ခရစ္စတိုဖာ ရွန်နီဘာ့ဂ် (Kristoffer Rønne-berg) ၏ Veien til Mandalay: En reise fra Burma til Myanmar စာအုပ်ကို နော်ဝေနိုင်ငံမှာသာ ရရှိနိုင်ခြင်းက ဝမ်းနည်းစရာ ကောင်းပါသည်။ ဖတ်ခွင့်သာ ရနိုင်ခဲ့လျှင် ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင် ဘာတွေ ဖြစ်ခဲ့သည်ကို နားလည်ရန် ကြိုးစားနေကြသည့် အနောက်တိုင်း သားများကြားတွင် မည်သို့သော အတွေ့အကြုံနည်းပါးမှုများ ရှိနေသည်ကို စာဖတ်သူများ ပိုမိုကျယ်ပြန့်စွာ ရှိနေရေးအတွက် အထောက်အကူ ဖြစ်ပေလိမ့်မည်။
စာအုပ်ကို ရေးသားသူ ခရစ္စတိုဖာ ရွန်နီဘာ့ဂ်သည် နော်ဝေ နေ့စဉ် သတင်းစာတစောင် ဖြစ်သည့် Aftenposten မှ သတင်းထောက် တဦး ဖြစ်ပြီး မြန်မာနိုင်ငံမှ ဖြစ်စဉ်အားလုံး၏ နောက်တွင် နော်ဝေနိုင်ငံ ရှိနေသည်ဟု သူက ဆိုသည်။ မြန်မာ အစိုးရက ချမှတ်ခဲ့သော ဒီမိုကရေစီ လမ်းကြောင်း သစ်သည် “ကျနော့် အမြင်မှာတော့ လတ်တလော ကာလတွေမှာ နော်ဝေအစိုးရရဲ့ အထင်ရှားဆုံး အပေါ်လွင်ဆုံး အောင်မြင်မှုပါပဲ” ဟု ခရစ္စတိုဖာ ရွန်နီဘာ့ဂ်က ရေးသားခဲ့သည်။
မျှတစွာ ပြောရလျှင် ခရစ္စတိုဖာ ရွန်နီဘာ့ဂ်၏ “Veien til Mandalay: En reise fra Burma til Myanmar” သို့မဟုတ် “The Road to Man-dalay: A Journey from Burma to Myanmar” စာအုပ်သည် ခရီးသွားစာအုပ် တအုပ်ဖြစ်ပြီး မြန်မာ နိုင်ငံ၏ နေရာအနှံ့အပြားသို့ သူသွားရောက်ခဲ့သည့် ခရီးများက အသက်ဝင်ပြီး စိတ်ဝင်စားစရာ ကောင်း ပါသည်။ သို့သော်လည်း မြန်မာ့နိုင်ငံရေးကို နားလည်ရန် သူအားထုတ်လာသည့် အခါမှာတော့ သူအကျွမ်း မဝင်သည့် နယ်မြေထဲသို့ ရောက်ရှိသွားတော့သည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်းက ပြုလုပ် ခဲ့သည့် လိမ်ညာမှု အတိပြီးသော ရွေးကောက်ပွဲ နောက်ပိုင်းတွင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ရောက်လာခြင်း သည် အနောက်နိုင်ငံများ၏ ထိတွေ့ ဆောင်ရွက်မှု ကြောင့် ဖြစ်သည်ဟု ယုံကြည်ထားသည့် အနောက်တိုင်းသားက ခရစ္စတိုဖာ ရွန်နီဘာ့ဂ် တယောက် တည်း မဟုတ်ပါ။
ဒိန်းမတ်နှင့် ဩစတြေးလျ ကပြား နိုင်ငံတကာ ရေးရာ ပညာရှင် ဒေါက်တာ မော်တင်ပက်ဒါဆင် (Dr. Morten Pedersen) က ဆွီဒင်နိုင်ငံမှ ပညာရှင် အဖွဲ့အစည်းတခု ဖြစ်သည့် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး မူဝါဒ အင်စတီကျု (Institute for Security and Development Policy) နှင့် ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းမှု တခုတွင် “အနောက် နိုင်ငံတွေရဲ့ ပြန်လည် ထိတွေ့ဆက်ဆံမှုက ပြုပြင် ပြောင်းလဲရေးကို ပိုမို နက်ရှိုင်းစေခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ထိတွေ့ ဆက်ဆံမှုက မလုံလောက်သေးပါဘူး။ ပြုပြင်ပြောင်းလဲရေးက စစ်ဘက်ကိုလည်း အကျိုး အမြတ် ရှိစေလိမ့်မယ် ဆိုတာကို ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေ သိအောင်ပြသဖို့ အရေးတကြီး လိုအပ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ဒေါက်တာ မော်တင် ပက်ဒါဆင်နှင့် ခရစ္စတိုဖာ ရွန်နီဘာ့ဂ်တို့၏ အမြင်များက စွာကျယ်ကျယ် နိုင်လှသည့် ကိုလိုနီ လက်သစ် အမြင်တခုကို ဖော်ပြနေခြင်း ဖြစ်သည်။ သူတို့၏ စကားလုံးများက “အဲဒီ အသားညိုညို လူကောင် သေးသေးလေးတွေ ဆီကို ငါတို့သွားပြီးတော့ တိုင်းပြည်တခုကို ဘယ်လို တည်ထောင်ရတယ်ဆိုတာ ပြောပြမှ ဖြစ်မယ်။ ဘာကြောင့်လဲ ဆိုတော့ ငါတို့က ထွားကျိုင်းပြီးတော့ ဉာဏ်ပညာရှိတဲ့ လူဖြူတွေ ဖြစ်တယ်။ ငါတို့ပြောတာ သူတို့ နားထောင်ရမယ်” ဟု ဆိုခြင်းနှင့် မခြားနားလှပါ။
သို့သော်လည်း ထိုသို့ဆိုပါလျှင် အနောက်တိုင်းမှ ထိတွေ့ဆက်ဆံရေးအတွက် အဆိုပြုမှုများ ရရှိသည့် အချိန်တွင် မြန်မာ ဗိုလ်ချုပ်ကြီးများ၏ တုံ့ပြန်မှုကိုလည်း လွယ်ကူစွာ မှန်းဆကြည့် နိုင်ပါသည်။ “ဒီ မျောက်ဖြူတွေက ရယ်စရာ ကောင်းတယ်၊ ဒါပေမယ့် သူတို့က သိပ်ပြီး မပါးနပ်ကြဘူး၊ ဒါကြောင့် သူတို့ကို အသုံးချကြစို့” ဟူ၍ သို့မဟုတ် အလားတူ စကားလုံးများ ဖြစ်ပေလိမ့်မည်။
တရုတ်ကို တန်ပြန်ခြင်း
ခါးသီးသော အမှန်တရားမှာ အနောက်တိုင်းနှင့် ဆက်ဆံရေးကို အောင်မြင်စွာ၊ လိမ်မ္မာပါးနပ်စွာ စီမံခန့်ခွဲခဲ့ကြသည့် မြန်မာ ဗိုလ်ချုပ်ကြီးများ မမှားခဲ့ ကြပါ။ အနောက်တိုင်းနှင့် ပြန်လည် ဆက်ဆံရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဒီမိုကရေစီ နိုးကြားလာရေး အတွက် နိုင်ငံခြားသား တချို့၏ တိုက်တွန်းမှုကြောင့် ပြုလုပ်ခဲ့ခြင်း မဟုတ်ပါ။
ကျနော် မြင်တွေ့ခဲ့ရသည် ၂၀ဝ၄ ခုနှစ် ခန့်မှ စ၍ စုစည်းခဲ့သော မြန်မာစစ်ဘက်မှ အတွင်းရေး စာရွက်စာတမ်းများ အရ တရုတ်နိုင်ငံ အပေါ် မြန်မာ နိုင်ငံက အလွန်အမင်း မှီခိုနေရခြင်းသည် မြန်မာ ဗိုလ်ချုပ်ကြီး များကို အနောက်တိုင်းနှင့် တံခါးဖွင့်ရန် အရေးကြီးကြောင်း သတိပြုမိစေခဲ့သည်ကို တွေ့ရှိပါသည်။ မြန်မာနိုင်ငံနှင့် ဆက်သွယ် ဆောင်ရွက် လိုသော အနောက်တိုင်း ကျောင်းများ၊ ပညာရှင်များ၏ စာရင်းကို ဖော်ပြထားသည့် စာရွက်စာတမ်းတခုလည်း ပါရှိပါ သည်။
