အမေရိကန်ပြည်ထောင်စုက စာရေးသူလုပ်ခဲ့တဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းမှာ နေ့စဉ် လုပ်ငန်းမစတင်မီ အလုပ်သမားတွေကို ခေါ်ယူပြီး တနေ့တာ လုပ်ငန်းတွေကို မန်နေဂျာနဲ့ ဆူပါဗိုက်ဇာတွေက ရှင်းပြလေ့ရှိပါတယ်။ ကုန်သိုလှောင်ရုံ လုပ်ငန်းဖြစ်တာကြောင့် စက်ပစ္စည်း ယန္တရားတွေကြားမှာ အလုပ်သမားတွေ အလုပ်လုပ် နေကြရတဲ့အတွက် လုံခြုံစိတ်ချမှု အမြဲရှိအောင် စီမံခန့်ခွဲတဲ့အဖွဲ့က နေ့စဉ်သတိပေး မှာကြားပါတယ်။
အဲဒီအထဲကနေ မှတ်မိနေတဲ့ အထွေထွေမန်နေဂျာ တယောက်ရဲ့ မှတ်ချက်စကားကို သိပ်ကိုသဘောကျခဲ့မိတယ်။ “ကျနော့်ရဲ့တာဝန်က ခင်ဗျားတို့အိမ်က ထွက်လာခဲ့တဲ့အတိုင်း အိမ်ကိုပြန်ရောက်နိုင်အောင် ကြပ်မတ်ဖို့ပါ။ အလုပ် လာတုန်းက ပါလာခဲ့တဲ့ ခင်ဗျားတို့ခန္ဓာကိုယ်က အစိတ်အပိုင်းတွေကို ခင်ဗျားတို့ မိသားစုတွေဆီ ပြန်တဲ့အခါ မူရင်းအတိုင်း ပြန်ယူသွားနိုင်ဖို့ ကျနော့်မှာ တာဝန်ရှိပါတယ်။ လူ့အသက်ထက် အရေးကြီးတာ လောကကြီးမှာ ဘာမှမရှိပါဘူး။ လုပ်ငန်းခွင်မှာ လုံခြုံစိတ်ချရမှုရှိအောင် နာရီတိုင်း စက္ကန့်တိုင်းမပြတ် အထူးသတိပြုပါ”
စားဝတ်နေရေးအတွက် လူတွေအလုပ်လုပ်ကြရပေမယ့် တချို့လုပ်သားတွေဟာ အသက်အန္တရာယ်နဲ့ နီးတဲ့အလုပ်တွေကို လုပ်ကြရပါတယ်။ ဥပမာအားဖြင့် ဆောက်လုပ်ရေးလုပ်သားတွေ၊ လျှပ်စစ်အလုပ်သမားတွေဟာ သတိတချက်လွတ်ရုံနဲ့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ကြဖွယ်ရှိပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ် ဇွန်လ၂၀ ရက်နေ့ မန္တလေးမြို့ ချမ်းမြသာစည်ရပ်ကွက်က ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်း တခုမှာ ငြမ်းပြိုကျတာကြောင့် အလုပ်သမား ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးသေဆုံးခဲ့ပါတယ်။ ဉာဏ်မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေတဲ့ စီမံကိန်းငြမ်းပြိုကျမှုမှာ ပိတ်မိနေတဲ့ အလုပ်သမား ကိုဆန်းမြင့်အောင်ဟာ ခြေနှစ်ဖက်စလုံး ဖြတ်တောက်ခဲ့ရပြီးတော့ ညာဘက်လက်ကျိုးကာ အပြင်းအထန် ဒဏ်ရာနဲ့ ဆေးကုသမှုခံယူခဲ့ရပါတယ်။ သူဟာ အသက်၁၉ နှစ်၊ အရွယ်ကောင်းတုန်းမှာ ကိုယ်အင်္ဂါဆုံးရှုံးမှုနဲ့ ရင်ဆိုင်ခဲ့ရသူပါ။
ဇွန်လ ၂၀ ရက်နေ့ နေ့လယ်ခင်းမှာ မင်္ဂလာ-မန္တလေး စီမံကိန်း ဧရိယာတွင်းက Pullman ဟိုတယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ အမိုးပေါ်မှာ ရေကူးကန် တည်ဆောက်ဖို့ ကွန်ကရစ်လောင်းနေစဉ်မှာ ငြမ်းဆင်ထားတဲ့ သံပိုက်တွေ ကွေးညွှတ်ပြီး ပြိုလဲကျခဲ့ရတယ်လို့ ဧရာဝတီသတင်းမှာ ဖော်ပြခဲ့ပါတယ်။
