ရခိုင်ပြည်နယ်ရှိ အခြေခံ မဲဆန္ဒရှင်များ စာရင်းကို ဇွန်လ ၂၂ ရက်က ထုတ်ပြန်ခဲ့ရာ မဲပေးနိုင်သူဦးရေ စုစုပေါင်း ၁ သန်း ၃ သိန်း ကျော် ရှိကြောင်း သိရသည်။
ယခုထုတ်ပြန်သည့် အခြေခံ မဲစာရင်းတွင် အဖြူရောင်ကတ် ကိုင်ဆောင်သူများ၊ ဒုက္ခသည် စခန်းများတွင် နေထိုင်သူများနှင့် တပ် မတော်သားများ မပါဝင်သေးကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးသူရိန်ထွဋ်က ဧရာဝတီ ကို ပြောသည်။
“တပ်မတော်သားတွေက အပြောင်းအရွှေ့တွေရှိတဲ့ အတွက် မကြေညာသေးတာပါ၊ တခြားဝန်ထမ်းတွေ စာရင်းတော့ သက်ဆိုင်ရာ မြို့နယ်တွေအလိုက် ထုတ်ပြန်ပေးထားပါပြီ”ဟု ၎င်းက ဆိုသည်။
တပ်မတော်သားများနှင့် ဒုက္ခသည် စခန်းများမှ မဲပေးနိုင်သူများ၏ စာရင်းကို ရွေးကောက်ပွဲ ပြုလုပ်မည့်ရက် တရားဝင် ကြေညာပြီး နောက်ပိုင်းမှသာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ပြည်နယ် ကော်မရှင် အဖွဲ့က ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပချိန်က မဲပေးနိုင်သူဦးရေ ၁ သန်း ၇ သိန်းကျော် ရှိခဲ့သည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် အဖြူရောင်ကတ် ကိုင်ဆောင်ထားသူများက မဲပေးပိုင်ခွင့် မရှိတော့သည့်အတွက် မဲပေးနိုင်သူ ဦးရေ လျော့ကျသွားခြင်းဖြစ်ကြောင်း ဦးသူရိန်ထွဋ်က ပြောပြသည်။
ယခုထုတ်ပြန်ထားသည့် မဲစာရင်းသည် အခြေခံ မဲစာရင်းသာဖြစ်ပြီး အပြောင်းအလဲတချို့ ရှိလာနိုင်ကြောင်း၊ နိုင်ငံတဝန်း၌ ယခု ထုတ်ပြန်ထားသည့် မဲဆန္ဒရှင် စာရင်းများသည် အမှားများ ပါဝင်နေသည့်အတွက် ပြန်လည် ပြင်ဆင်ရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားသည်။
ရခိုင်ပြည်နယ် တခုလုံး၌ အဖြူရောင်ကတ် ကိုင်ဆောင်ထားသူများအနက် ပြန်လည်အပ်နှံသူ ၃ သိန်း ၉ သောင်းကျော်ရှိပြီး ၎င်းတို့အား ပြန်လည်အပ်နှံပြီးကြောင်း အထောက်အထားအဖြစ် အစိမ်းရောင်ကတ် ထုတ်ပေးထားကြောင်း သိရသည်။
ထိုအစိမ်းရောင်ကတ် ကိုင်ဆောင်ထားသူများသည် နိုင်ငံသားအဖြစ် လျှောက်ထားနိုင်သည်ဟု ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးမှူး ဦးခင်စိုးက ဧရာဝတီကို ပြောသည်။
နိုင်ငံသား လျှောက်ထားသူများအား နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား စသည်ဖြင့် စိစစ်ထုတ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း နိုင်ငံသား စိစစ်ရေးကတ် ရရှိပြီးသူ ၅၀၀ ကျော် ရှိကြောင်းနှင့် တခြားဒေသများတွင်လည်း နိုင်ငံ သား လျှောက်ထားမှုများကို စိစစ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။