အများက လက်ခုပ်တီး ကြိုဆိုခဲ့သည့် မြန်မာနိုင်ငံ တံခါးဖွင့်လာခြင်း ကြောင့် မည်သူက အကျိုးအမြတ် အရှိဆုံး ဖြစ်နေသည် ဆိုသော ကိစ္စနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်စရာ မေးခွန်းများ မြင့်တက် လာခြင်းတွင် အကူအညီ ပေးရေးကဏ္ဍ တခုတည်း မဟုတ်ပါ။
“အာရှ၏ အလားအလာ အကောင်း ဆုံးဈေးကွက်” ဖြစ်သည့် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန် အလုအယက် ဝင်ရောက်လာကြရာ၌လည်း မမြင်ယောင်ပြုကာ ဖုံးကွယ်ထားကြ သည့် ကျင့်ဝတ် ပိုင်းဆိုင်ရာ ပြဿနာ အများအပြား ရှိနေခြင်းပင်။
ထိုကဲ့သို့ အဖြစ်အပျက် တခုကို ဇွန်လ အစောပိုင်းတွင် ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရသည်။ ကနေဒါ အစိုးရက အရှေ့တောင် အာရှတွင် အကြီးဆုံး ဘိန်းဖြူရောင်းဝယ်ဖောက်ကားခြင်း လုပ်ငန်းမှ ရရှိသော အကျိုးအမြတ် ငွေများ ဖြင့် စီးပွားရေး အင်ပါယာ တခုထူထောင်ခဲ့သူ၏ မျိုးဆက်တဦး ဖြစ်သော ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောကို တရားဝင် ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့တခု၏ အဖွဲ့ဝင်အဖြစ်နှင့် ပြည်ဝင်ခွင့် ပြုခဲ့ခြင်းက စိတ် ကသိကအောက် ဖြစ်စရာ အမှားတခု ဖြစ်ဖြစ်သည်။
ထိုကိစ္စ အတွက် မည်သို့ ဖြစ်ခဲ့သည်ကို ဖြေရှင်းရမည့် အစား တာဝန်ရှိသူများက မှားယွင်းခြင်း၏ လေးနက်မှုကို လျှော့ချပစ်ခဲ့ ကြခြင်းက နိုင်ငံခြား အစိုးရ အမြောက်အမြား သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် နားလည်မှု အလွန် အားနည်းကြသည်ကို ပြသနေခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Bryon Wilfert က “Myanmar: The ‘next economic frontier’ for Canadians,” အမည်ရှိ ဆောင်းပါး တပုဒ်တွင် နာမည်ဆိုးနှင့် ကျော် ကြားသည့် ကိုးကန့်-တရုတ် စစ်ဘုရင် လောစစ်ဟန် ၏ သားဖြစ်သူ စတီဗင်လောက Lo Ping Zhong ဆိုသည့် တရုတ် နာမည်ကို အသုံးပြု၍ မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် လိုက်ပါခဲ့ကြောင်း ဧရာဝတီ၏ ဖော်ထုတ်မှုသည် စိုးရိမ် စရာအကြောင်း မဖြစ်သင့်ဟု ရေးသားခဲ့သည်။
“ခရီးစဉ် မတိုင်မီမှာ ကနေဒါ အာဏာပိုင်တွေက တစုံတရာ သတိမထားမိခဲ့တာ သေချာပါတယ်။ ခရီးစဉ် အတွင်းမှာ သူနဲ့ တွေ့ဆုံခဲ့သူတွေ ကလည်း သူနဲ့ စီးပွားရေး မလုပ်ခဲ့ရင် ကနေဒါနိုင်ငံရဲ့ ဥပဒေ ကို ချိုးဖောက်ရာ မရောက်ပါဘူး” ဟု Bryon Wilfert က ကနေဒါ သံတမန်ရေးရာ သတင်းဝက်ဘ် ဆိုက်တခုတွင် ရေးသားခဲ့သည်။
