ်ကားက ရှည်သွားပေမယ့် ဇာတ်လမ်းက ငြီးငွေ့မသွားဘူး။ ဆွဲဆောင်နိုင်တယ်။ အိန္ဒိယကားတွေထဲမှာ “3 Idiots” ဆိုရင် ကျမအကြိုက်ဆုံး ကားလို့ ပြောလို့ရတယ်။ အဲဒီကားလေးကို ပထမဆုံး စကြည့်ဖြစ်တာပဲ။ နောက်ပိုင်း အိန္ဒိယကားတွေကို လေ့လာဖြစ်တယ်။ ဥပမာ- “The Water” ဆိုရင် အမျိုးသမီးတွေ ဖိနှိပ်ခံရတဲ့ကားလေးပေါ့။ အဲလိုမျိုးတွေဆိုရင် ဇာတ်လမ်းက ပျင်းဖို့တော့ ကောင်းတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ Tempo လေးက မြင့်မြင့်သွားတယ်။ အိန္ဒိယက ဒါရိုက်တာတွေကို အရမ်း အားကျတယ်။
မေး။ ။ မခင်စုကြည် လိုမျိုး Directing ကို ဝါသနာပါတဲ့ မိန်းကလေးတွေအများကြီး ရှိတယ်၊ ဒါပေမယ့် မလုပ်ရဲကြဘူး။ အဲဒီအပေါ်ကိုကော ဘယ်လိုအားပေး တိုက်တွန်းစကား ပြောချင်လဲ။
ဖြေ။ ။ မလုပ်ရဲကြဘူးဆိုတာ တဘက်ကကြည့်ရင်လည်း မလုပ်နိုင်တာကြောင့်လည်း ပါမှာပေါ့။ ဥပမာ- ဒါရိုက်တာလုပ်ဖို့ အတွက် ဆိုတာကလည်း တဘက်က Supporting ရှိဦးမှ။ အဓိကက ကင်မရာပိုင်း၊ ကင်မရာတွေကလည်း အခုချိန်မှာ ကျမတို့ နိုင်ငံမှာက ဝယ်ရတာ ခက်သေးတယ်။ ပြောရမယ်ဆိုရင် ဈေးကြီးသေးတယ်။ အဲဒီပိုက်ဆံကို ထုတ်နိုင်ဖို့အတွက် မိန်းကလေးတွေကလည်း ခက်ခဲလိမ့်ဦးမယ်။ ကျမဆိုရင်လည်း အမှန်တိုင်းပြောရင် ကိုယ်တိုင် ကင်မရာ မဝယ်နိုင်သေးဘူး။ အဖေ့ ကင်မရာနဲ့ ရိုက်ရတာ။ အဲဒီလို အစစ အရာရာကြောင့်လည်း ပါမယ်။ နောက်တခုက မိန်းကလေးဆိုတာကလည်း ယောက်ျားလေးတွေလို အလုပ်တခုတည်းကိုပဲ ဦးစားပေးလုပ်လို့မရဘူး။ အိမ်တအိမ်မှာ အဝတ်လျှော်တာ၊ ချက်ပြုတ်တာ၊ ဈေးဝယ်တာ မိန်းကလေးတွေ အကုန်လုပ်ရတယ်။ မလုပ်ရင်လည်း အငြိုငြင်ခံရတယ်။ မိန်းကလေး တယောက်က အဝတ် အစားကိုလည်း သပ်သပ်ရပ်ရပ် ဝတ်ဖို့လည်း လိုအပ်တယ်။ အဲဒီအတွက် အိမ်မှုကိစ္စတွေကအစ လုပ်ရတဲ့အတွက် အခြား သူတို့ ဝါသနာပါရာတွေကို လက်လျှော့သွားတဲ့သူတွေ ရှိတယ်။ ဥပမာ- သတင်းထောက်ဘဝမှာ ဆိုရင်လည်း အိမ်ထောင် ကျပြီးတော့မှ သတင်းထောက် မလုပ်တော့တဲ့ အမျိုးသမီးတွေလည်းရှိတယ်။ အိမ်ထောင်ရေးကို ဦးစားပေးလိုက်တာပေါ့။ အဓိကကတော့ ယောက်ျားနဲ့ မိန်းမသာ တန်းတူအခွင့်အရေးရမယ် ဆိုရင် ယောက်ျားလေးအလုပ်ကိုလည်း မိန်းကလေးက ဝိုင်းကူလုပ်၊ မိန်းကလေး အလုပ်ကိုလည်း ယောက်ျားလေးက ဝိုင်းကူလုပ်၊ မိန်းကလေးချည်းပဲ ဦးဆောင်နေဖို့ မဟုတ်ဘူး။ ဥပမာ- ယောက်ျားလေးက သူစားပြီးတဲ့ ပန်းကန်ကို သူ့ဘာသာသူ ဆေးမယ်ဆိုရင် မိန်းကလေးအတွက် အချိန်ကုန် သက်သာမယ်။ အချိန်ကုန်သက်သာတဲ့ အတွက်ကြောင့် မိန်းကလေးက ဥပမာ – သူ စာရေးဝါသနာပါရင် ငါးမိနစ် ဆိုတဲ့ အချိန်က တန်ဖိုးရှိတယ်။ စာရေးလိုက်ရင် တပုဒ်ပြီးနိုင်တယ်။ အဲဒီလိုမျိုးပေါ့၊ တတ်နိုင်တဲ့ဘက်က ယောက်ျားလေး တွေကနေ ပံ့ပိုးပေးသွားမယ်ဆိုရင် မိန်းကလေးတွေကလည်း သူဝါသနာပါတဲ့လမ်းကို ဖြောင့်ဖြောင့်တန်းတန်း ဆက်လျှောက် နိုင်မှာပါ။
မေး။ ။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ အမျိုးသမီးကဏ္ဍကို အရေးပေးလာတာ တွေ့ရတယ်။ အဲဒါကိုရော မခင်စုကြည် ဘယ်လိုမြင်လဲ။
ဖြေ။ ။ အရေးပေးလာတာက မှန်ပါတယ်။ ဒီလိုပေါ့နော်၊ တချို့သင်တန်းတွေမှာဆိုရင်လည်း မိန်းကလေးတွေကို ဦးစားပေးပြီး တက်ခိုင်းလာကြတယ်။ ဒါပေမယ့် အဓိကကတော့ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ မိန်းမတွေလည်း ပါဝင်ဖို့ပေါ့။ ဥပမာ – ကချင်စစ်အကြောင်း ဆွေးနွေးကြတယ်၊ ငြိမ်းချမ်းရေးအတွက် စာချုပ်တွေ ချုပ်ဆိုကြတယ်။ အဲဒီအချိန်မှာ အမျိုးသမီးတွေဘက်က ခံစားချက်တွေ ဘယ်လိုရှိလဲ၊ စစ်ကြောင့်စစ်ပြေးနေရတဲ့ အမျိုးသမီးတွေ ရှိတယ်။ စစ်ဖြစ်တဲ့ကာလအတွင်းက အကြမ်းဖက်ခံရတဲ့ မိန်းကလေးတွေလည်း ရှိတယ်။ အဲဒီမိန်းကလေးတွေကိုကော သူတို့ဘယ်လို ကာကွယ်ပေးမလဲ။ အဲဒါတွေကျတော့ ကိုယ်တိုင်ခံစားဖူးသူမှ သိမှာ။ အဲဒီတော့ မိန်းကလေးအချင်းချင်း ပါဝင်ဆွေးနွေးနိုင်ဖို့၊ မိန်းကလေးတွေ ဆုံးဖြတ်ချက်ချနိုင်ဖို့၊ အဲလိုနေရာတွေမှာပါ မိန်းကလေးတွေကို ဦးစားပေးဖို့ လိုအပ်သေးတယ်။
မေး။ ။ အခု ကိုယ့်ကိုယ်ကိုယ် ဘယ်အနေထားရှိပြီလို့ သုံးသပ်ထားလဲ။ ဘာတွေထပ်ပြီး လိုအပ်တယ်လို့ ထင်လဲ၊ ဘာတွေထပ်ပြီးတော့ လေ့လာသွားဦးမလဲ။
ဖြေ။ ။ ကျမကတော့ ကိုယ့်ကိုယ်ကိုယ် သင်ယူဆဲလို့ပဲ မှတ်တယ်။ ကိုယ်တိုင်လည်း ပညာတွေ မပြည့်ဝသေးဘူးလို့ သတ်မှတ်တယ်။ ကျမ ဒီ Documentary ကို ကြည့်တယ်။ ကြည့်တဲ့အခါမှာ တရက်ကြည့်တယ်၊ တရက်ပိုပြီးတော့ သင်ထားရတာတွေရှိတဲ့အတွက် ဒီကားလေးက ဘာလိုအပ်ချက်ရှိလာလဲ၊ အဲဒီလို ပိုမြင်လာတယ်။ ကိုယ်ကတော့ ပညာကို ကုန်သည်မရှိဘူး၊ ထပ်ပြီးတော့ လေ့လာရဦးမှာပဲ။ အဲဒီတော့ ကျမကတော့ ဆုရဒါရိုက်တာ ဆိုပေမယ့်လည်း သင်ယူဆဲဒါရိုက်တာ အနေနဲ့ပဲ ကျမ သတ်မှတ်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက ရုပ်ရှင်ပညာက နိုင်ငံတကာနဲ့ယှဉ်ရင် အရမ်းနောက်ကျနေတယ်လို့ ဆိုကြတဲ့ အပေါ် ဘယ်လို မြင်ပါသလဲ။ ဘာတွေပြောင်းလဲဖို့ လိုအပ်မယ်လို့ ထင်လဲ။
