မြန်မာအမျိုးသမီး ၁၁ ဦးအပါအဝင် လူကုန်ကူးခံရသူ စုစုပေါင်း ၁၄ ဦးကို တရုတ်ရဲများက ဖော်ထုတ် ကယ်တင်လိုက်ကြောင်း သတင်းရသည်။
ထို လူမှောင်ခိုကူးမှုနှင့် ပတ်သက်၍ သံသယရှိသူ ၃၁ ဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်း ယမန်နေ့ က တရုတ်နိုင်ငံ ဆင်ဝှာ သတင်း တပုဒ်တွင် ဖော်ပြထားသည်။
အဆိုပါ လူမှောင်ခိုဂိုဏ်းဟု ယူဆရသည့် အဖွဲ့ကို တရုတ်နိုင်ငံ မြောက်ပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မွန်ဂိုလီယား ဒေသ(Inner Mongolia)၌ ရဲတပ်ဖွဲ့က ၃ လကြာ စုံစမ်း ထောက်လှမ်းပြီးနောက် သံသယရှိသူများအား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရ သည်။
အသက် ၁၈ နှစ်အောက် လူမှောင်ခိုကူးခံရသည့် မြန်မာအမျိုးသမီး ၅ ဦးကို မြန်မာ ရဲတပ်ဖွဲ့ လက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း လည်း ဆင်ဝှာ သတင်း က ဆိုသည်။
ယင်းအမျိုးသမီးများကို တရုတ်နိုင်ငံအတွင်း အလုပ်လုပ်ခွင့် နှင့် လှည့်လည်ခရီးသွားခွင့်များ ရရှိမည်ဟု မက်လုံးပေး၍ ခေါ်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်ပြည် ကျေးလက်ဒေသများတွင် ဇနီးမယားအဖြစ် ရောင်းစားပါက အမျိုးသမီးတဦးလျှင် တရုတ် ယွမ်ငွေ ၅ သောင်း (ဒေါ်လာ ၈ ထောင်ကျော်) ပေါက်ဈေးရှိကြောင်း သိရသည်။
သားယောက်ျားလေးကိုသာ လိုလားသည့် တရုတ်နိုင်ငံတွင် ကလေးတဦးသာ ယူပိုင်ခွင့်ရှိသည်ဆိုသော မူဝါဒ အကျိူးဆက် အဖြစ် တရုတ်အမျိုးသား မွေးဖွားနှုန်း မြင့်မားလာပြီးနောက် ဇနီးမယား ရှားပါးမှု မညီမမျှ ဖြစ်လာခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ နောက်ဆုံး ကောက်ခံသည့် သန်းခေါင်းစာရင်းအရ မိန်းကလေး မွေးဖွားမှု မြင့်တက်လာသည် ဆိုသော်လည်း မိန်းကလေး ၁၀၀ လျှင် ယောက်ျားလေး မွေးဖွားမှု ၁၁၈ ဦးရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလက တရုတ်နိုင်ငံပိုင် သတင်းမီဒီယာများတွင် တရုတ်ရဲများအနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများမှ သတို့သမီး ရှာပုံတော်လုပ်သည့် အင်တာနက် ဝက်ဘ်ဆိုက်များအား နှိမ်နင်းမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများသည် လူမှောင်ခို ကူးမှုနှင့် ပြည့်တန်ဆာလုပ်ငန်းများကို အဓိက ဖြစ်ပွားစေကြောင်း ရေးသားထားသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ယမန်နှစ်က ထုတ်ပြန်ချက်အရ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အဓမ္မ လုပ်အားပေး ခိုင်း စေမှု၊ လိင်ကိစ္စ လူမှောင်ခိုကူးမှုများ၌ ကမ္ဘာပေါ်တွင် အဆိုးဆုံး နိုင်ငံများ ဖြစ်သည်ဟု သိရှိရသည်။
၂၀၀၅ ခုနှစ်ခန့်ကတည်းက မြန်မာ-တရုတ် ၂ နိုင်ငံ ပူးပေါင်း၍ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို စတင် ဆွေးနွေး လုပ်ဆောင်လာခဲ့ကြရာ ၂၀၀၇ ခုနှစ်တွင် မူဆယ်-ရွှေလီ လူကုန်ကူးမှု တိုက်ဖျက်ရေး နယ်စပ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့သည်။
၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ လူကုန်ကူးမှု အမှုပေါင်း ၁၁၃ မှုကို နှစ်နိုင်ငံ ပူးပေါင်း ဖော်ထုတ်နိုင်ခဲ့ပြီး လူပွဲစား ကျား ၁၃၆ ဦး၊ မ ၂၂၃ ဦး စုစုပေါင်း ၃၅၉ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ လူကုန်ကူးခံရသူပေါင်း ၂၀၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။
ယခင်စာရင်းများအရ ၂၀၁၃ ခုနှစ်အထိ တရုတ်နိုင်ငံဘက်က လူကုန်ကူးခံရသူ မြန်မာအမျိုးသမီး ၁၂၀ ကျော်ကို မြန်မာ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပြီဖြစ်သည်ဟုလည်း ဆိုသည်။