ဒုတိယ ကမ္ဘာစစ် နှစ် ၇၀ ပြည့်တဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဂျပန်အမျိုးသားရေးဝါဒီ အစိုးရက စစ်ရေး ခြေလှမ်းတွေ ကျဲလာတယ်။ ပဋိပက္ခတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီး ငြိမ်းချမ်းရေးရဖို့ နေနေ သာသာ၊ အာရှဒေသမှာ စစ်ရိပ်စစ်ငွေ့တွေ မသမ်းအောင်ဘဲ ဆုတောင်းကြရပါမယ်။
ရှေးရိုးစွဲ ဝန်ကြီးချုပ် ရှင်ဇို အာဘေး အစိုးရက တင်ပြတဲ့ လုံခြုံရေး ဥပဒေကို အောက်လွှတ်တော်က အတည်ပြုလိုက်တာ ဟာ ဥပဒေဖြစ်ဖို့ နောက်တဆင့် သေချာသွားတယ်လို့ ဆိုရပါမယ်။ အထက်လွှတ်တော်မှာလည်း အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ဦးဆောင်တဲ့ မဟာမိတ်တွေပဲ လွှမ်းမိုးထားတာကြောင့် ဥပဒေ ဖြစ်လာဖို့ သေချာသလောက် ရှိပါတယ်။
ဥပဒေ ဖြစ်လာရင်တော့ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ခြေမန်းကွင်း အစွပ်ခံထားရတဲ့ ဂျပန် စစ်တပ် လွတ်မြောက် သွားပါ လိမ့်မယ်။ တကယ်တော့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမတိုင်ခင် အရင်ခေါင်းဆောင်တွေ လက်ထက်ကတည်းက လုံခြုံရေး ဥ ပဒေကို အခုအတိုင်းပဲ ပြောင်းလဲချင်ခဲ့တာပါ။ ဒါပေမယ့် လွတ်လပ်တဲ့ပညာရှင်တွေက ဒီလို ပြောင်းလဲဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မကိုက်ညီဘူးလို့ သုံးသပ်ခဲ့ကြတယ်။
အခုတခေါက်မှာ စိတ်ဝင်စားစရာ ဂျပန်စစ်တပ်ကို ခြေချုပ်ချတဲ့ ဖွဲ့စည်းပုံကို ရေးပေးခဲ့တဲ့ အမေရိကန် အစိုးရကိုယ်တိုင်က အပြောင်းအလဲကို တွန်းအားပေးနေတာပါ၊ ဧပြီလမှာ ဂျပန် ဝန်ကြီးချုပ် အာဘေးရဲ့အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ ကြေညာခဲ့တဲ့ အမေရိကန်နဲ့ ဂျပန် လုံခြုံရေးဆိုင်ရာ မူဘောင်သစ်ရဲ့ လိုရင်းကတော့ ဂျပန် အစိုးရအနေနဲ့ အပြန်အလှန် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုမှာ ပိုပြီး တာဝန်ယူဖို့ တောင်းဆိုထားပါတယ်။
အမေရိကန် အစိုးရကို ကတိပေးခဲ့တဲ့ အတိုင်းပဲ ဂျပန် အစိုးရက လုံခြုံရေး ဥပဒေကို အတည်ပြုဖို့ အပူတပြင်း ကြိုးစား နေတဲ့အချိန်မှာတော့ လွှတ်တော်အတွင်းမှာရော၊ လမ်းမတွေပေါ်မှာပါ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ကြုံရပါတယ်။ အမေရိကန်က ဂျပန်ကို နိုင်ငံတကာ စစ်ပွဲတွေထဲကို ဆွဲခေါ်သွားတော့မလား ဆိုပြီး စိုးရိမ်ပူပန်ကြပါတယ်။ တရုတ်၊ မြောက်ကိုရီးယား၊ အီရတ်၊ အီရန်၊ အာဖဂန်စ္စတန်၊ ရုရှား၊ တခြားဒေသတွေ အရေးနဲ့ ပတ်သက်လို့ စစ်ရေးကိစ္စပေါ်တိုင်း အမေရိကန်ရဲ့နောက်မှာ ဂျပန်က တကောက်ကောက်လိုက်ရမှာကို စိုးရိမ်ကြပါတယ်။