ဖြေ။ ။ အမြင်ဆိုတာထက် ကျမအနေနဲ့ အဲဒါကို မြင်ဖို့၊ သုံးသပ်ဖို့ကျတော့ ကျမ အနေထားနဲ့ကတော့ ပြောဖို့ ခက်သေးတယ်။ ကျမ အဓိက သုံးသပ်ချင်တာကတော့ Documentary ၊ Short Film တွေက ဒီနိုင်ငံမှာ ရှားသေးတယ်။ ဒါပေမယ့် ဖြစ်ချင်တဲ့ ဒါရိုက်တာတွေက များတယ်။ သူတို့ ဘာကို စောင့်မျှော်နေရလဲဆိုတော့ သူတို့ ဒီရုပ်ရှင်ပွဲတော် တွေကိုပဲ အားကိုးနေရတယ်။ ရုပ်ရှင်ပွဲတော်တွေကလည်း ဒီနိုင်ငံမှာ ရှားသေးတယ်။ နိုင်ငံခြားကို ထွက်လုပ်ဖို့ ဆိုတာကလည်း ဒီနိုင်ငံမှာ ခက်ခဲသေးတယ်။ အွန်လိုင်း အခက်အခဲတွေကြောင့်ကောပဲ။ အဓိက ကျမ ဖြစ်စေချင်တာ လေးကတော့ Documentary ပဲ ဖြစ်ဖြစ်၊ Short Film ပဲဖြစ်ဖြစ်၊ လူငယ်တွေ ရိုက်ကူးထားတဲ့ ဟာလေးတွေကို ထုတ်လွှင့်ပြသ ပေးနိုင်တဲ့ Channel တခုပေါ့။ ဥပမာ – MTV ဆိုရင် သီချင်းအသစ်တွေ မှန်သမျှ သူတို့ဘက်က တနှစ်ပတ်လုံး လွှင့်ပေးတယ်၊ ဆုလေးတွေ ပေးပေးတယ်၊ ဒါ Channel တခုအနေနဲ့ပေါ့။ အဲဒီလိုမျိုး Documentary ၊ Short Film တွေကို ဝါသနာပါတဲ့ ဒါရိုက်တာတွေက ရိုက်ပြီးတော့ အဲဒီ Channel ကိုပေးပို့မယ်၊ အဲဒီ Channel ကနေ လွှင့်ပေးမယ်။ တခြားပြိုင်ပွဲက ဆုရတဲ့ ဇာတ်ကားလေးတွေ လွှင့်ပေးမယ်၊ နိုင်ငံခြားက ဆုရတဲ့ ဇာတ်ကားလေးတွေ လွှင့်ပေးမယ်ဆိုရင် ဒါရိုက်တာတွေဘက်ကလည်း ပိုပြီးတော့ သင်ကြားရတာလည်း လွယ်မယ်။ ဒါရိုက်တာ အနေနဲ့လည်း ပိုပြီးတော့ လမ်းဆက်လျှောက်ဖို့ လွယ်ကူမယ်။
မေး။ ။ နိုင်ငံတကာက ကျင်းပလာမယ့် ရုပ်ရှင်ပွဲတော်တွေကိုကော သွားပြိုင်ဖို့ အစီစဉ်ရှိမရှိ သိချင်ပါတယ်။
ဖြေ။ ။ ဟုတ်ကဲ့၊ အစီအစဉ်ကတော့ ရှိပါတယ်။ ရုပ်ရှင်ကို ဒီနိုင်ငံမှတင် မဟုတ်ပါဘူး။ ဒါက ကျမတို့ ခံစားခဲ့ရတာတွေကို တကမ္ဘာလုံးကို ချပြသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံရေး အကျဉ်းသားတယောက်ကို ထောင်ချလိုက်တာနဲ့ ဒီနိုင်ငံရေးအကျဉ်းသား တယောက်တည်း မကဘဲ သူ့တမိသားစုလုံး ဒုက္ခရောက်တယ်ဆိုတာကို တနိုင်ငံလုံးအနေနဲ့ သိစေချင်သလို တကမ္ဘာလုံးကိုလည်း သိစေချင်တယ်။ အဲဒီအတွက် ကျမ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြိုင်ဖို့ ကြိုးစားနေပါတယ်။