အဆိုပါ စာရွက်စာတမ်းများကို စုဆောင်းခဲ့ သည့် အရာရှိများက အနောက်နိုင်ငံများနှင့် ပြန်လည် ချဉ်းကပ် ဆက်ဆံနိုင်ရေး အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများကို ပြန်လွှတ်ပေးခြင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်များ ပိုပေးခြင်း၊ တိုင်းပြည် အတွက် သင့်လျော်သည့် အခြေခံဥပဒေတခုနှင့် စစ်တပ် အသွင် မဆောင်သည့် အစိုးရတရပ် အစရှိသော နိုင်ငံရေး ဆောင်ရွက်မှုများ လိုအပ်လိမ့်မည် ဖြစ်ကြောင်း ကောင်းစွာ နားလည်ခဲ့ကြသည်။ သို့သော်လည်း ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရ တရပ်သို့ အာဏာလွှဲပြောင်းပေးရေး အစီအစဉ်တွင် (ယခုအချိန်အထိ) မည်သည့် အခါမျှ မပါဝင်ခဲ့ပါ။
၂၀၁၁ ခုနှစ် မတ်လတွင် ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားအစိုးရ အာဏာရရှိလာပြီးနောက် တချိန်က အရေးယူ ဒဏ်ခတ်မှုများ ပြုလုပ်ထားခဲ့ သော မြန်မာနိုင်ငံအပေါ် မူဝါဒပြောင်းလဲ၍ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် အမေရိကန် က ဆုံးဖြတ်ရာတွင် တရုတ်နိုင်ငံ၏ ကဏ္ဍကို အရေးပါသော နေရာမှ ထည့်သွင်းစဉ်းစားခဲ့မည် ဆိုခြင်း ကလည်း သေချာသော အကြောင်းတခု ဖြစ်သည်။
နိုင်ငံတကာနှင့် အဆက်အသွယ် ဖြတ်ပြီး တံခါးပိတ် နေခဲ့သည့် အချိန်တွင် မြန်မာနိုင်ငံ အတွက် တရုတ်နိုင်ငံသာ အနီးစပ်ဆုံး မဟာမိတ် ဖြစ်ခဲ့သည်။ တရုတ်အစိုးရ အပေါ် မှီခိုမှု ကြီးမားလွန်းသည့် အတွက် တခါတရံတွင် တရုတ်၏ အစောင့်အရှောက်ခံ နိုင်ငံတခုအဖြစ်ပင် ဖော်ပြခြင်း ခံခဲ့ရသည်။ ယခု အချိန်တွင်တော့ အားလုံး ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် အမေရိကန်က သူတို့၏ ဩဇာကို တရုတ်၏ လောင်းရိပ်တွင် မည်သို့ ရယူနိုင်ခဲ့သည်ကို အာရှတွင် ပြသနိုင်သည့် နမူနာတခု ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါသည်။
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းသည် ထင်ရသည့် အတိုင်း သို့မဟုတ် အနောက်နိုင်ငံများက ၎င်းကို တုံ့ပြန်သည့် အတိုင်း မည်သည့် အချိန်မှ မဟုတ်ခဲ့ပါ။ ပုံမှန်အားဖြင့် အမေရိကန်၏ မူဝါဒနှင့် ဦးစားပေးမှု များက ၎င်းတို့ မကြာခဏ ပြောဆိုခဲ့သည့် အတိုင်း ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး မျှော်လင့်ချက်နှင့် ဖြစ်သည်။ မည်သူမျှ ပွင့်လင်းစွာ မပြောလိုသော အဓိက ကိစ္စမှာ အာရှ-ပစိဖိတ် ဒေသတွင် တရုတ်၏ ဩဇာမြင့်တက်လာခြင်း ဖြစ်သည်။ အမေရိကန်မှ ဗျူဟာ ပညာရှင်များနှင့် မြန်မာ ဗိုလ်ချုပ်ကြီးများ ထိုနေရာတွင် စိတ်ကူး တူခဲ့ကြသည်။