ဂျပန်ဘက်က ကြည့်ရင် ဒေသတွင်းမှာ တရုတ်ရဲ့ အန္တရာယ်မရှိ မဟုတ်၊ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဂျပန် အစိုးရက နောက်ဆုံး ထုတ်ပြန်ထားတဲ့ နှစ်ပတ်လည် လုံခြုံရေး အစီရင်ခံစာမှာ (တချို့အချက်တွေ ချဲ့ကားထားတယ်ပဲ ပြောပြော) တချို့ကိစ္စတွေဟာ တကယ့် အရှိတရားတွေပါပဲ။
တရုတ်ဟာ သယံဇာတ ပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်ပြင်မှာ အပိုင်စီးဖို့ ကြိုးစားနေ ရုံမက၊ စစ်ရေး လှုပ်ရှားမှုတွေအတွက် ရည်ရွယ်တဲ့ ခြေလှမ်းတွေကိုပါ ပြင်နေပါတယ်။ ဒါဟာ ဂျပန် နိုင်ငံရဲ့လုံခြုံရေးနဲ့ ရေကြောင်းသွားလာရေးအတွက် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ဂျပန်က ယူဆတာ သဘာဝကျပါတယ်။
ဒါပေမယ့် မေးသင့်တဲ့ မေးခွန်းက ဒေသတွင်းမှာ တရုတ်ရဲ့အန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဂျပန်ဘက်ကလည်း စစ်အင် အား တိုးချဲ့ဖို့ ပြင်ဆင်မယ်ဆိုရင် အခြေအနေတွေကို ဘယ်ကို ဦးတည်သွားမလဲ ဆိုတဲ့ ကိစ္စပါ။ စိုးရိမ်တဲ့ အတိုင်း ဖြစ် လာရင် ဂျပန်၊ တရုတ်နဲ့ အာရှဒေသ တခုလုံးအတွက် အလားအလာ မကောင်းပါဘူး။
ပုံမှန်အခြေအနေမှာ ပြောရင်တော့ ဂျပန်ဟာ ကမ္ဘာမှာ စီးပွားရေး အင်အားအရာမှာ အမေရိကန်နဲ့ တရုတ်ပြီးရင် တတိယ နေရာမှာ ရှိပါတယ်၊ ကမ္ဘာ့ထိပ်တန်း နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာ အရေးအရာတွေမှာ အခုထက် ပိုပြီး ပါဝင်ဖို့ ကြိုးစားတာက သဘာဝကျပါတယ်။
ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၇ မှာ အမေရိကန်က ရေးဆွဲပေးထားတဲ့ ဥပဒေအရ ဂျပန်စစ်တပ်ဟာ ဂျပန် နိုင်ငံကို ခုခံ ကာကွယ်တဲ့ အဆင့်မှာပဲ ဘောင်သတ်ထားပါတယ်။ ဒါကြောင့် စစ်ပြီးခေတ်မှာ အလျင်အမြန် စီးပွားရေး တိုးတက်လာ သလို၊ ခေတ်မီ စစ်တပ်ဟာ မိမိ မဟာမိတ် နိုင်ငံတွေက အန္တရာယ် ကျရောက်တဲ့ အခြေအနေမျိုးမှာတောင် လက်ပိုက် ကြည့်နေရမယ့် သဘောမျိုးဖြစ်ပါတယ်။ ဘယ်နိုင်ငံမဆို ရရှိတဲ့ လွတ်လပ်ခွင့်ကို ဂျပန်က ဆုံးရှုံးနေတယ်ဆိုတာလည်း အမှန်ပါပဲ။
ဒါကြောင့် ဝန်ကြီးချုပ် အာဘေးရဲ့ ဆင်ခြေက ဂျပန်ဟာလည်း တခြား နိုင်ငံတွေနည်းတူ အခွင့်အရေးမျိုးရဖို့အတွက် ဖွဲ့စည်းပုံကို ခေတ်မီအောင် ပြင်ဆင်မယ်လို့ ဆိုပါတယ်။ မနှစ်တုန်းက ဂျပန် ဝန်ကြီးချုပ်က စပြောတာက ဂျပန်အနေနဲ့ အမေရိကန် သင်္ဘောတွေ အန္တရာယ် ကျရောက်လာရင် အကာအကွယ်ပေးသွားမယ်။