မေး။ ။ အခုကတည်းက ဘာတွေပြင်ဆင်နေပြီလဲ၊ ဘာတွေပြင်ဆင်ဖို့ လိုအပ်မယ်လို့ထင်လဲ။
ဖြေ။ ။ အဓိက ပြင်ဆင်ရမှာတော့ ကျမတို့ လုပ်ရဲဖို့ပါပဲ။ ဒီကားလေးဆိုရင်လည်း ကျမ ပထမတော့ ဖြစ်မလား၊ မဖြစ်ဘူးလား၊ အောင်မြင်မလား၊ မအောင်မြင်လားလည်း ကျမ မသိဘူး။ ဒါပေမယ့် ကျမ လုပ်ခဲ့ပါတယ်။ အဓိကကတော့ လုပ်ရဲဖို့ပါပဲ။ လုပ်ရဲမယ်ဆိုရင် မဖြစ်ဘူးဆိုတာ မရှိပါဘူး။
မေး။ ။ အနုပညာအပေါ် ညီမရဲ့ ခံယူချက်ကို ပြောပြပေးပါ။
ဖြေ။ ။ အနုပညာအပေါ် ခံယူချက်က အဓိကကတော့ ထောင်ထဲကဆိုလည်း ထောင်ထဲမှာ ခံစားရတာတွေကို ကဗျာတပုဒ်နဲ့ပဲဖြစ်ဖြစ်၊ စာတကြောင်းနဲ့ပဲ ဖြစ်ဖြစ်၊ သီချင်းတပုဒ်နဲ့ပဲ ဖြစ်ဖြစ် ဖော်ကျူးကြတယ်။ ဒါတွေက အရမ်းကို အဓိပ္ပာယ်ရှိတယ်။ ဒီအတိုင်း စကားချည်းပဲ ပြောမယ်ဆိုရင် နားထောင်ချင်မှ နားထောင်မယ်၊ ခံစားမိချင်မှ ခံစားမိမယ်။ “Vaiolenz against Violence” ဇာတ်ကားမှာဆိုရင် ကျမ နောက်ဆုံးမှာ ဖော်ပြခဲ့တဲ့သီချင်းက ထောင်ထဲမှာနေရင်း အသက်သေဆုံးသွားတဲ့ ကျောင်းသားတယောက်အကြောင်း ရေးစပ်ထားတဲ့ သီချင်းပေါ့။ သီချင်းလေးနဲ့ ရေးစပ်တဲ့အတွက် လူတွေလည်း ပိုပြီးတော့ နားထောင် ချင်တယ်။ အနုပညာကို ကျမက ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်ရှင်အနုပညာထဲမှာ ပြန်ပြီးတော့ အသုံးချ လိုက်တယ်။ အဲဒီလို အသုံးချလိုက်တဲ့အတွက် လူတွေက ပိုပြီးတော့ ဒါကိုကြည့်ဖြစ်တယ်၊ ပိုပြီးတော့လည်း ခံစားဖြစ်တယ်။ ကမ္ဘာပေါ်မှာ ထိထိရောက်ရောက်နဲ့ လွှမ်းမိုးနိုင်တဲ့ အနုပညာက ရုပ်ရှင်ပါ။ ရုပ်ရှင် ဆိုတာက ပရိသတ်ကို ပေးချင်တဲ့ Message ကို ထိထိရောက်ရောက်ပေးနိုင်တဲ့အရာလို့ ကျမ ယုံကြည်ပါတယ်။
မေး။ ။ လူငယ်ဘဝကို ညီမရဲ့ ကိုယ်ပိုင်အမြင်နဲ့ အဓိပ္ပာယ်ဖွင့်ပေးပါဆိုရင်။
ဖြေ။ ။ အဓိကကတော့ လူငယ်ဖြစ်တဲ့အတွက် လွတ်လပ်တာကိုပဲ ကြိုက်တယ်။ ကျမကိုယ်တိုင်လည်း အိမ်က ချုပ်ချယ်တာကို မကြိုက်ဘူး၊ လွတ်လပ်တာကို ကြိုက်တယ်။ ကျမ လုပ်ချင်ပြီဆိုရင် လုပ်လိုက်တာပဲ။ ဒီကားကို ရိုက်ချင်တယ်ဆိုရင် ရိုက်လိုက်တာပဲ။ ဒီသင်တန်း တက်ချင်တယ်ဆိုရင် တက်လိုက်တာပဲ။ အိမ်က ခွင့်ပြုချက် ရရ၊ မရရတော့ ကျမလည်း မစဉ်းစားဘူး။ ဒါပေမယ့်လည်း မိဘတွေက ကောင်းစေချင်လို့ ဒါလေးလုပ်ပါဆိုပြီး ဝေဖန် တာတွေရှိတယ်။ မိဘတွေက ပြောပြတယ်၊ ဒီလမ်းကို သွားဖို့အတွက်၊ မှားတဲ့လမ်းကို မလျှောက်ဖို့ ဒါပေမယ့် မိဘတွေကတော့ ကိုယ်တိုင် ဆုံးဖြတ်ချက်မချပေးဘူး။ ဒါကတော့ ကိုယ်ကိုယ်တိုင် လျှောက်မယ့်လမ်း ဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ သင်ပေးထားတယ်။ အဲဒီအတွက်ကြောင့် ကျမတို့ လျှောက်မယ့်လမ်းကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချတာ မှန်ကန်ဖို့ပဲလိုတယ်။ လူငယ်တွေမှာ လွတ်လပ်တယ်ဆိုပေမယ့်လည်း လမ်းမှား မရောက်သွားဖို့ လိုအပ်တယ်။ အဲဒီအတွက်လည်း လူကြီးတွေ ဆုံးမတာကို နားထောင်၊ နားထောင်ပြီးတော့ တကယ်လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီးတော့ လုပ်သင့်တယ်။
မေး။ ။ လူငယ်တွေကို လက်ဆင့်ကမ်းစကားလေး ပြောပြပေးပါဦး။
ဖြေ။ ။ လက်ဆင့်ကမ်းစကားဆိုရင် အခု ဒီနိုင်ငံမှာ လူငယ်ကဏ္ဍက ဖွံ့ဖြိုးလာတယ်။ အဓိကကတော့ လူငယ် တယောက်ဖြစ်တယ်ဆိုပေမယ့် ရိုးသားဖို့လိုတယ်၊ ရဲရင့်ဖို့လိုတယ်။ နောက်တခုကကျတော့ အကယ်၍ ကိုယ်ကလည်း တခြားလူတွေကို ဆက်သွယ်ရမှာဖြစ်တဲ့အတွက် တခြားလူတွေကို လေးစားဖို့လည်း လိုတယ်။ တခြားလူတွေကို ကိုယ်က မလေးစားဘဲနဲ့ ရာထူးကြီးကြီး ယူထားပြီးတော့ အရင် အာဏာရှင်စံနစ် အတိုင်းပဲ “ငါပြောတာလုပ်၊ ငါလုပ်တဲ့အတိုင်း မလုပ်နဲ့” ဆိုပြီး အဲဒီလို လူမျိုး၊ လူငယ်တွေ ရှိနေသရွေ့ကတော့ လူငယ်ကဏ္ဍက ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ဘူး။ အဲဒီတော့ လူငယ်အချင်းချင်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးပါ။ ပွင့်လင်းမြင်သာစွာပဲ လုပ်ဆောင်ပါ။ လူငယ်အချင်းချင်း လေးစားမှု ရှိတယ်ဆိုရင်တော့ ဒီလူငယ်ကဏ္ဍက တိုးတက်လာမှာပါ။
မေး။ ။ ဖြည့်စွက်ပြောစရာ ရှိသေးရင် ပြောပါဦး။
ဖြေ။ ။ ဖြည့်စွက်ပြီး ပြောချင်တာကတော့ ဒီ “Vaiolenz against Violence” ဇာတ်ကားက ကျမရဲ့ ပထမဆုံး Documentary ဖြစ်တယ်၊ Musical Documentary လည်း ဖြစ်တဲ့အတွက် လူတွေမပျင်းရအောင် ကျမ အတတ်နိုင်ဆုံး တင်ပြထားတယ်။ နိုင်ငံရေးအကျဉ်းသား ဘဝတွေရယ်၊ အဖေက Musician တယောက် ဖြစ်ရဲ့သားနဲ့ သားသမီးတွေကို ပြန်မသင်ပေးရဘူးပေါ့၊ အဲဒီဘဝလေးတွေကို ကျမက အဓိက အခြေခံ ရိုက်ပြထားတဲ့အတွက် ဒီကားလေးကိုတော့ လူတိုင်းကို ကြည့်စေချင်ပါတယ်။ ။