အဆိုပါ အောင်မြင်မှုကြောင့် ကျေနပ်အားရ သွားသည့် အမေရိကန်က “လွတ်လပ် ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရေး” တောင်းဆိုမှုကို စွန့်လွှတ်၍ ယခုအခါ “ပွင့်လင်း မြင်သာ၍ အားလုံးပါဝင်နိုင်ပြီး ယုံကြည် လက်ခံနိုင် လောက်သော” ရွေးကောက်ပွဲများ ဖြစ်လာရေးကို တောင်းဆိုနေသည်။ ၁၉၈၀ နှောင်းပိုင်း နှစ်များ ကတည်းက လျော့နည်းသွားခဲ့သည့် ပြည်တွင်းစစ်က ယခုအခါ ပြန်လည် မြင့်တက်လာခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိမ်းစောင်း သွားစေမည့် ခလုတ်ကန်သင်းတခု ဖြစ်နေသည်။ လူ့အခွင့်အရေး ချိုး ဖောက်မှုများ အတွက် ဝေဖန်မှုများ မှာလည်း အသံတိုးလာသည်။ သတင်းဆိုးများကို မည်သူမျှ မကြားချင်ကြ။ ဒါတွေက ထိတွေ့ ဆက်ဆံရေး မူဝါဒ အတွက် မကောင်းပါ။
နော်ဝေက ထရိုဂျန်လား
ခရစ္စတိုဖာ ရွန်နီဘာ့ဂ်၏ စာအုပ်တွင် ထုတ်ဖော် တင်ပြနိုင်ခဲ့သည့် စိတ်ဝင်စားစရာ အကြောင်းအရာ အနည်းငယ်မျှထဲမှ တခုကို စာမျက်နှာ ၂၀၆ တွင် တွေ့ရှိရသည်။ နော်ဝေက မြန်မာနိုင်ငံ၏ ဒီမို ကရေစီ လှုပ်ရှားမှုကို ထောက်ခံ ပြောဆိုနေ သည့် နိုင်ငံတခု အဖြစ်မှ ထိတွေ့ဆက်ဆံရေးကို ထောက်ခံသူ အဖြစ်သို့ ပြောင်းလဲသွားခြင်းသည် အမေရိကန်၏ အကြံပေး ဆွေးနွေးမှုကြောင့် ဖြစ်သည်ဟု သူက ဆိုသည်။
ထိုအမြင်က လက်တွေ့ကျသည့် အမြင် ဖြစ်ပါသည်။ အမေရိကန် အနေဖြင့် စစ်အစိုးရနှင့် တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်၍ မရပါ။ ကွန်ဂရက် လွှတ်တော်က ပြဋ္ဌာန်းထားသည့် ဥပဒေများကြောင့် ဖြစ်သည်။ ထို့နည်းတူ အနောက်တိုင်းမှ အင်အားကြီး အဖွဲ့အစည်းတခု ဖြစ်သည့် ဥရောပသမဂ္ဂမှာလည်း အလားတူ မူဝါဒများ ရှိခဲ့သည့် အတွက် မြန်မာ ဗိုလ်ချုပ်ကြီးများနှင့် နွေးထွေးသော ဆက်ဆံရေး ထူထောင်ရန် ကန့်သတ်မှုများ ရှိနေသည်။
သို့သော်လည်း နော်ဝေနိုင်ငံက အနောက်တိုင်း၏ ဆန္ဒများကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးနိုင်မည့် အနေအထားတွင် ရှိနေသည်။ နော်ဝေနိုင်ငံက ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါ။ သို့သော်လည်း အမေရိကန်နှင့် ဥရောပ ကာကွယ်ရေး အရ မဟာမိတ် ပြုထားသည့် မြောက်အတ္တလနိ္တတ် စာချုပ် (NATO) အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။