လူ့အသက်သေဆုံးရတဲ့အထိ ဖြစ်ခဲ့တာကြောင့် လုပ်ငန်းခွင် လုံခြုံစိတ်ချရမှု အားနည်းချက် ကြီးကြီးမားမားရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ သံပိုက်တွေဟာ သေးငယ်လွန်းတာကြောင့် အလေးချိန်ကို ခံနိုင်ရည်မရှိ ဖြစ်ခဲ့ပုံ ရပါတယ်။
ဒီသတင်းဟာ မြန်မာနိုင်ငံအတွင်းက လုပ်ငန်းခွင်တွေမှာ အများပြည်သူလုံခြုံမှု (Public Safety) နဲ့ လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေ လုံခြုံမှု (Employee Safety) ဘယ်လောက် ရှိသလဲဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။
လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတွေဟာ အဓိက အကြောင်းနှစ်ချက်ကြောင့် ဖြစ်ပါတယ်။ အလုပ်သမားရဲ့ ပေါ့ဆမှုနဲ့ အလုပ်ရှင်ရဲ့လုံခြုံစိတ်ချမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း အားနည်းပြီး အထောက်အကူပြု ပစ္စည်းများ လုံလောက်စွာ မပံ့ပိုးမှုတို့ကြောင့်ဖြစ်ပါတယ်။
ခြွင်းချက်အနေနဲ့ သဘာဝဘေးအန္တရာယ်ကြောင့်လည်း လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင်က ပြည်သူတွေ ထိခိုက်သေကြေ ပျက်စီးမှုတွေလည်း ရှိနိုင်ပါတယ်။
အထပ်မြင့်မှာ တက်ပြီး အလုပ်လုပ်တဲ့သူတွေကို ခါးမှာသိုင်းထားတဲ့ ကြိုးမျိုးတွေ ချည်ထားပေးခြင်းအားဖြင့် အမြင့်ပေါ်ကနေ ပြုတ်ကျမယ့် အန္တရာယ်ကို ကာကွယ်လို့ရပါတယ်။ ဒီဖြစ်စဉ်မှာ လူတွေအားလုံးပြုတ်ကျတာကို ကြည့်ခြင်းအားဖြင့် ဆောက်လုပ်ရေးကုမ္ပဏီဟာ အလုပ်သမားတွေအတွက် လုံလောက်တဲ့ ထောက်ပံ့မှုမရှိခဲ့တာကို မြင်နိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လုပ်ငန်းခွင်နဲ့ပတ်ဝန်းကျင်လုံခြုံရေးကို ပုဂ္ဂလိက ကုမ္ပဏီတွေက တာဝန်ယူ ဆောင်ရွက်ရသလို အစိုးရကလည်း OSHA (Occupational Safety and Health Administration) လုပ်ငန်းခွင် ကျန်းမာရေးနဲ့ လုံခြုံ စိတ်ချမှုရှိစေရေး အဖွဲ့က စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းခွင်ဖြစ်အောင် ကြပ်မတ်ပေးကြပါတယ်။
OSHA ရဲ့လုပ်ငန်းတွေထဲမှာ စက်ရုံအလုပ်ရုံ၊ အဆောက်အဦတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ လုံခြုံစိတ်ချရတဲ့ ပြင်ဆင်မှုတွေ ရှိမရှိဆိုတာကို စစ်ဆေးပြီး စီးပွားရေးလုပ်ငန်းတွေ မစတင်ခင်မှာ စိစစ်မှုတွေကို လုပ်ပါတယ်။