လက်တွေ့တွင်လည်း မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းလုပ်ရန် အလွန် စိတ်အား ထက်သန်နေသည် ဆိုပါက နောက်ကြောင်း မရှင်းသူများနှင့် လက်ဆွဲနှုတ်ဆက်ရန် အလေ့အကျင့် ရှိရပေမည်။
“တာဝန်သိသည့် ရင်းနှီး မြှုပ်နှံမှု” ဖြစ်ရမည်ဟု ကတိပေးခဲ့ပြီး မြန်မာနိုင်ငံတွင်းမှ ဥရောပကုမ္ပဏီများ၏ လုပ်ငန်းများ တိုးတက်လာခြင်း ၏ သက်ရောက်မှုကို ပုံမှန် စောင့်ကြည့်နေခဲ့သော ဥရောပသမဂ္ဂသည်ပင် နာမည်ပျက်ရှိသည့် အဆက်အသွယ်များ နှင့် ကင်းလွတ်အောင် ရှောင်ရှား၍ မဖြစ်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။
တိုးချဲ့လာသည့် ဥရောပသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ကို နေရာပေးရန် အတွက် ဥရောပကော်မရှင်က ရန်ကုန်မြို့ရှိ လှည်းတန်းစင်တာ တွင် ရုံးခန်း ငှားရမ်းခဲ့ရသည်။ လှည်းတန်းစင်တာ၏ ပိုင်ရှင်သည် ဦးထွန်းမြင့်နိုင်နှင့် ၎င်း၏ စင်ကာပူနိုင်ငံသူ ဇနီးသည် Cecilia Ng တို့က ဦးစီးလုပ်ကိုင်နေသည့် ကုမ္ပဏီ လုပ်ငန်းစုကြီးဖြစ်သော Asia World ဖြစ်ပါသည်။
အိမ်နီးချင်းများ
သူ၏ ပိုင်ဆိုင်မှုများသည် တရားမဝင် မူးယစ်ဆေး ကုန်သွယ်မှုနှင့် ဆက်နွှယ်နေသည်ဟု သိကြပြီး အမေရိကန် အစိုးရက နာမည်ပျက် စာရင်းသွင်းထားသည့် စီးပွားရေးသမား တယောက်နှင့် အငှားစာချုပ် လက်မှတ်ရေးထိုး ခြင်းထက် ပို၍ မည်သည့် အချက်က မေးခွန်းထုတ်ချင်စရာ ဖြစ်ပါသနည်း။
မြန်မာနိုင်ငံတွင် သာမန်ပြည်သူများ၏ ဒေါသကို နှိုးဆွသည့် အရာမှာ တိုင်းပြည်၏ အာဏာရှင်ဟောင်းများထဲမှ တယောက်ယောက်နှင့် အဆက်အသွယ် ထူထောင်ခြင်း ဖြစ်ပါသည်။ ဥရောပသမဂ္ဂ သံအမတ်သစ် အတွက် နေအိမ် ရွေးချယ်မှုတွင် ဥရောပ သမဂ္ဂ၏ ဆောင်ရွက်ပုံက ထိုအချက်နှင့် သိသိသာသာ ငြိစွန်း နေခဲ့သည်။
အသစ် ခန့်ထားလိုက်သည့် ဥရောပ သမဂ္ဂသံ အမတ်ကြီး Roland Kobia အတွက် မေခလမ်း (ယခင်က အေဒီလမ်း) အတွင်းရှိ နိုင်ငံတကာ စံချိန်မီ နေအိမ်တအိမ်ကို ငှားရမ်းခဲ့ကြသည်။ ဘယ်လ်ဂျီယမ် လူမျိုး Roland Kobia သည် မြန်မာနိုင်ငံ မရောက်မီက အဇာဘိုင်ဂျန် နိုင်ငံတွင် တာဝန် ထမ်းဆောင်ခဲ့သည်။
သူ့နေအိမ်ဘေးမှ အိမ်မှာ မြန်မာနိုင်ငံတွင် စစ်အာဏာရှင် အုပ်ချုပ်ရေးကို ပထမဆုံး စတင်ခဲ့သည့် ဗိုလ်ချုပ်ကြီး နေဝင်း ၏ အိမ်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ မိသားစုများသည် ယခင်က သီးသန့် နေရာတခုလို ဖြစ်ခဲ့သည့် ထိုနေရာ တဝိုက်တွင် အိမ်ခြံမြေ အမြောက်အမြား ဆက်လက် ပိုင်ဆိုင်ထားဆဲ ဖြစ်ရာ ယခု ဥရောပသမဂ္ဂ သံအမတ် နေထိုင် သည့် နေအိမ်လည်း အပါအဝင်ဖြစ်သည်။
