ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် နမ့်လင်းပါ ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ တပ်မတော် တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
အဆိုပါ တိုက်ပွဲနေရာသည် တရုတ်ပြည်သို့ သစ်မှောင်ခို သယ်သွားသည့်နေရာဖြစ်ပြီး တိုက်ပွဲတွင် အစိုးရ တပ်မတော်မှ ရဟတ် ယာဉ်ဖြင့် ဗုံးကြဲမှုများပြုလုပ်ကြောင်း၊ အနီးရှိ ဒေသခံများသည် ဗုံးကြဲမှုကြောင့် အခြားနေရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း နမ့်လင်းပါ ကျေးရွာမှ ခရစ်ယာန် တရားဟောဆရာ ဦးခါးအောင်က ဧရာဝတီသို့ပြောသည်။
“ဒီနေ့ နေ့လယ် ၁၂ နာရီမှာတကြိမ်၊ အခု ညနေ ၄ နာရီမှာတကြိမ် ရဟတ်ယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ ဒေသခံနဲ့ အိမ်ကိုတော့ မထိပါဘူး။ ကျနော်တို့ အရပ်သားအမြင်နဲ့ ပြောရရင် နမ့်လင်းပါကို သူတို့ တပ်စခန်းနေရာလာယူချင်တဲ့ သဘောပါ။ ကျနော်တို့ ရွာသားတွေကို ခြိမ်းခြောက်တာမကဘူး ရွာသားတွေကို တွေ့ရင်နှိပ်စက်တယ်”ဟု ဦးခါးအောင်က ဆိုသည်။
၂၀၁၃ ခုနှစ်မှစတင်၍ နမ့်လင်းပါ ကျေးရွာတွင် KIA နှင့် တပ်မတော် တို့ကြား တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ အစိုးရတပ်သည် ကျွန်းသစ်များကို ဖမ်းဆီးသည်ဟု နာမည်ခံပြီး စစ်ကြောင်းများ လာရောက် ထိုးကြောင်း၊ နမ့်လင်းပါ ရွာသားများသည် မိုင်ခေါန် နှင့် ဗန်းမော် ဒုက္ခသည်စခန်းများ သို့ ပြောင်းရွှေ့နေထိုင်နေရကြောင်းလည်း သူက ထပ်မံပြောဆိုသည်။
“ကျနော်သိသလောက် အစိုးရက အဲဒီမှာ နေရာလာယူတယ်။ လာယူတဲ့အချိန်မှာ ဒီဘက်ကလည်း နေရာမပေးချင်လို့ ပစ်တယ်။ အစိုးရ စစ်တပ်ဘက်ရော၊ ကချင် တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နဲ့ ဖြစ်တာပါ။ တိုက်ပွဲဖြစ်နေတဲ့ အချိန်တောင် သစ် ခိုး ထုတ်မှုတွေ ထွက်နေသေးတယ်။ သစ်ခိုးထုတ်မှုကတော့ ကားကြီး အစီးရေ တရက်ကို ပျမ်းမျှ အစီး ၂၀၊ အစီး ၃၀ လောက် တရုတ်ပြည်ဘက် သွားတယ်”ဟု နမ့်လင်းပါ ကျေးရွာ ဒေသခံ အမျိုးသားတဦးကလည်း ဧရာဝတီသို့ ပြောသည်။
ယခုလ ၈ ရက်ကလည်း မန်စီမြို့နယ်အတွင်း KIA နှင့်တိုက်ပွဲတွင် အစိုးရ တပ်က လေကြောင်း ပစ်ကူခြင်းများ ပြုလုပ်ခဲ့ပြီး ကချင် တပ်ဖွဲ့၏ ပွိုင့်-၂၄၅ တောင်ကုန်းကိုပါ သိမ်းယူနိုင်ခဲ့ကြောင်း ယခုလ ၉ ရက်နေ့ထုတ် အစိုးရသတင်းစာများ၌ ဖော်ပြထားသည်။
ထို့အပြင် သစ်မှောင်ခိုများအား လိုက်လံဖမ်းဆီးရာ တရုတ်နိုင်ငံသား ၂ ဦး၊ မြန်မာနိုင်ငံသား ၅ ဦးနှင့်အတူ အရှည် ၉ ပေ ရှိသော ကျွန်းသစ်ဆိုဒ်စုံ ၃၁ လုံး၊ ၆ ဘီးယာဉ် ၁ စီး၊ ၁၀ ဘီးယာဉ် ၂ စီးတို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန် ထားသည်။
အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင် ဒေါက်တာ မင်းဇော်ဦးကလည်း“ဒီနေ့မနက်ကတော့ မပြောတတ်ဘူး။ ဟိုတခေါက်ကတော့ ရဟတ်ယာဉ် သုံးပြီးပစ်တယ်ဆိုတာကိုတော့ ကျနော်ကြားတယ်။ ကျနော်တို့ လေ့လာ တွေ့တာကတော့ တိုက်ပွဲတွေဖြစ်ရင် အရင်ဖြစ်တဲ့ နေရာပဲ ဖြစ်တယ်။ ဒါကတော့ နှစ်ဘက်လုံးထိန်းတဲ့ သဘောရှိတယ်။ တခြားကို မပြန့်သွားဘူး”ဟု ဧရာဝတီသို့ ပြောသည်။
KIA နှင့် အစိုးရ တပ်မတော်ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် မကြာမီတွင် နှစ်ဘက် ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း၊ လက်ရှိ တပ်မတော်က ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်နေခြင်းသည် လုံးဝ မဖြစ်သင့်ကြောင်း၊ သစ်ခိုး ထုတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားရသည်ဆိုသည့် အကြောင်းပြချက်သည်လည်း မခိုင်လုံကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင် အဖွဲ့ (PCG) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးစန်းအောင် က ပြောဆိုသည်။
“ကျနော်တို့ နှစ်ဘက် လိုအပ်တာ ညှိနှိုင်းပေးတာပဲရှိတာပါ။ လိုက်နာတာ မလိုက်နာတာကတော့ နှစ်ဘက်ရဲ့ ဆန္ဒပါ။ မဖြစ်ဖို့ကတော့ အမြဲ ညှိနှိုင်းပေးနေတာပေါ့။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။ ရဟတ်ယာဉ်သုံးပြီး ဗုံးကြဲတာကတော့ လုံးဝမဖြစ်သင့်ဘူး။ တနိုင်ငံ လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆိုတာ ပြောနေချိန်မှာ အဲ့ဒီလို မဖြစ်သင့်ဘူး။ သစ်ခိုးထုတ်မှု ဆိုတဲ့ဟာကတော့ မခိုးထုတ်စေချင်ရင် ပိတ်လိုက်ပေါ့။ ဒီ အကြောင်းပြချက်မခိုင်လုံးဘူး”ဟုလည်း ဦးစန်းအောင်က ပြောသည်။
အခုလ ၁ ရက်နေ့မှ ၆ ရက်နေ့ထိ “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA) ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့၌ ပြုလုပ် သော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် လက်ရှိ အစိုးရ တပ်မတော်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်စဲပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာရန် တိုက်တွန်းထားသည်။