မြောက်ကိုရီးယားဘက်က မစ်ဇိုင်း ဒုံးကျည်တွေ အမေရိကန်ဘက်ကို လှမ်းပစ်တဲ့အခါ ကာကွယ်ပေးမယ်လို့ ဆိုခဲ့တယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ဂျပန်ရဲ့ အခန်းကဏ္ဍကိုလည်း မြှင့်တင်သွားမယ်လို့ဆိုတယ်။ တရုတ်အင်အားကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့နေရာမှာ ဂျပန်ဟာ အမေရိကန်နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အချက်က ပိုပြီး အရေးကြီးပါတယ်။
ဒီအတွက် ဂျပန်နိုင်ငံ ဖွဲ့စည်းပုံ ပုဒ်မ ၉ ကို ပြင်ဆင်ဖို့ လိုပါတယ်၊ ပုံမှန်လုပ်ငန်းစဉ်အရ ဒီလို ပြောင်းဖို့ ဆိုရင် လွှတ်တော် နှစ်ရပ်စလုံးမှာ သုံးပုံနှစ်ပုံ ထောက်ခံမှု ရရှိပြီးရင် လူထုဆန္ဒခံယူပွဲ လိုအပ်ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် အာဘေးက ဖွဲ့စည်းပုံကို အဓိပ္ပာယ် ပြန်ဖွင့်ဆိုခြင်းဆိုတဲ့ နည်းပရိယာယ်ကို အသုံးပြုပြီး ဥပဒေတွေကိုလည်း နောက်က လိုက်ရေး ဆွဲပါတယ်။ အောက်လွှတ်တော်က အတည်ပြုထားတဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းက ၁၁ ခုရှိပါတယ်။
ဒါကို အောက်လွှတ်တော်က အတည်ပြုပြီး ဖြစ်လို့ အထက်လွှတ်တော်ကလည်း အတည်ပြုလိုက်ရင် ဥပဒေ ဖြစ်လာပါမယ်။ ဖွဲ့စည်းပုံ ပြင်ဆင်တာမဟုတ်လို့ လွှတ်တော်ရဲ့အများစုမဲနဲ့ ဥပဒေတွေ အတည်ဖြစ်လာနိုင်ပြီး လူထုဆန္ဒခံယူပွဲတွေလည်း မလိုအပ်ပါဘူး။
ဖွဲ့စည်းပုံကို မပြင်ပေမယ့်လည်း ဥပဒေတွေ အတည်ဖြစ်လာရင်ပဲ ဂျပန်စစ်တပ် လှုပ်ရှားမှုတွေဟာ ကျန်ခဲ့တဲ့ နှစ် ၇၀ တုန်း က အခြေအနေမျိုးနဲ့ အနှစ်သာအရ လုံး၀ တူတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဂျပန် ပြည်တွင်းက အတိုက်အခံတွေ၊ ဖွဲ့စည်းပုံဆိုင်ရာ ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ နိုဘယ်ဆုရှင်တွေအထိ ကန့်ကွက်ကြပါတယ်။ လူထောင်ပေါင်းများစွာ ကလည်း လမ်းပေါ်ထွက် ဆန္ဒပြကြတယ်။
ဒီလို ကန့်ကွက်ကြတဲ့ အကြောင်းတွေထဲမှာ ဝန်ကြီးချုပ် အာဘေးနဲ့ တိုက်ရိုက်ဆိုင်ပါတယ်။ လက်ယာယိမ်း အမျိုးသားရေး ဝါဒီ ဝန်ကြီးချုပ်အပေါ် သံသယ မကင်းကြတဲ့ ကိစ္စပါပဲ၊ ဝန်ကြီးချုပ် အာဘေးဟာ စစ်အတွင်းက ဂျပန်ရဲ့ အမှားတွေ အ တွက် တကယ်ပဲ ဝမ်းနည်းနောင်တရသူ ဖြစ်ရဲ့လားဆိုတာကို မယုံတဝက် ဖြစ်နေကြတုန်းပါပဲ။
