၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီး တရာမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန် မဲဆန္ဒရှင် အမည် စာရင်း မှန်ကန်စွာ ရရှိရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်ကို စံပြအဖြစ် စတင်ပြုစုနေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာထားသည်။
ထိုသို့ မဲဆန္ဒရှင် စာရင်းပြုစုခြင်းကို နိုဝင်ဘာ ၁၃ ရက်ကစတင်ပြီး ဒီဇင်ဘာလကုန်အထိ ပြုစုသွားမည် ဖြစ်ကြောင်းနှင့် ရရှိလာသော စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (နေပြည်တော်) သို့ ပေးပို့သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော် မရှင် အဖွဲ့ဝင်များက ဧရာဝတီသို့ ပြောသည်။
မဲဆန္ဒရှင်စာရင်း မှန်ကန်မှသာ ရွေးကောက်ပွဲတွင် ရရှိသည့် မဲအရေအတွက်များလည်း မှန်ကန်တိကျစေရန် ရည်ရွယ်၍ ကွန်ပျူတာ ဖြင့် စာရင်းသွင်းခြင်း နည်းစနစ်ကို အသုံးပြုကြောင်း၊ ထိုသို့စာရင်းသွင်း အသုံးပြုသည့်စနစ်အား ရွေးကောက်ပွဲနှင့်နိုင်ငံရေး လုပ်ငန်း စဉ်များအား အကူအညီ ပေးနေသည့် အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် အဖွဲ့အစည်း(IFES/ Elections and Political Processes Assistance) မှ ကူညီပံပိုးခြင်း ဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများကို ကွန်ပျူတာ ဆော့ဖ်ဝဲလ်များဖြင့် စာရင်းသွင်းရာတွင် တချို့မြို့နယ်များ၌ တနေ့လျှင် လူဦးရေ ၁၀၀၀ ခန့် စာရင်းသွင်း နိုင်သော်လည်း လျှပ်စစ်မီး ပြတ်တောက်ခြင်း၊ စက်ချွတ်ယွင်းမှုများ ရှိခြင်းတို့ကြောင့် မြို့နယ်တချိူ့တွင် လူဦးရေ ၃၀၀ ခန့်သာ စာရင်းသွင်းနိုင်သည်ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။
“မဲဆန္ဒရှင်စာရင်း လက်ရေးနဲ့ပြုစုတာတော့ အကြောင်းမဟုတ်ဘူး။ အချက်အလက်တွေကို ကွန်ပျူတာထဲ ထည့်နေတာလေ။ မီး မလာရင် ကွန်ပျူတာက ရိုက်လို့မရဘူး”ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဧရာဝတီကို ပြောပြသည်။
ဦးကိုကိုက စာရင်းပြုစုခြင်းနှင့် စာရင်းများ မှန် မမှန် ပြန်လည် စစ်ဆေးရန် အချိန်ရရှိမှု လုံလောက်သော်လည်း လျှပ်စစ်မီးပြတ်ခြင်းကြောင့် စာရင်းသွင်းရာတွင် နှောင့်နှေးမှုများ ရှိသည်ဟုလည်း ပြောဆိုသည်။
မဲဆန္ဒရှင် စာရင်းသွင်းရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သင်တန်းပေးထားသည့် ဝန်ထမ်းများကသာ စာရင်းသွင်း ရခြင်း ဖြစ်ကြောင်း၊ ထိုအဖွဲ့ဝင်များသည် ပါတီများ၌ ပါဝင်ပတ်သက်ခြင်း မရှိသူ၊ ဒေသခံများက ယုံကြည် လက်ခံကြသူများကို ရွေးချယ်ထားခြင်း ဖြစ်သည်ဟု သိရသည်။
ထိုသို့မဲဆန္ဒရှင်စာရင်း ကောက်ယူနေခြင်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက“အင်မတန် အရေးကြီး ပါတယ်၊ ဒီစာရင်းတွေ မမှန်ရင် လူထုရဲ့ ယုံကြည်မှုကို ပျက်ပြားစေမယ်၊ ဒါက နိုင်ငံတော်ရဲ့ ပုံရိပ်ဖြစ်တယ်”ဟု ပြောဆိုသည်။
မဲဆန္ဒရှင်စာရင်း ကောက်ယူရာတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေအရ အသက် ၁၈ နှစ် ပြည့်ပြီးသူများကိုသာ မဲပေးရန် စာရင်း ကောက် ယူနေခြင်း ဖြစ်ပြီး သာသနာ့ ဝန်ထမ်းများ၊ ထောင်ကျ ခံနေရသူများ၊ စိတ်ရောဂါ ရှိသည်ဟု သတ်မှတ် ခံထားရသူများနှင့် လူမွဲအဖြစ် သတ်မှတ်ခံထားရသူများကို စာရင်းသွင်း ကောက်ယူခြင်း မရှိကြောင်း သိရသည်။
ထို့အပြင် အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ တွင် ပါဝင်ပြီး ရပ်ကွက်၊ မြို့နယ်တွင် အမှန်တကယ် နေထိုင်နေသူတို့ကို ဦးစွာလိုက်လံ ကောက်ယူနေခြင်း ဖြစ်ကြောင်း၊ သေဆုံးသွားကြသူများကို စာရင်းပါဝင်ခြင်း မရှိရန် စိစစ် လုပ်ဆောင်နေပြီး ဧည့်စာရင်းဖြင့် နေထိုင် သူများ၊ သန်းခေါင်စာရင်း မရှိသူများကို ရွေးကောက်ပွဲ နီးကပ်လာသည့် အချိန်တွင် ထပ်မံစာရင်း ကောက်ယူသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးရှိ စံပြမြို့နယ် အဖြစ် မဲဆန္ဒရှင်စာရင်း ကောက်ယူနေသော မြို့နယ် ၁၀ ခု မှာ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဆိပ်ကမ်း၊ ဒဂုံ၊ လသာ ၊ ကျောက်တံတား ၊ လမ်းမတော် ၊ ကမာရွတ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များ ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ သတင်းထောက် ဇူးဇူး ပူးပေါင်း ရေးသားသည်။