ထရိုဂျန်မြင်းရုပ် အကြောင်း ပုံပြင်ကို သမိုင်း ပညာရှင်များ အားလုံး သိထားကြပါသည်။ ရှေးဟောင်း ဂရိလူမျိုးများက ထရွိုင်မြို့ အတွင်းသို့ ဝင်ရောက် နိုင်ရန် အတွက် လှည့်ဖြားခဲ့သော ပရိယာယ်တခု ဖြစ်သည်။ မြန်မာနိုင်ငံအရေးတွင် ကျနော်တို့ ထရိုဂျန် သမင်ရုပ်တခုကို မြင်ခဲ့ကြရသည်။ EU အဖွဲ့ဝင် မဟုတ်သည့် နေတိုးအဖွဲ့ဝင် နော်ဝေနိုင်ငံက အမေရိကန် နိုင်ငံ အတွက် ကြားခံပွဲစား အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ တခြားသော အနောက်နိုင်ငံများ၏ ဗျူဟာမြောက် အကျိုးစီးပွား အတွက်လည်း ဖြစ်နိုင်ပါသည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ အတွေ့အကြုံ များသော လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးက “၂၀၁၁ ခုနှစ်မှာ နော်ဝေနိုင်ငံရဲ့ မူဝါဒက အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကို အလေးပေးဖို့၊ ပြည်ပရောက် အတိုက်အခံတွေနဲ့ လမ်းခွဲ ဖို့နဲ့ ကူညီတဲ့ နေရာမှာလည်း နိုင်ငံရေး မဟုတ်တဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးသင့်တယ် ဆိုပြီးတော့ ပြောင်းသွားခဲ့ပြီ။ ဦးသိန်းစိန် ကလည်း နော်ဝေ အကျိုးစီးပွား အတွက် ဆိုင်းဘုတ် ကိုင်ပေးရတဲ့သူ တယောက် ဖြစ်လာပြီးတော့ အမြတ်အစွန်း အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဒီမိုကရေစီ အတိုက်အခံတွေ အပေါ် သစ္စာဖောက်မှုတွေ ဖြစ်လာတယ်” ဟု ပြောသည်။
အပေးအယူများ
လက်တွေ့တွင်လည်း နော်ဝေနိုင်ငံ အနေဖြင့် သူ၏ မူဝါဒများ အတွက် ၎င်းတယ်လီဖုန်းကုမ္ပဏီ Telenor အတွက် အကျိုးအမြတ် များပြားသည့် ကန်ထရိုက်တခု ပြန်လည် ရရှိခဲ့သည်။ နော်ဝေနိုင်ငံ၏ မူဝါဒသစ်များ အကောင်အထည် ဖော်ရာတွင် အရေးပါသည့် နေရာမှ ပါဝင်ခဲ့သူ ဘန်ကောက်မှ နော်ဝေ သံအမတ်ကြီး Katja Norgaard လည်း နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနမှ Telenor သို့ အဆင့်မြင့်ရာထူး တခုဖြင့် ပြောင်းရွှေ့သွားခဲ့သည်။
ပထဝီသဘော အရ အချက်အချာကျမှုကို စဉ်းစားခြင်းနှင့် အတူ အကျိုးအမြတ် အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ “တကယ်လို့ ကျနော်တို့က ဒါကို မလုပ်ဘူး ဆိုရင် တရုတ်က လုပ်သွားမှာပေါ့” ဟု နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိတချို့က ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ တချို့ကို ပုဂ္ဂိုလ်ရေး အရ ပြောခဲ့ ကြသည်။ မြန်မာနိုင်ငံက နော်ဝေနိုင်ငံ အတွက် နိုင်ငံခြားရေးရာ မူဝါဒ အောင်မြင်မှုတခု ဖြစ်သည် ဆိုသော နေရာမှာ တော့ ခရစ္စတိုဖာ ရွန်နီဘာ့ဂ်၏ အယူအဆ မှန်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံတခု အဖြစ် ပြောင်းလဲနိုင်ခဲ့သည် ဆိုခြင်းကတော့ မဟုတ်ပါ။