တဖက်မှာ ဇန်နဝါရီလတုန်းက အစိုးရက ကာကွယ်ရေး အသုံးစရိတ်ကို ဂျပန် ယန်းငွေ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ) အသုံးပြု ကတိပြုထားပါတယ်၊ ဒါဟာ သုံးနှစ်ဆက်တိုက် တိုးလိုက်တဲ့ စစ်ရေးအသုံးစရိတ်ဖြစ်ပါတယ်။ ဂျီဒီပီ အချိုးနဲ့ တွက်မယ်ဆိုရင်တော့ ၁ ရာခိုင်နှုန်းပဲ ရှိပါတယ် ဆိုပေမယ့် ငွေပမာဏအရ မသေးပါဘူး။ တိုက်လေယာဉ်တွေ၊ သင်္ဘောတွေ၊ ဒုံးလက်နက်တွေကို ဝယ်နိုင်ပါတယ်။ ၂၀၁၄ ကနေ ၂၀၁၉ အထိ ယန်းငွေ ၂၄ ဒသမ ၇ ထရီလီယံ (ဒေါ်လာ ၂၄၀ ဘီလီယံ) အသုံးပြုဖို့ ရည်မှန်းထားပါတယ်။ ဒီလို အသုံးစရိတ်နဲ့ ဥပဒေသစ်တို့ပေါင်းမိရင် နှစ်ပေါင်း ၇၀ ကြာ စစ်ဝါဒကို စွန့်လွှတ်ထားတဲ့ ဂျပန်နိုင်ငံကို အာဘေးက စစ်ပွဲဆီကို ဦးဆောင်သွားနိုင်လို့ပါပဲ။
ဂျပန်အနေနဲ့ သမိုင်းကို သင်ခန်းစာယူဖို့ တရုတ်က တိုက်တွန်းခဲ့တယ်။ ဒါပေမယ့် တရုတ် ကိုယ်တိုင် ကလည်း ၂၀၁၅ ကာကွယ်ရေး အသုံးစရိတ်ကို ၁၀ ရာခိုင်နှုန်း တိုးထားတယ်။ အမေရိကန်ဒေါ်လာ ၁၄၅ ဘီလီယံ ဝန်းကျင် (တိုင်းပြည် ဂျီဒီပီရဲ့ သုံးရာခိုင်နှုန်း) ရှိလို့ အမေရိကန်ပြီးရင် တရုတ်က ကာကွယ်ရေး အသုံးစရိတ် အမြင့်မားဆုံးနိုင်ငံ ဖြစ်ပါတယ်။
တဖက်မှာလည်း တရုတ်ဟာ ဂျပန်အပေါ် အမုန်းပင် စိုက်ပျိုးနေတဲ့ ကိစ္စ ရှိပါတယ်၊ မကြာသေးခင်ရက်တွေ အတွင်းကပဲ တရုတ်အစိုးရက စစ်ကာလအတွင်း ဂျပန်စစ်တပ်၏ ရက်စက်မှု မှတ်တမ်းများ ဆိုပြီး စာအုပ်တွေ ထုတ်ခဲ့ပါတယ်။
အဓိပ္ပါယ်ကတော့ အရှေ့အာရှဒေသဟာ အရင်ထက် အန္တရာယ် ပိုများလာပါတယ်။ တရုတ်ကို ဂျပန်က ဓန အင်အားချင်း၊ သံတမန် စစ်မျက်နှာ၊ စစ်ရေး အင်အားချင်း ယှဉ်ဖို့ ခြေလှမ်းပြင်နေတာ တွေ့လာရပါတယ်။ အခုနောက်ပိုင်းမှာ အာရှဒေသ က ဒေသတွင်းနိုင်ငံတွေ၊ အထူးသဖြင့် တရုတ်ရဲ့ ရန်သူတော်တွေ ဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နဲ့ သံတမန် ဆက်ဆံရေး အပြင် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း မြှင့်တင်လာတာ တွေ့ရပါတယ်။
လက်ရှိ စူပါပါဝါ အမေရိကားနဲ့ တောက်မယ့်မီးခဲ တရဲရဲ စူပါပါဝါ တရုတ်တို့ ပစိဖိတ်ဒေသမှာ သွေးတိုးစမ်း ကစားပွဲမှာ ဂျပန်ကလည်း ပါဝင်လာမယ့် အရိပ်အယောင်တွေ တွေ့လာရပါတယ်။
ဒါတွေဟာ ကမ္ဘာ့ အာရှဒေသအတွက်ရော၊ ကမ္ဘာကြီးအတွက် အလားအလာ မကောင်းပါဘူး။ သမိုင်းရန်ငြိုးမပြေနိုင်တဲ့ ဂျပန်နဲ့ တရုတ်တို့ နှစ်နိုင်ငံချင်း ဒီ်လို တနွယ်ငင်တစဉ်ပါ ထိပ်တိုက်ရင်ဆိုင်တာထက် နှစ်နိုင်ငံချင်း ဖြေရှင်းတာက နှစ်နိုင်ငံ လုံးအတွက်ရော၊ ဒေသတွင်း တည်ငြိမ်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ပါ ပိုပြီး အကျိုးများစရာ ရှိပါတယ်။
(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)