အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တို့အကြား ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်များ ခွဲဝေယှဉ်ပြိုင်ရေး တွေ့ဆုံဆွေးနွေးလျက် ရှိသော်လည်း ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရသည်။
NLD အနေဖြင့် ၁၉၉၈ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (Committee for Representative People Parliament – CRPP) အဖွဲ့ဝင် တိုင်းရင်းသားပါတီ ခေါင်းဆောင်တချို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း NLD ပါတီ၏ ပြောရေး ဆိုခွင့်သူ ဦးဉာဏ်ဝင်းက ပြောသည်။
CRPP ကို ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အတိုင်း လွှတ်တော် ခေါ်ယူနိုင်ရေး အထောက်အကူပြုရန် ၁၉၉၈ ခုနှစ်တွင် NLD က ဦးဆောင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး SNLD ၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန် ဒီမိုကရေစီပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်အမတ်များ၊ တသီးပုဂ္ဂလ လွှတ်တော်အမတ်များ ပါဝင်သည်။
NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က “SNLD နဲ့ ယေဘုယျအားဖြင့် ညှိနှိုင်းဖို့ကတော့ သဘောတူထားတာ ရှိတယ်။ အဲဒါကတော့ တခုချင်း တခုချင်း စဉ်းစားရမှာပေါ့။ သူတို့က မဲဆန္ဒနယ်ကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းချင်တယ်။ စကားပြောချင်တယ်ဆိုလည်း ဖြစ်တာပဲ။ ပြီးခဲ့တဲ့ရက်ကလည်း သူတို့နဲ့ သွားတွေ့ပြီး ပြောလည်း ပြောပြီးသား။ အန်ကယ်တို့ကတော့ မဲဆန္ဒနယ် ဖြစ်နိုင်သမျှ အများဆုံး ဝင်ပြိုင်သွားမယ်” ဟု ပြောသည်။
NLD က CRPP အဖွဲ့ဝင် တိုင်းရင်းသားပါတီ ဥက္ကဋ္ဌများ၏ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဟု ကမ်းလှမ်းထားသော်လည်း အသေးစိတ် ဆွေးနွေးရခြင်း မရှိသေးကြောင်း SNLD ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဧရာဝတီသို့ ပြောသည်။
ဦးစိုင်းလိတ်က “CRPP မှာ ပါခဲ့ဖူးတဲ့ တိုင်းရင်းသားပါတီတွေကို NLD က လာပြီး ကမ်းလှမ်းထားတယ်။ CRPP အဖွဲ့ဝင် တိုင်းရင်းသားပါတီ ဥက္ကဋ္ဌတွေရဲ့နေရာမှာ သူတို့ဝင်မပြိုင်ဘူးလို့ ပြောတယ်။ အဲဒီ သဘောလောက်ပဲ ရှိတယ်။ ထွေထွေထူးထူး ဘာမှ မရှိပါဘူး” ဟု ပြောသည်။
SNLD အနေဖြင့် ရှမ်းပြည်နယ် မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည့်အပြင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင်လည်း ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အနေဖြင့် ရွေးကောက်ပွဲ ဝင်မဝင်ကို အတိအကျ မဆုံးဖြတ် ရသေးကြောင်း သိရသည်။
SNLD က တနိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒနယ် ၁၆၀ ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။
CRPP တွင် ပါဝင်ခဲ့သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က လက်ရှိတွင် ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပြန်လည် ဖွဲ့စည်းထားပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ခွဲဝေရေးအတွက် NLD ပါတီနှင့် ညှိနှိုင်းသွားရန် အစီအစဉ် မရှိကြောင်း ANP နာယက ဦးအေးသာအောင်က ဧရာဝတီသို့ ပြောကြားထားသည်။
၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် SNLD ပါတီသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် အရေအတွက် ဒုတိယအများဆုံး ရရှိခဲ့သည့် ပါတီဖြစ်ပြီး ၂၀၁၀ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပေ။
(ဧရာဝတီ သတင်းထောက် ထွန်းထွန်း ပူးပေါင်းရေးသားသည်။)