ဒါ့အပြင် စီးပွားလုပ်ငန်းတွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုတွေကို ပြုလုပ်ပြီး စည်းကမ်းချက်တွေကို လိုက်နာမှု မရှိတဲ့ ကုမ္ပဏီတွေကို ဒဏ်ငွေရိုက်တာ၊ လုပ်ငန်းကို ရပ်ဆိုင်းစေတာ စတဲ့ ပြစ်ဒဏ်တွေကို ပေးပါတယ်။ လုံခြုံစိတ်ချရမှု ချိုးဖောက်တဲ့ ဖြစ်စဉ်တခုစီအတွက် အနည်းဆုံး ဒဏ်ငွေ ဒေါ်လာ ၇၀၀၀ ချမှတ်ပြီး အသက်အန္တရာယ်ထိခိုက်စေမယ့် ပြစ်ချက်တွေအတွက် ဒေါ်လာ ၇၀၀၀၀ အထိ ဒဏ်တပ်ပါတယ်။
နောက်ပြီး လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတဦး လုံခြုံစိတ်ချမှု အားနည်းချက်ကြောင့် သေဆုံးတယ်ဆိုရင် အသေးစား ကုမ္ပဏီတခုကို ဒေါ်လာ နှစ်သိန်းခွဲ၊ အကြီးစား ကော်ပိုရေးရှင်းတခုကို ဒေါ်လာ ငါးသိန်းအထိ ဒဏ်တပ်ပြီး လုပ်ငန်းခွင်မှာ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူမှုတွေ လုပ်ပါတယ်။ နောက် လုံခြုံစိတ်ချရမှုမရှိတဲ့ အပြုအမူတွေကို တွေ့ရင် သင်တန်းပေးပြီး လုပ်သားတွေကိုယ်တိုင် ကိုယ်တိုင်လုံခြုံစေဖို့ အသိတရားဖြန့်ဖြူးပေးမှုတွေ လုပ်ပါတယ်။
လုပ်ငန်းရှင်တွေ တော်တော်များများကလည်း အလုပ်သမား ဝန်ကြီးဌာနအောက်မှာရှိတဲ့ OSHA အဖွဲ့ကို ကြောက်ကြပြီး သူ့ သတ်မှတ်စံနှုန်းတွေအတိုင်း လိုက်နာဆောင်ရွက်ကြပါတယ်။ အစိုးရဟာ လုပ်သားတွေရဲ့ လုံခြုံစိတ်ချရမှုကို စီးပွားရေး လုပ်ငန်းရှင်တွေလက်ထဲ လုံးလုံး မလွှတ်ထားသင့်ပါဘူး။ လုပ်ငန်းရှင်တွေဟာလည်း အကျိုးအမြတ်အပြင် လုပ်ငန်းခွင်နဲ့ လုပ်ငန်းခွင်ပြင်ပက ပြည်သူတွေ လုံခြုံစိတ်ချမှုကို တာဝန်ယူရပါမယ်။
လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုဆိုတာ ကြီးကြီးမားမား ဖြစ်တာမျိုးလို့ လူတွေ အမှတ်ထားကြပါတယ်။ တကယ်တော့ ရုံးအတွင်းမှာ စက္ကူရှတာ၊ ခဲတံစူးမိတာ၊ စတက်ပလာ လက်ကိုညှပ်မိတာ၊ ရုံးလှေကားမှာ ချော်လဲလို့ ဒူးပြဲတာကစလို့ ခြေကျိုး၊ လက်ကျိုး၊ အသက်ဆုံးရှုံးမှု ဖြစ်တဲ့အထိဟာ လုပ်ငန်းခွင်အတွင်း ထိခိုက်မှု ဖြစ်ပါတယ်။ ကြီးသည် ငယ်သည် မထားဘဲ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိမှု မရှိအောင် မန်နေဂျာတွေနဲ့ ဆူပါဗိုက်ဇာတွေက ကြီးကြပ်ရပါတယ်။
လုပ်ငန်းခွင်မှာ ထိခိုက်မှု ဖြစ်ပွားရင် ကုန်ထုတ်လုပ်အားကို ထိခိုက်စေပါတယ်။ သေဆုံးမှုဖြစ်တယ် ဆိုရင်တော့ လုပ်ဖော်ကိုင်ဖက် အလုပ်သမားတွေအတွက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ကျန်နေခဲ့တာကြောင့် လုပ်ငန်းကို ပုံမှန်ပြန်လည် လည်ပတ်ဖို့ အတော့်ကို အရှိန်ပြန်ယူရတာကြောင့် အလုပ်ရှင်တွေအတွက် ငွွေကြေး ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါတယ်။
လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ သေဆုံးမှုဖြစ်တိုင်း ကာယကံရှင် အလုပ်သမားတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သလို အလုပ်ရှင်အတွက်လည်း ငွေနဲ့ လူသားအရင်းအမြစ် ဆုံးရှုံးမှုတွေ ဖြစ်စေပါတယ်။ လုပ်ငန်းခွင် လုံခြုံစိတ်ချမှုရှိရင် အလုပ်သမားတွေဟာ ခွန်အားပြည့် အလုပ်လုပ်နိုင်မှာဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှုကို ပိုမိုလုပ်ဆောင်နိုင်ပါတယ်။
ထို့အတူပဲ ဘေးမသီရန်မခဘဲ အိမ်ကိုပြန်နိုင်တဲ့ အတွက်ကြောင့် ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်တဲ့ အလုပ်သမားတွေ ဖြစ်လာပါမယ်။
ဆောက်လုပ်ရေး လုပ်သားတွေအတွက်ဆို ထိခိုက်မှုခံနိုင်တဲ့ ဦးထုပ်၊ လက်အိတ်၊ မျက်စိကို အကာအကွယ်ပေးတဲ့ လုံခြုံရေး မျက်မှန်၊ အလေးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ဖိနပ်၊ တဦးနဲ့တဦး လှမ်းမြင်နိုင်စေတဲ့ အလင်းပြန်ပါ အကျႌ၊ တွဲလောင်းချိတ်နိုင်တဲ့ ခါးပတ်နဲ့ အလေးဒဏ်ခံကြိုး စတာတွေဟာ မရှိမဖြစ်လိုအပ်တဲ့ လုံခြုံမှုကို အာမခံနိုင်တဲ့ အထောက်အကူပြု ပစ္စည်းတွေ ဖြစ် ပါတယ်။ ဒီပစ္စည်းတွေကို ကုမ္ပဏီက ထောက်ပံ့ပေးရမှာဖြစ်ပြီး ပျက်ကွက်မှု ရှိတယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနက စစ်ဆေးပြီး အလုပ်ရှင်တွေ လက်တွေ့ အကောင်ထည်ဖော်လာအောင် ဖိအားပေးဖို့ လိုပါမယ်။
ဒေသတွင်း ထိုင်းနဲ့ အာဆီယံနိုင်ငံတွေကို လေ့လာပြီး အများပြည်သူလုံခြုံမှု (Public Safety) နဲ့ လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေလုံခြုံမှု (Employee Safety) ရရှိနိုင်စေရေးကို ပဲ့ကိုင်ပေးနိုင်မယ့် အစိုးရယန္တရားတခု မြန်မာနိုင်ငံမှာ တည်ထောင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ နောက်ထပ် လုပ်သားတွေရဲ့ အသက်တွေ ထပ်မသေစေဖို့၊ ထိခိုက် နာကျင်မှုတွေကို ထပ်မခံစားစေဖို့ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ အားလုံး ပူးပေါင်းလုပ်ကိုင်ကြရပါမယ်။
(စာရေးသူသည် အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်တွင် အခြေချ နေထိုင်လျက်ရှိသည့် မြန်မာစကားပြန် တဦးဖြစ်သည်။)