တချိန်တည်းမှာပင် နော်ဝေနိုင်ငံ၏ မူဝါဒအသစ် များက မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေး ကိစ္စများ အတွက်သာ ဖြစ်ပြီး ဒီမိုကရေစီ ပြောင်းလဲရေးကို ထောက်ခံသူ အဖြစ် မမြင်တွေ့ရတော့ပေ။ ထို့ပြင် နော်ဝေနိုင်ငံသာမက ဒေါက်တာ မော်တင် ပက်ဒါဆင် ကဲ့သို့ လှည့်ဖြားခံရသည့် ပညာရှင်များ၏ ခေတ်သစ် ကိုလိုနီနှင့် အကျိုးအမြတ် မျှော်သည့် အယူအဆများက မြန်မာနိုင်ငံ၏ အမှန်တကယ် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် အနည်းငယ်မျှ သို့မဟုတ် လုံးဝ လွှမ်းမိုးနိုင်မည် မဟုတ်သည်ကိုလည်း သက်သေပြနေသည်။
စစ်တပ်မှာ ၎င်း၏ အစီအစဉ် ရှိသည်။ သူတို့ ၏ နိုင်ငံရေး လုပ်ငန်းစဉ်က ရပ်တန့်ခဲ့ခြင်း မရှိပါ။ အနောက်တိုင်းမှ တချို့သော စောင့်ကြည့်လေ့လာ သူများက မကြာသေးခင်က ကျောင်းသားများ ဦးဆောင်သည့် လှုပ်ရှားမှုများ ကို ဖိနှိပ် အရေးယူခဲ့ခြင်းကို ထောက်ပြလိုကြ သော်လည်း ထိုထက်ပို၍ မတတ်နိုင်ခဲ့ကြပါ။ စစ်ဗိုလ်ချုပ်များ အောင်မြင်ခဲ့ကြ သည်။ အနောက်နိုင်ငံများက ၎င်းတို့ဘက်တွင် ရှိနေပြီး တရုတ်နိုင်ငံအပေါ် မှီခိုမှုကို လျှော့ချ နိုင်ခဲ့ကြသည်။ ပို၍ အရေးအကြီးဆုံး အချက်မှာ သူတို့တွင် အာဏာရှိနေဆဲ ဖြစ်သည်။
အကယ်၍ မြန်မာနိုင်ငံက နည်းလမ်းမှန်ကန်သည့် ဒီမိုကရေစီ စနစ်တခု ဖြစ်လာရန် သွားနေသည်ဆိုလျှင် မြန်မာ ပြည်သူတို့၏ ကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့်သာ ဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံမှ အာဏာ လက်ကိုင်ရှိသူများ အပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုကို အလွန်အကျွံ ယုံကြည် နေကြသည့် နော်ဝေ သံတမန်များနှင့် အနောက်တိုင်း ပညာရှင်များကြောင့် မဟုတ်ပါ။ ပြင်ပမှ အဆိုပါ ပုဂ္ဂိုလ်များမှာ ၎င်းတို့ အနည်းငယ်မျှသာ နားလည် ထားသည့် စစ်တုရင် ကစားပွဲတခုမှ နယ်ရုပ်ကလေး များသာ ဖြစ်ပါသည်။ ။
(၂၀၁၅ ခုနှစ် ဇွန်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဘာတေးလင့်တနာ(Bertil Lintner) ၏ How the West Was Won ဆောင်းပါးကို ဘာသာပြန်ဆိုသည်။ ဘာတေးလင့်တနာသည် အာရှနှင့် မြန်မာပြည် အကြောင်း စာအုပ်များ ရေးသားထုတ်ဝေခဲ့ပြီး၊ ယခုအခါ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေထိုင်လျက်ရှိသည်။ Kristoffer Rønneberg ၏ “Veien til Mandalay: En reise fra Burma til Myanmar” စာအုပ်ကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ Dreyers Forlag စာအုပ်တိုက်က ထုတ်ဝေ ဖြန့်ချိခဲ့သည်။)