နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပြီး ယင်းမဲစာရင်းတွင် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီလူမျိုးများ မပါဝင်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်ရှင် ဥက္ကဋ္ဌ ဦးအောင်မြက ပြောသည်။
၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဘင်္ဂါလီများ Whit Card ဖြင့် ဆန္ဒမဲပေးနိုင်ခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲ တွင်မူ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်အရ Whit Card ကိုင်ဆောင်ထားသူ ဘင်္ဂါလီများ အနေ ဖြင့် မဲပေးခွင့် ရရှိတော့မည်မဟုတ်ကြောင်း သိရှိရသည်။
“ကျနော်တို့ အခြေခံ မဲစာရင်းထဲမှာတော့ ဘင်္ဂါလီဒုက္ခသည် စခန်းက လူတွေ မပါဘူး။ တချို့တလေကိုတော့ မြို့နယ် အဆင့်မှာ စာရင်းကောက်ထားတာရှိပါတယ်။ ကျနော်တို့ ဆီကိုတော့ တက်မလာသေးပါဘူး။ နိုင်ငံသားပြုခွင့်ရသူ တွေ တော့ နည်းနည်းရှိတယ်။ အဲဒါမှာလည်း အဆင့်တွေ သတ်မှတ်ထားတာရှိတယ်။ သူတို့ ဘယ်အဆင့်လည်း ဆိုတာက လဝက(လူဝင်မှုကြီးကြပ်ရေး) ပဲ သိမယ် ” ဟု ဦးအောင်မြက ဆိုသည်။
ဘင်္ဂါလီဒုက္ခသည်စခန်းတွင် ရောက်ရှိနေသော ဘင်္ဂလီများသည် စစ်အစိုးရ လက်ထက်က ထုတ်ပေး ခဲ့သည့် တရား ဝင် နိုင်ငံသား လက်မှတ်ကိုင်ဆောင်သူများ ရှိကြောင်း ၊ ယခင် ၂၀၁၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်က မဲပေး ခွင့် ရရှိခဲ့ကြောင်း ၊ လက်ရှိအချိန်တွင် နိုင်ငံ၏ မူဝါဒ အပြောင်းအလဲကြောင့် မဲပေးခွင့် ဆုံးရှုံးရမည့် အခြေအနေ ရှိနေကြောင်း စစ်တွေမြို့ ဘုမေကျေးရွာတွင်နေထိုင်သူ ဘင်္ဂါလီလူမျိုး ဦးအောင်ဝင်းက ဆိုသည်။
“နောက်ဆုံးခြေအနေကတော့ ကျွန်တော်တို့ကမဲပေးပိုင်ခွင့်မရှိဘူး zero ပဲ။ အဖြူအမည်း ဘာမှ မသိရသေးဘူးလေ။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတာက မဲစာရင်းမှာ မပါတဲ့ လူတွေကို ဇူလိုင်လ ၁၇ နေ့ထင်တယ်။ အဲဒီနေ့မှာ တင်ပြရမယ်လို့ပြောတယ်။ ဒါပေမယ့် အဲဒါကလည်း ကျနော်တို့အတွက် ဘာမှလုပ်လို့မရဘူး ” ဟု ဦးအောင်ဝင်းက ပြောသည်။
ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဒေါ်သန်းသန်းနုက “ ဒီကိစ္စက နည်းနည်းရှုပ်ထွေးတယ်။ ရွေးကောက်ပွဲ ၁၁ လပိုင်း ဆိုတော့ လိုတော့လိုပါသေးတယ်။ ခဏတော့ စောင့်ကြည့်လိုက်ပါ။ အရင်တုန်းကလည်း မဲပေးခွင့်ရခဲ့တယ်။ နိုင်ငံသားလည်း ဖြစ်တယ် ဆိုရင်တော့ မဲပေးခွင့်ရလိမ့်မယ်လို့ ထင်တယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် သဲချောင်း ၊ မှန်စီ၊ သက္ကယ်ပြင်၊ သန်တော်လီ ၊ အုန်းတော်ကြီး အပါဝင် ဘင်္ဂါလီ ဒုက္ခ သည် စခန်း ၁၀ ခုရှိပြီး ၎င်းဒုက္ခသည်စခန်းများတွင် ကျောက်ဖြူမြို့နယ်အပါအဝင် တခြားမြို့နယ်များမှ ထွက်ပြေး လာ သော ဘင်္ဂါလီများလည်း နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်တွင် မဲပေးနိုင်သူ လူဦးရေ ၁,၄၁၅,၄၃၆ ဦးရှိကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ထံမှ သိရှိရ သည်။