ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရတပ်တို့ အကြား ဘိန်းစိုက်ပျိုးသည့် ရာသီချိန်ဖြစ်သော ပြီးခဲ့သည့် အောက်တိုဘာလမှ ယခု နိုဝင်ဘာလ အထိ တိုက်ပွဲဖြစ်ပွားမှု ပြန်လည် မြင့်တက်လာကြောင်း သိရသည်။
“ဘိန်းခြံတွေ ပေါက်တဲ့အချိန်မှာ မပေါက်အောင် ကျနော်တို့က လိုက်ပြီး ရှင်းလင်းတယ်။ ဒီလို လိုက်ပြီး စည်းရုံးတယ်။ ဟောတယ်။ သူတို့က လိုက်နှောက်ယှက်တယ်။ လိုက်ဖျက်တယ်။ အဲဒါကြောင့် တိုက်ပွဲ ပိုပြီး များလာတာ။ မူးယစ်ဆေးဝါး လိုက်ဖျက်တဲ့ နေရာဆို တိုက်ပွဲ အများဆုံး ဖြစ်တယ်” ဟု TNLA ဒုဥက္ကဌ (၂) ဗိုလ်မှူးကြီး တာခူလန်းက ဧရာဝတီသို့ ပြောသည်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲထားခြင်း မရှိသည့် TNLA နှင့် အစိုးရတပ်အကြား ပြီးခဲ့သည့် ဇွန်လတွင် တိုက်ပွဲ ၃၃ ကြိမ်၊ ဇူလိုင်လတွင် တိုက်ပွဲ ၃၁ ကြိမ်၊ သြဂုတ်လတွင် တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေး ဒုတာဝန်ခံ တာပန်လက ဆိုသည်။
တိုက်ပွဲများသည် စက်တင်ဘာလတွင် ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လျော့ကျလာခဲ့ကြောင်း၊ အောက်တိုဘာလတွင် ၁၅ ကြိမ်အထိ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး ယခု နိုဝင်ဘာလ ၁ ရက်နှင့် ၄ ရက်တို့တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးက နည်းနည်း အခက်အခဲ ဖြစ်နေတယ်။ အဲဒါကလည်း နည်းနည်းဆက်စပ်မှု ရှိနေသလို ကျနော်တို့ရဲ့ဒေသနဲ့ မြေပြင် အခြေအနေအရ ပြန်ကြည့်မယ်ဆိုရင် ဘိန်းဖျက်နေတာနဲ့လည်း အများကြီး ပတ်သက်မှု ရှိပါတယ်” ဟု တာပန်လက ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိနီ္ဓ၊ ကွတ်ခိုင်၊ မူဆယ်နှင့် နမ့်ခမ်း မြို့နယ်ရှိ အစိုးရ တပ်မ (၁၁)၊ တပ်မ (၅၅)၊ တပ်မ (၈၈)၊ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတပ်ဖွဲများသို့ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက စစ်သည်အင်အား ၁၀၀၀ ကျော် တိုးချဲ့ချထားသည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူကို ဧရာဝတီမှ ဆက်သွယ် မေးမြန်းရာတွင် ၎င်းတို့ ရုံးစိုက်ရာ တောင်ကြီးမြို့သို့ လာရောက် မေးမြန်းမှာသာ ဖြေဆို နိုင်မည် ဖြစ်ကြောင်း ပြန်လည် ပြောဆိုသည်။
TNLA က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်က နိုင်ငံတော် သမ္မတရုံးသို့ စာပေးပို့ခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးဟု သိရသည်။
TNLA နှင့် ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက် ၃ ကြိမ်တိုင် ထပ်မံဆွေးနွေးရန် ကမ်းလှမ်းခဲ့သော်လည်း TNLA ဘက်မှ ကြိုတင်စည်းကမ်း သတ်မှတ်ချက် တချို့ကြောင့် ဆွေးနွေးပွဲ မဖြစ်မြောက်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ က တုံ့ပြန်ပြောဆိုသည်။
နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှ ဒေသခံ ပလောင်တောင်သူ တဦးက “ဒေသခံတွေ အနေနဲ့တော့ ငြိမ်းချမ်းရေးကို မြန်မြန် ဖြစ်စေချင်တာပေါ့။ ဒီသေနတ်သံတွေ ကြားရတယ် ဆိုတာက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ သေနတ်သံ ကြားတာနဲ့ ကိုယ့်ဘက်မှာ လာဖြစ်မလားဆိုပြီး စိုးရိမ်စိတ် များနေတာ။ ငြိမ်းချမ်းရေး မြန်မြန် ဖြစ်ပါစေလို့ပဲ ဆုတောင်း နေရတာပေါ့” ဟု ပြောသည်။
TNLA နှင့် အစိုးရတပ်တို့ အကြား ယခုနှစ် ဇန်နဝါရီလမှ စတင်ပြီး အောက်တိုဘာလ အထိ တိုက်ပွဲပေါင်း ၁၅၀ နီးပါး ဖြစ်ပွားခဲ့ပြီး နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ ကွတ်ခိုင်နှင့် နမ့်ခမ်း မြို့နယ်တို့တွင် တိုက်ပွဲ အများဆုံး ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၃၁ ရက်က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် TNLA တို့ မူဆယ်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီမှု မရရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် TNLA သည် လက်ရှိ အင်အား ၃၀၀၀ ခန့် ရှိပြီး နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ (မိုင်းငေါ့)၊ မိုးမိတ်၊ မိုးကုတ်မြို့နယ်များ၌ တပ်ရင်း ၇ ရင်းဖြင့် လှုပ်ရှားလျက် ရှိသည်ဟု ယင်းဒေသခံများက ပြောသည်။
TNLA သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင် ဖြစ်ပြီး ရှမ်းပြည်တိုးတက်ရေး ပါတီ၊ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့နှင့် ပူးပေါင် ပြီး တပ်ပေါင်းစု အဖြစ် လှုပ်ရှားလျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခုဖြစ်သည်။