ဥရောပသမဂ္ဂက နေအိမ် အတွက် မည်မျှပေးရသည်ကို ပြောပြရန် ငြင်းဆန်ခဲ့သလို ဗိုလ်ချုပ်ကြီး နေဝင်း၏ မိသားစုဝင်များ ကလည်း ငှားရမ်းခကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် မရှိဟု ပြောကြသည်။
ဧရာဝတီ၏ အွန်လိုင်းဝက်ဘ်ဆိုက်တွင် ကျနော် ရေးသားခဲ့သော ဆောင်းပါးတခု၌ သတင်းရင်းမြစ် တခု၏ ပြောကြားမှု ကို ကိုးကား၍ အဆိုပါနေအိမ် ငှားရမ်းခသည် Unicef ရုံးခန်းနှင့် တန်ဖိုး တူညီနိုင်ပြီး တနှစ်လျှင် အမေရိကန် ဒေါ်လာ ၁ သန်းခန့် ရှိနိုင်သည် ဟု ဖော်ပြခဲ့ပါသည်။
ထိုပမာဏဖော်ပြချက်နှင့် ပတ်သက်၍ ဥရောပ သမဂ္ဂက ပြန်လည်ဖြေရှင်းခြင်း မရှိဘဲ ပြဿနာ ပြီးဆုံးသွားလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ဆက်လက် နှုတ်ဆိတ်နေဖို့ ရွေးချယ်ခဲ့သည်။
မြန်မာနိုင်ငံ၏ သယံဇာတ အရင်းအမြစ်များမှ ငွေကြေး အကျိုးအမြတ်အဖြစ် ရယူနိုင်ရေး မည်သည့် အရာကမျှ ရပ်တန့်နိုင်မည် မဟုတ်သည်မှာ ရှင်းပါသည်။ ဥရောပ သမဂ္ဂ၏ အထောက်အပံ့ ပေါင်စတာလင် ၂ ဒသမ ၇ သန်း ဖြင့် မြန်မာနိုင်ငံတွင် ဥရောပ ကုန်သည်ကြီးများ အသင်း (အလားတူ လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်း ရှိနှင့်ပြီး ဖြစ်သော်လည်း) တည်ထောင်ရန် အဆိုပြုခဲ့ခြင်းက ဥရောပသမဂ္ဂ အတွင်း “မြန်မာရောဂါ”ထနေခြင်းကို ကုစားရန် အားထုတ်မှု သို့မဟုတ် ၎င်းထက် အနည်းငယ်သာ ပိုပါမည်။
ဆက်ဆံရေး နီးစပ်လာသည်နှင့် အမျှ ကုန်သွယ်မှုတွေလည်း ပိုများလာပြီး မြန်မာနိုင်ငံတွင် နက်ရှိုင်းစွာ အမြစ်တွယ် နေသည့် ဆင်းရဲခြင်းနှင့် အခြားနစ်နာ ဆုံးရှုံးမှုများကို ကုစားရန် ရည်ရွယ်ကြောင်း ဖော်ပြသည့် စီမံကိန်းများလည်း ပိုများ လာလိမ့်မည် ဖြစ်သည်။
ဆယ်စုနှစ်ပေါင်း များစွာ ဥပေက္ခာပြုထားခြင်း ခံရပြီးနောက် မြန်မာပြည်သူများ အတွက် အကူအညီများ အမှန်တကယ် လိုအပ်နေပါသည်။ သို့သော် အချို့သော အားထုတ်မှုများသည် နိုင်ငံကို အောက်ဆုံး အခြေအနေသို့ ကာလရှည်ကြာ စွာ ရောက်ရှိစေခဲ့သော၊ ပြုပြင်ပြောင်းလဲရေး၏ အသီးအပွင့်များကို မထိုက်တန်စွာ ရိတ်သိမ်းယူနေသည့် သူများသာလျှင် ပိုမိုကြွယ်ဝသွားနိုင်သော အန္တရာယ်ကို သယ်ဆောင် လာနေခြင်း ဖြစ်တော့သည်။ ။
(အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဧရာဝတီ မဂ္ဂဇင်းတွင် ဖော်ပြထားသည့် အောင်ဇော်၏ Trickle Town ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
ဆက်စပ်ဆောင်းပါး